ပင်လယ်ဘက်မှ လေစိမ်းများတိုက်ခတ်နေသည့် မှောင်ပြပြအချိန်၊ မှောင်နေသည်ဟုဆိုသော်ငြား ညအမှောင်ဆီသို့ ဦးတည်နေသည့် အမှောင်မျိုးမဟုတ်ဘဲ မနက်ခင်းနေထွက်ချိန်ဆီ ဦးတည်ပြောင်းလဲနေသည့် အမှောင်ရိပ်မျိုးပါလေ။ နေက ထွက်မလာသေးသည့်အတွက် ပတ်ဝန်းကျင်တွင် အလင်းရောင် မရှိသေးသည်ကလွဲ၍ အရာအားလုံးကလှပနေပါသည်။ ထိုအချိန်တွင် ပင်လယ်ကမ်းစပ် သဲသောင်ပြင်ပေါ်၌ ထိုင်နေကြသော အတွဲတစ်တွဲ။ တစ်ဦးက နောက်တစ်ဦး၏ပခုံးထက်တွင် သူ၏ဦးခေါင်းလေးကို မှီတင်ထားပါလျက် နေထွက်ချိန်ကို အတူတူ လာကြည့်ကြသော ထိုစုံတွဲသည် အများထင်သည့်အတိုင်း ဂျောင်ဂုနှင့် ထယ်ယောင်းတို့နှစ်ယောက်ရယ်ပါ။
"ထယ်...မင်း ဘာလို့တိတ်ဆိတ်နေတာလဲ"
နေထွက်သည်ကို အတူကြည့်မည်ဟုလာပြီးမှ ပုံမှန်ထက် ပိုတိတ်ဆိတ်နေသည့် သူ့ပခုံးထက်မှီအိပ်နေသူ ထယ်ယောင်းအား ဂျောင်ဂု တိတ်ဆိတ်နေရသည့်အကြောင်းကိုမေးမိတော့...
"ဒီတိုင်း ဟိုဟိုဒီဒီတွေးနေမိလို့ပါ"
...ထယ်ယောင်းက လေသံတိုးတိုးလေးဖြင့်သာ ဂျောင်ဂုကို ပြန်ဖြေလာပါလျက်။ မျှော်လင့်ချက်မဲ့နေသောလူတစ်ယောက်ပမာ ထယ်ယောင်း လေသံတို့က တိုးညှင်းပျော့ပျောင်းနေခဲ့ပါသည်လေ။ ထို့ကြောင့်…
"မင်းရဲ့အတွေးတွေကို ငါရောသိခွင့်ရှိနိုင်မလား"
...ဂျောင်ဂုက ထယ်ယောင်းအတွေးများအား သူလည်းသိချင်သည်ဟု ပြောမိတော့ သူ၏ပခုံးပေါ်မှ ဖယ်ခွာသွားကာ အဆွေးဓာတ်အပြည့်ဖြစ်နေသော မျက်ဝန်းအစုံဖြင့်ကြည့်လာသူ ထယ်ယောင်းကြောင့် ဂျောင်ဂု ချက်ချင်းပင် ခေါင်းခါလိုက်ပြီး...
"ဟင့်အင်း...ငါ မသိချင်တော့ဘူး ထယ်"
...သူမသိချင်တော့ကြောင်း ငြင်းမိတော့၏။
"ဂျွန်..."
