"ကာရန် လိုက်ခဲ့ပါဟာ နော်နော်..မေမေက နင်မပါရင် မသွားရဘူးတဲ့"ပွဲဈေးသွားချင်လို့ မနက်တည်းက နားပူနားဆာလုပ်နေတဲ့ အစ်မလုပ်သူကြောင့် ကျွန်တော် တော်တော်လေး စိတ်ညစ်နေပါပြီ။
"သား မလိုက်ချင်ဘူး မမ.."
ထုံးစံအတိုင်း ကျွန်တော် ခေါင်းလေးခါကာပြောတော့ မမလုပ်သူမျက်နှာက ငိုတော့မတက် မဲ့သွားသည်။မမဆိုတာ ကျွန်တော့်ထက် ခြောက်နှစ်ကြီးတဲ့ အစ်မအရင်း ယမင်းကာရန်ပါ။သို့သော် အစ်မ အရင်းဖြစ်သလောက် ကျွန်တော်နဲ့ မိုးနဲ့ မြေလိုပါပဲ။မမက ချစ်စရာကောင်းပြီး ခပ်သွက်သွက်လေးဖြစ်သော်ငြား၊ ကျွန်တော်က အကောင်ပြလို့တောင် အရိပ်မမြင်တဲ့ ခပ်နုံ့နုံ့
ခပ်အအ တစ်ယောက်။မွေးစားသားလားလို့
မေးခံထားရတဲ့အထိ စိတ်ဆိုးရကောင်းမှန်း နားမလည်တဲ့သူမို့ ကျွန်တော့်ကို အတန်းဖော် သူငယ်ချင်းတွေကခေါ်တယ် ကိုးပြားစေ့ တဲ့လေ။"လိုက်ခဲ့ပါဟာ ငါ နင့်ကို နင်လိုချင်တဲ့ စာအုပ်တွေ အကုန်ဝယ်ပေးမယ် "
စာအုပ်ဆိုတဲ့ အသံလေးကြားလိုက်တာနဲ့ ခပ်ထူထူ မျက်မှန်အဝိုင်းကြီးအောက်က ကျွန်တော့် မျက်ဝန်းတွေ က လက်ခနဲ ဖြစ်သွားသည်။ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်ရေးထားတဲ့ စာအုပ်တွေ အကုန်ဝယ်ခိုင်းရမယ်လို့ တွေးရင်း ခေါင်းလေး တဆတ်ဆတ် ညိတ်ပြလိုက်၏။သို့သော်လည်း အခုက သတင်းကျွတ် ပိတ်ရက်မလို့ ခဏ နားရတာပါ။ကျွန်တော်က ဆယ်တန်းဆိုတော့ အမြဲစာတွေနဲ့ပဲ လုံးပန်းနေရတာ။စာအုပ်လေးတွေက စာမေးပွဲကြီးဖြေပြီးမှ ဖတ်ရုံပေါ့။
"Ok အဲ့တာဆို အဆင်သင့်လုပ်ထား ညနေခြောက်နာရီသွားမယ်"
မမကတော့ ကျေနပ်စွာ ကခုန်ပြီး အခန်းထဲက ပြန်ထွက်သွားလေရဲ့။
.................................
မှန်ထဲက ကိုယ့်ပုံကိုယ်ကြည့်ပြီး ကာရန် မျက်မှောင်လေးကြုတ်နေ၏။ပွဲဈေးလိုက်ရမယ် ဆိုလို့ ပြင်ဆင်နေတာ သုံးနာရီလောက်ကြာပြီ။တခြားကြောင့်မဟုတ်။မမ သူငယ်ချင်းတွေ ပါလာရင် ကိုယ့်ကြောင့် မမကို လှောင်ခံရမှာဆိုးသည်။ရသမျှ မုန့်ဖိုးတွေက ရပ်ကွက်ထဲက ခွေးလေးတွေကို မုန့်ဝယ်ကျွေးတာနဲ့၊စာအုပ်ဖိုးနဲ့တင် ကုန်နေတာမို့ အင်္ကျီတောင် အသစ် မဝယ်နိုင်။နောက်ဆုံးတော့ မရေမတွက်နိုင်အောင် ဝတ်ပြီးပြီဖြစ်တဲ့ စပို့ရှုပ် အဝါလေးကိုသာ ကောက်စွပ်လိုက်သည်။ခန္ဓာကိုယ် တစ်ခုလုံးမှာ အသားလေး ဖြူနေတာကလွဲရင် ဘာတစ်ခုမှကောင်းကောင်းကန်းကန်းမရှိ။မေမေ့ ပိုက်ဆံကုန်မှာဆိုးလို့ ကိုယ့်ဟာကိုယ် မှန်ထောင်ပြီး ညှက်လိုက်မိတဲ့ဆံပင်က အုန်းမှုတ်ခွက် ကေ။ပြီးတော့ ခေါက်ဆွဲပြုတ်တွေ အရမ်းစားပြီး ဆံသားတချို့က နီကြောင်ကြောင်နှင့်။
