[Unicode]
ချွင်ချိုးလက်များက လှုပ်ရှားမပျက်။ "ဘယ် ယန်ရှီရှလဲလို့ ဘာလို့မေးနေတာလဲ။ ဟွိုင်းဟေးမြို့တစ်မြို့လုံးမှာ ဒီလောက် နာမည်ကျော်တဲ့ ယန်ရှီရှ နောက်တစ်ယောက် ရှိသေးလို့လား။ ရှင်တို့ ရှောင်းမိသားစုနဲ့ လက်ထပ်မယ့် ယန်ရှီရှ အပြင် ဘယ်သူရှိသေးလို့လဲ။"
ရှောင်းလျန် အသံက တုန်ယင်သွားသည်။ "မင်း ဒါကို ဘယ်ကကြားခဲ့တာလဲ။"
ချွင်ချိုး တံခါးရှေ့တွင် ထိုင်နေသည့် ကျင်းချောင်း ရှိရာသို့ မေးငေါ့ပြလိုက်သည်။ "ကျွန်မ ယောက်ျားဆီက။ သူ မနက်က သူတို့ အိမ်တော်ရှေ့က ဖြတ်လာတုန်း ယန်ရှီရှတို့ ဘေးအိမ်ကလူတွေ ပြောနေတာကို ကြားခဲ့တာတဲ့။ နေ့လည်လောက်ကျရင် ဟွိုင်ဟေးတစ်မြို့လုံးကလူတွေ သိနေလောက်ပြီ။"
ရှောင်းလျန် လက်တုန်သွားခြင်းက စက္ကန့်ပိုင်းအတွင်း ငြိမ်သက် မသွားတာမို့ သူ့လက်ထဲမှ ချည်ထိုးအပ်က စားပွဲပေါ် ပြုတ်ကျသွားတော့သည်။
ချွင်ချိုး စိတ်နှင့်ကိုယ် မကပ်သလိုဖြစ်နေသည့် ရှောင်းလျန်ကို ကြည့်ရင်း စိုးရိမ်တကြီး မေးလာသည်။ "သူဌေးလေး၊ အဆင်ပြေရဲ့လား။"
"ဘာမှမဖြစ်ဘူး။" ရှောင်းလျန် အပ်ကို ပြန်ကောက်ယူလိုက်သည်။ "ဘယ်လိုဖြစ်တာတဲ့လဲ။ သူက ဘယ်လိုဖြစ်ပြီး မျက်စိမမြင်ရတော့တာလဲ။"
"မနေ့က စက်တင်ဘာ ၉ ရက်နေ့ မဟုတ်လား။ တစ်မိသားစုလည်း သူတို့အစေခံတွေနဲ့အတူ ဟွေးမြစ်ကို ဖြတ်ပြီး တောင်ပေါ်တက်ပြီး ဘောလုံးပစ်ဖမ်းကစားကြတယ်လေ။ သူတို့မိဘတွေ အသက်ရှိတုန်းကလိုပေါ့။ ၁၀နှစ်သားလေး ယန်ရှီသုန့်က အရမ်းစိတ်လှုပ်ရှားနေမယ်လို့ ဘယ်သူထင်ထားမှာလဲ။ တောင်ပေါ်က ဆင်းလာတဲ့တစ်လျှောက်လုံး ဘယ်သူလှမ်း သတိပေး ပေး ဂရုမစိုက်ပဲ ခုန်ပေါက်နေတာ၊ ခြေချော်ကျသွားတယ်လေ။"
"သူ ပြုတ်ကျတော့ ယန်ရှီရှက သူ့ကို လှမ်းဆွဲလိုက်တာ နှစ်ယောက်သား အတူပြုတ်ကျသွားတယ်တဲ့။ သူ သူ့ညီလေးကိုတော့ ကာကွယ်လိုက်နိုင်ပေမယ့် သူကျတော့ ခေါင်းထိသွားပြီး ဒီမနက်ကမှ နိုးလာတာတဲ့လေ။ အိုင်းရား .. ဆရာဝန်ပြောတာ ဘာတဲ့လဲ။ ဦးနှောက်ထဲမှာ သွေးခဲသွားတယ်ဆိုလား။ အဲ့တာကြောင့် မျက်စိမမြင်ရတော့ဘူးတဲ့။ ယန်မိသားစုကိုမှ ဘာလို့ ဒီလိုဒုက္ခတွေ ခံစားစေရတာလဲ မသိတော့ပါဘူး။ ယန်ရှီရက သူတို့မိသားစုရဲ့ ကျောက်တိုင်တစ်ခုလို ရှိနေပေးရမှာကို အခုတော့ ယန်ရှီသုန့်ပဲ ကျန်တော့တယ်။ အငယ်ကောင်လေးရဲ့ ဉာဏ်ပညာနဲ့ဆိုရင်တော့ အားကိုးဖို့ ခက်ခဲမှာပဲ။"
YOU ARE READING
Kan Jian Ni Le ||Myanmar Translation||
Historical FictionThis is just a translation work. It doesn't belong to me. I See You [看见你了] Author: Gu Jin [古今] Total Chapters: 15