"တော်ပြီ....ငါ မသိချင်တော့ဘူး။ မင်းရဲ့အတွေးကို အပြင်ထိ ထုတ်ပြောပြစရာမှမလိုတာ။ ငါ အဆင်ပြေပါတယ်"
"မဟုတ်ဘူး ဂျွန်၊ မင်း သေချာပေါက် နားထောင်ရမယ်။ ငါ့ရဲ့အတွေးက မင်းနဲ့ သက်ဆိုင်နေတာမို့လို့"
သူပြောစရာရှိသည်ကို နားမထောင်ပါဘူးဟု အတင်းငြင်းနေသော ဂျောင်ဂုမှာ သူနှင့်လည်း မျက်နှာချင်းမဆိုင်ဘဲ အခြားဘက်လွှဲနေသည်မို့ ထယ်ယောင်း ဂျောင်ဂု၏ပါးနှစ်ဖက်ပေါ် လက်ဖြင့်ဖိအုပ်ကိုင်လိုက်ရင်း သူနှင့် မျက်နှာချင်း ဆိုင်စေလိုက်၏။ ဤသည်ကိုပင် အကြည့်ချင်းမဆုံအောင် ရှောင်နေသော ဂျောင်ဂုရယ်ပါလေ။
"ငါနားမထောင်ချင်ဘူးလို့ ပြောနေတယ်လေ ထယ်”
ဂျောင်ဂုတစ်ယောက် ထယ်ယောင်းနှင့် အကြည့်ချင်းမဆုံဘဲ မျက်လွှာတို့ကို အောက်ချရင်းသာ ပြန်ဖြေမိ၏။ ထယ်ယောင်း ပြောလာမည့် စကားတို့ကို ကြိုတင်ခန့်မှန်းမိနေသည်ကြောင့် သူ မကြားလိုခြင်း။ ဤသည်ကို နားထောင်ပေးဟု အတင်းပြောနေသော ထယ်ယောင်းအား အနည်းငယ် တင်းမာသောလေသံဖြင့် ပြန်ပြောမိတော့....
"ဘာလဲ ဂျွန်၊ အခု ငါ နေမကောင်းတော့လို့ မင်းကို ထမထိုးနိုင်တော့ဘူးလို့ ထင်နေတာလား။ အဲဒီလောက်အထိတော့ ကင်မ်ထယ်ယောင်းတို့က အားမနည်းသေးဘူးနော်။ ဒါကြောင့် ငါပြောတာကို မင်း သေချာလေးနားထောင်ပေးစေချင်တယ်"
...ထယ်ယောင်းဘက်ကလည်း လေသံက တစ်ဖန် တင်းမာလာပြန်တော့၏။ သို့နှင့် ထယ်ယောင်း ပြောသောစကား၌ "နေမကောင်းတော့လို့" ဟူသောအဓိပ္ပာယ်က မည်သည်ကို ဖော်ဆောင်နေပါသနည်း။ ထို့ပြင် ထယ်ယောင်းပြောမည့်စကားတို့အား လုံးဝနားမထောင်ချင်ပါဟု အကြောက်အကန်ငြင်းနေသော ဂျောင်ဂု။ သူတို့နှစ်ဦးကြားတွင် ကြည်နူးဖွယ်ကောင်းသော အချစ်ဇာတ်လမ်းတစ်ခုသာရှိမည်ဟု ထင်မှတ်ထားခဲ့မိပါသော်လည်း ယခုအခါတွင်တော့ နောက်ကွယ်တွင် အများမရိပ်မိသော ဝမ်းနည်းဖွယ်ဖြစ်ရပ်တို့လည်း ရှိနေမည်ထင်ပါရဲ့။
ဂျောင်ဂုတစ်ယောက် လေသံတင်းမာလာသော ထယ်ယောင်းကြောင့် အစကရှောင်လွှဲထားသည့် သူ့အကြည့်တို့ကို ထယ်ယောင်းဆီ ပို့လိုက်တော့ နှစ်ဦးသားအကြည့်တို့က ထပ်တူကျသွားလျက်။
"မင်း သိလား၊ အခုချိန်မှာ မင်းဆီက အထိုးခံမလား။ မင်းပြောတာတွေကို နားထောင်မလားလို့မေးရင် ငါလေ မင်းဆီက အထိုးပဲခံလိုက်ချင်တယ် ထယ်ရာ"
ချစ်ရသူပြောလာမည့် စကားများကို ဂျောင်ဂုကြိုသိနေသည်ကြောင့် ယခုချိန်အထိုးခံမည်လား၊ နားထောင်မည်လား ရွေးချယ်ခိုင်းခဲ့ပါလျှင် သေချာပေါက် သူချစ်ရသူလေး၏ လက်သီးပြင်းပြင်းကိုသာ ဂျောင်ဂုရွေးချယ်မိမည်အမှန်။ ထို့ကြောင့် စိတ်ထဲ၌ရှိသည့်အတိုင်း ပြောမိပြန်တော့...
