Unicode
တည်တံ့လှပါသည်ဆိုသည့်ဝမ်ဧကရာဇ်မျက်နှာတော်က ယခုတော့ဖြင့် ဖုံးဖိလို့ပင်မရအောင်ပျော်ရွှင်နေသည် ။ နေ့လည်ကအဖြစ်အပျက်ကို ကျန်းခိုင်ပြန်ပြောပြ၍သူအကြောင်းစုံသဘောပေါက်သွားခဲ့ပြီးပါပြီ ။
အထင်အမြင်လွဲမှားနေသည့်ကျန့်ကို သူရှင်းပြချင်ပေမယ့် ကျန့်က သူ့အခန်းတံခါးကိုသော့ပါခတ်ထားပုံရသည် ။ ဝမ်ရိပေါ် တစ်ခါ နှစ်ခါအော်ခေါ်ကြည့်ပေမယ့် ပြန်ထူးသံရယ်လို့ရှိမလာခဲ့ ။ ဝမ်ရိပေါ် ခပ်ဟဟရယ်မောလိုက်ရင်း စိတ်ကောက်နေသည့်ကျန့်ကိုချော့ဖို့ အဆောင်တစ်ဖက်ကပြတင်းပေါက်ဘက်ကနေဝင်ဖို့ကြိုးစားလိုက်သည် ။
"ကျန့်"
"အမလေး! "
ဖက်ထုပ်လေးလက်ထဲကကစားစရာကိုယူဆော့နေတဲ့ကျန့်က သူရောက်လာမယ်မထင်ထားပုံနှင့် အလန့်တကြားရေရွတ်သည် ။ အလန့်တကြားတုန်တက်သွားသည့်ပုံလေးကြောင့် ဝမ်ရိပေါ်အနားသို့ခပ်တိုးတိုးကပ်သွားလိုက်ရင်း ကိုယ်လုံးသေးသေးလေးတစ်ခုလုံးကိုပွေ့ပိုက်လိုက်တော့ သူ့လက်မောင်းတွေကိုလက်ဖဝါးခပ်သေးသေးတွေနဲ့တဖက်ဖက်ရိုက်ချလာပါတဲ့ချစ်ရသူ ။ ကျန့်အထိမခံတာမြင်လေ သူကတော့ပိုပျော်ရွှင်လေဖြစ်လာရပြီး ဂုတ်သားအိအိလေးကိုအတင်းနမ်းရှိုက်လိုက်မိသည် ။
"ကိုယ့်ကိုသဝန်တိုသွားတာလား"
"ဘယ်သူကတိုလို့လဲ? မဟုတ်တာတွေလျှောက်မပြောပါနဲ့ ဒီမှာဘယ်သူမှသဝန်တိုတဲ့သူရှိမနေပါဘူး"
"ဟုတ်လား ကိုယ်ကတော့အလှလေးတစ်ယောက်ယောက်သဝန်တိုနေတယ်ထင်တာပဲ"
"ကျွန်တော်က ရုပ်ဆိုးတယ်"
"ဟား ဘာလေးလဲကွာ.. ကိုယ်ချစ်လို့ရူးတော့မှာပဲ"
အသည်းတယားယားနဲ့ပွေ့ပိုက်ဝှေ့ယမ်းတော့ အကောက်ကြီးကောက်နေသူက အငြိမ်မနေဘဲကော့လန်ထိုးနေပြန်သည် ။ ဝမ်ရိပေါ်ဘဝမှာ တစ်စုံတစ်ယောက်ကိုမှ ဤမျှလောက်အထိမြတ်နိုးမိသွားမည်မထင်ခဲ့မိတာကြောင့် ကျန့်ဘာလုပ်လုပ်သူ့မျက်လုံးထဲမှာချစ်လို့ပင်မဝနိုင်ပါ ။