[Uni]
ပန်းသွေးရောင်ပွင့်လယ်ဖူးထက်မှာ ပန်းနုရောင်ပွင့်ဖတ်တွေအဖျားခတ်တဲ့ နီရဲစိုစွတ်တဲ့ ချယ်ရီဖူးတွေက ကလောတစ်မြို့လုံးမှာ ပြည့်နေတယ်။ နာရီစင်ကအစချီလို့ မောမြေဦးပန်းခြံကနေ နှီးဘုရားထိပတ်ကြတယ်။ဘုရားပေါ်မှာ သော်ယံံ့အင်္ကျီလက်ဖျားလေးကို မရဲတရဲဆွဲထားတဲ့ငဲရာက သူ့ကလေးလေးပျောက်သွားမှာကိုစိုးရိမ်နေတဲ့ သူတစ်ယောက်လိုပဲ။ ဟိုးတုန်းကလည်း ဘုရားလေးပေါ်မှာပဲ ဥစ္စာစောင့်လေးလို ပျောက်သွားခဲ့တာမလား။
ငဲရာစိုးရိမ်နေတာသိတော့ သော်ယံကဘုရားပေါ်မှာ ကြာကြာမနေတော့ဘူး။ ကလောဘူတာကနေ ဘဝသံသရာရထားထိ ခြေဆန့်တယ်။
သူသိပ်ကြိုက်တဲ့ ကော်ဖီတွေကို မြည်းစမ်းဖို့ မြို့က ကော်ဖီဆိုင်တွေကို ပတ်တယ်။ အမှတ်တရကောင်းတွေ မျိုးစေ့ချပေးနေမှန်း မသိတဲ့ငဲရာကတော့ သော်ယံ့ကိုငေးလို့ ပျော်ရွှင်နေလေရဲ့။
"ချယ်ရီတွေက ဇန်နဝါရီလယ်လောက်မှ တွေ့ရတတ်တာလေ"
"ဒေါက်တာ ချယ်ရီတွေကိုသဘောကျတယ်ပေါ့"
ချယ်ရီပင်ကို မော့ကြည့်လို့ ပြုံးနေတဲ့သူကို ငဲရာမေးတော့ ခေါင်းညိတ်လာတယ်။
"ချယ်ရီတွေက စိတ်ကြည်စေတယ်မလား"
အဲ့ဒီစကားတစ်ခွန်းနဲ့တင် လက်ဖက်ခင်းတစ်ခင်းလုံးကို ချယ်ရီပင်တွေပြောင်းစိုက်ပစ်ဖို့ ငဲရာစိတ်ကူးနေခဲ့ပြီ။
ခရီးစဉ်က နှစ်ရက်တိတိကြာတယ်။ ဘုန်းကြီးကျောင်းမှာနေတဲ့ အတောအတွင်း ငဲရာအလကားမနေဘူး။ ဦးပဉ္ဇင်းတွေကို ကူပေးတယ်။ ထင်းခွဲ၊ရေခပ် ကျောင်းကိစ္စတွေ ကူပေးတယ်။ ပြီးတော့ သော်ယံခက်ခဲခဲ့ချိန်တုန်းက အကြောင်းတွေကို မေးတယ်။
'အဲ့ကလေးကလေ သိပ်သနားစရာလေး'လို့ အစချီပြီး စိတ်ဒဏ်ရာ ထရော်မာကို တည်ငြိမ်အောင် ကုသခဲ့ရတုန်းက ကာလတွေကို ပြောပြရင် ငဲရာတိတ်တိတ်လေးကြိတ်ငိုလေရဲ့။
ဒီလိုကာလတွေကို မေးခဲ့ပေမဲ့ ထရော်မာရတဲ့အကြောင်းရင်းကို ငဲရာမမေးခဲ့ဘူး။ သော်ယံပြောလာမယ့်အချိန်ကိုပဲ စိတ်ရှည်ရှည်နဲ့ စောင့်နေခဲ့တယ်။ သော်ယံနဲ့ပတ်သတ်ရင် ငဲရာရဲ့အရာရာက ပါရမီတွေပြည့်ဝတယ်။