Ego

24.7K 1.3K 177
                                    

Unicode //

"လွှတ်တော်နာယကကြီး၊လွှတ်တော်ကိုယ်စားလှယ်များ၊တက်ရောက်လာကြသော ဂုဏ်သရေရှိ​ဧည့်သည်တော်များနှင့် နိုင်ငံသူ၊နိုင်ငံသားများခင်ဗျာ......"

Tvဖန်သားပြင်ထက်မှထွက်ပေါ်လာသော ဩဇာပါသည့်အသံကြည်ကြည်ကြောင့် သူအလုပ်လုပ်နေရာမှ မော့ကြည့်လိုက်မိသည်။ ညလုံးပေါက်အလုပ်လုပ်ခဲ့ပြီး ယခုထက်တိုင် အနားမယူရသေးသော်လည်း အမြင်တို့ကဝါးမနေသလို၊အကြားအာရုံကလည်း မှားမနေပါ။

ဖန်သားပြင်ထက်ပေါ်နေသည်က လောလောလတ်လတ်လုပ်သွားသော ရွေးကောက်ပွဲမှ ရွေးချယ်ခန့်အပ်ခြင်းခံရသည့် နိုင်ငံတော်သမ္မတအသစ်၏ မိန့်ခွန်းပြောကြားခြင်းအစီအစဥ်ဖြစ်သည်။

မောင်....

ရင်ထဲမှ လှိုက်လှိုက်လှဲလှဲတမ်းတကာခေါ်ဆိုမိသွားသည်။ မိန့်ခွန်းပြောကြားနေသော အမျိုးသား၏ မျက်နှာအားငေးကြည့်နေမိသည်။

ဪ ရွေးကောက်ပွဲတောင်ပြီးသွားပြီပဲ....

မောင်တို့ပါတီအနိုင်ရသွားသည်ကိုလည်းမသိလိုက်၊ မောင် သမ္မတအဖြစ်ရွေးချယ်ခံလိုက်ရသည်ကိုပင် ယခုသတင်းမကြည့်မိပါက သိလိုက်မည်မဟုတ်။ ရွေးကောက်ပွဲနေ့ကိုလည်းမသိခဲ့​သလို မဲလည်းသွားမထည့်ဖြစ်ခဲ့။

တည်ကြည်လေးနက်စွာဖြင့် မိန့်ခွန်းခြွေနေသောမောင့်ကိုကြည့်ရင်း မောင်နှင့်သူအဆက်အသွယ်ပြတ်သွားတာ ၃လနီးပါးရှိလောက်ပြီဟုခန့်မှန်းမိသည်။ တိတိကျကျတော့ သူလည်းမသိ။ နေ့ကိုလည်းမှတ်မထားမိပါ။ လွန်ခဲ့သော ၈နှစ်၊ စတွေ့စဥ်ကတည်းက လက်ရှိအချိန်ကာလအတွင်း မောင်နှင့်သူ ပထမဆုံး​အဆက်အသွယ်ပြတ်သည်အထိ ပြဿနာဖြစ်ခဲ့ကြခြင်း။ မောင်ကလည်း တစ်ချက်မျှမဆက်သွယ်ခဲ့သလို သူကလည်း တစ်ချက်မဆက်သွယ်ခဲ့။ ဘယ်သူမှားလည်းမသိပေမယ့် နှစ်ဖက်လုံးမှားသည်ဟုပဲယူဆ​ချင်သည်။

"ငယ်က အတ္တသိပ်ကြီးတယ်"

​နောက်ဆုံးတွေ့ခဲ့သည့်နေ့က နောက်ဆုံးစကားအဖြစ် မောင်ပြောခဲ့သည့်စကား။ အဲ့တော့ သူရောဘာ​ပြန်ပြောခဲ့လဲ။

Ego Where stories live. Discover now