" ကျွန်တော်က ခင်ဗျားကို ဒါတွေ စိတ်ပူတာ .. အပြင်လူအပေါ်ဆိုသိပ်ကောင်းတတ်လွန်းလို့ "
ဆောနူက ပြီးသွားသော တိုက်တန်းနစ်ဖလင်၏ စာတန်းထိုးကိုကြည့်ရင်း ဂျုံဆောင်းကို ဆူပုတ်ပုတ်ပြောလာသည် ။ ချစ်သူနှစ်ဦးရဲ့ ပိတ်ရက်ကို အသစ်စက်စက်ဖလင်လေးကြည့်ရင်းရုပ်ရှင်ရုံမှာကုန်ဆုံးခဲ့ကြသော်လည်း မပြီးနိုင်ဘဲ ဇာတ်လမ်းထဲကရုန်းမထွက်နိုင်သူက သူ့ရဲ့ တစ်ဦးတည်းသောချစ်ရသူလေးဖြစ်တဲ့ ဆောနူ ။
" ဇာတ်လမ်းနဲ့ကိုယ်က ဘာဆိုင်လို့လဲ ဆောနူရယ် .. မငိုနဲ့တော့နော် တိတ်တော့ "
စာတန်းထိုးပြီး ပရိုဂျက်တာတွင်အနက်ရောင်မျက်နှာပြင်ပေါ်လာသည့်တိုင် ဆောနူက ထိုင်ရာကမထဘဲ တွေးတွေးပြီးငိုနေရှာသည် ။ နာမည်ကျော်တိုက်တန်းနစ်ဇာတ်လမ်းက ရိုမတ်တစ်ဆန်တယ်ဟုသတင်းကြားထားတာကြောင့်ချစ်သူကောင်လေးကို လိုက်ခေါ်ပြခြင်းသက်သက်ပါပဲ ၊ ဒီလိုငိုနေမယ်မှန်းသာသိရင် တခြားဇာတ်လမ်းကိုပြောင်းကြည့်ခဲ့ရမှာ ။
သန့်ရှင်းရေး ဝန်ထမ်းတွေက ရုံအတွင်းသို့အလျှိုလျှိုဝင်လာကြပြီမို့ ဂျုံဆောင်း ဆောနူကို အပြင်သို့ဆွဲခေါ်လာရသည် ။ သူ့လက်ကို ခပ်တင်းတင်းဆွဲထားရင်း တရှုံ့ရှုံ့ငိုနေသော ဆောနူ၏ ပါးနှစ်ဖက်လုံး ရဲနေပြီး မျက်တောင်စိပ်စိပ်တွေမှာမျက်ရည်တွေဝေ့သီနေပြီ ။
" ခင်ဗျားသာ မလွှဲသာလို့ အဲ့လို ... အဲ့လို မတော်တဆသာဖြစ်ရင် ခင်ဗျားက သူများကိုပဲကယ်မှာ .. ခင်ဗျားကိုစိတ်မချတော့ဘူး ကျွန်တော် မနက်ဖြန်သွားမဲ့ခရီးကိုလိုက်ခဲ့မယ် ..မရဘူး ကျွန်တော့်ကိုမခေါ်သွားရင် ခင်ဗျားနဲ့ မတွဲတော့ဘူး ပတ်ဂျုံဆောင်း "
" သတိထားပါဦး ကိုယ့်ဆောနူရယ် ..ကိုယ့်အသက်ပဲ ၃၀ ကျော်နေပြီ ၊ အသက် ၁၅ နှစ်ကတည်းက သင်္ဘောပေါ်မှာကြီးလာတာ .. ကိုယ့်ကိုမယုံရင်တောင် အတွေ့အကြုံကိုတော့ယုံပေးပါကွာ .. နောက်ပြီး ဆောနူက လှိုင်းမူးရင်နေမကောင်းဖြစ်လိမ့်မယ် "
" ကျွန်တော်လိုက်ခဲ့မယ်လို့ပြောပြီးပြီနော် .. မခေါ်ရင် ကျွန်တော်နဲ့ခင်ဗျားနဲ့ အပြတ်ပဲ "