နေ့စွဲ ။ ။ အောက်တိုဘာ ၁ရက်၊ ၂၀၂၁ ခုနှစ်။
သို့ ။ ။ လောလောဆယ် ရည်းစားမရှိသေးသူများ။
အကြောင်းအရာ ။ ။ ကိုယ့်ရည်းစား မကောင်းကြောင်း။
ကျွန်တော့်နာမည်က Park Chanyeol ၊ ကျွန်တော် ကလေးဘဝတည်းက ကြည့်မရတဲ့ Hyper တစ်ယောက်ရှိဖူးတယ်။ သူက ကျွန်တော်တို့ဘေးအိမ်မှာနေတယ်။
သူ့စာကျက်သံတွေက ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား။ မနက်မိုးလင်းဝေလီဝေလင်းအချိန်ဆို နေတောင်,မထွက်ရသေးဘူး၊ သူကစာထကျက်နေပြီ။
သူတို့အိမ်ရဲ့မျက်နှာစာမှာ သူရဲ့ရွှေရောင်တဖိတ်ဖိတ်တောက်နေတဲ့ ဒိုင်းဆုုဖလားကြီးတွေကို ပြထားတယ်၊ သူတို့အိမ်ရှေ့ကဖြတ်သွားတဲ့သူတွေကတော့ ဒီအိမ်ကကလေးကသိပ်တော်တာလို့ ချီးမွမ်းသွားကြတာပဲ။ 'အလကား ငကြွား'လို့ ကျွန်တော်နှာခေါင်းရှုံ့တော့ အမေလက်ဆစ်က ကျွန်တော့်ခေါင်းပေါ်ဒေါက်ခနဲ။
ကျွန်တော့်အိမ်မှာတော့ ဆုတွေမရှိဘူး၊ ကစားစရာတွေပဲ ရှိတယ်၊ စာအုပ်တွေဆို တောင်တစ်အုပ်မြောက်တစ်အုပ် ပြန့်ကြဲနေရော၊ ဘေးအိမ်ကကောင်လေးကို အတုယူ၊ သူ့လိုစာကျက်လို့ ကျွန်တော့်အဖေကတော့ ခဏခဏပြောတယ်၊ စာရေးစားပွဲပေါ်တက်ခုန်ပြီးဆော့လို့ ခုံကျိုးသွားတဲ့အချိန်တည်းက ကျွန်တော့်အဖေက ကျွန်တော့်ကို အလံဖြူပြသွားတယ်၊ နောက်ဘယ်တော့မှ စာကျက်ပါလို့ မပြောတော့ဘူး။
သူ့စာကျက်သံတွေက ကျွန်တော့်အတွက်တော့ အိပ်ရာဝင်တေးတွေလိုပဲ၊ တစ်ခါတလေ သူစာကျက်တာနားထောင်ရင်း ကျွန်တော်ပါအလိုလိုရသွားတာမျိုးလည်းရှိတယ်။ အိမ်ချင်းကပ်ရပ်သာနေတာ သူနဲ့ကျွန်တော် ဟုတ်တိပတ်တိစကားတစ်ခါမှ မပြောဖူးဘူး။
သူအခန်းကပြတင်းပေါက်နဲ့ ကျွန်တော့်အခန်းကပြတင်းပေါက်က မျက်နှာချင်းဆိုင်။တစ်ခါက ရေချိုးခန်းထဲကို သဘက်ယူဖို့မေ့သွားလို့ ဒီတိုင်းပြန်ထွက်အလာ၊ သူကပြတင်းပေါက်နားမှာ ရပ်ပြီးစာကျက်နေတာ၊ နှစ်ယောက်သားအမှတ်အထင် မျက်လုံးချင်းဆုံပြီး အာခေါင်ခြစ်အော်မိကြသေး။ အဲ့တည်းက ပိတ်သွားတဲ့ ပြတင်းပေါက်လေးက ဘယ်သောအခါမှ ပြန်မပွင့်လာတော့။