"ဂျွန်...."
...ထယ်ယောင်းက မျက်မှောင်ကြီးကျုံ့ကာ သူ့နာမည်ကိုခေါ်လာသည်မို့...
"အင်း...ငါ နားထောင်ပေးပါ့မယ်။ ဒါ မင်း စိတ်ချမ်းသာအောင်လို့နော်"
...ဂျောင်ဂု ချစ်ရသူလေး အလိုကျ ထယ်ယောင်း စိတ်ချမ်းသာစေရန်အတွက် နားထောင်ပေးဖို့ သဘောတူလိုက်ပါသည်။ သူ သိပ်ချစ်ရသော စွာတေးလေးအား စိတ်မညစ်ညူးစေလို၍ပါ။
ဂျောင်ဂုက ပြောသမျှနားထောင်ပေးပါမည်ဟု ဆိုလာသည်ကြောင့် တစ်ဖက်က စွာတေးလေး ထယ်ယောင်းကလည်း သူ၏နှုတ်ခမ်းလေးအား ကွေးညွှတ်ရုံ ပြုံးပြလိုက်လျက်။ သို့သော် နှုတ်ခမ်းကသာ ပြုံးနေသော်ငြား မျက်ဝန်းတို့မှာ တောက်ပခြင်း မရှိစွာ ညှိုးငယ်နေခဲ့ပါသည်။
"ဂျွန်...ဟိုးက ကောင်ကင်ကြီးကို ကြည့်လိုက်ပါဦး။ မကြာခင် နေထွက်လာပြီးတော့ မနက်ခင်းတစ်ခု အစပြုတော့မယ်။ ဒီနေ့ နေထွက်ချိန်မှာ ငါ မင်းနဲ့အတူ ရှိနေနိုင်ပေမယ့် နောက်နေ့တွေကျ မင်းနဲ့အတူ မနက်ခင်းကို အစပြုနိုင်ဖို့ဆိုတာ မသေချာတော့ဘူး။ နောက်ဆုံးအနေနဲ ကမ်းစပ်မှာ မင်းနဲ့အတူ နေထွက်တာကို ထိုင်ကြည့်နိုင်ခဲ့တဲ့အတွက် ငါ ဝမ်းသာပါတယ်”
“မင်း ဘာတွေပြောနေတာလဲ ထယ်"
မိုးကောင်းကင်ကြီးအား လက်ညှိုးထိုးပြကာ ဝမ်းနည်းမှုအပြည့်ဖြင့် ပြောလာသူ ထယ်ယောင်းစကားတို့ကား မည်သည်ကို ဦးတည်နေမှန်း ဂျောင်ဂု သိနေသည်မို့ ထပ်မပြောတော့ရန် တားဆီးမည်အပြု...
"ငါပြောတာကို ဆုံးအောင်နားထောင်ပေးပါ ဂျွန်"
...သူ၏နှုတ်ခမ်းပေါ် လက်ညှိုးလေးဖြင့် ဖိကပ်ပိတ်လိုက်ရင်း ခေါင်းခါပြလာသော ထယ်ယောင်းကြောင့် ဂျောင်ဂု မည်သည့် စကားမှ ဆက်ပြောခွင့်မရခဲ့။ ထို့နောက်မှ ထယ်ယောင်းက မပြီးသေးသည့် သူ၏စကားတို့ကိုဆက်လာလေရဲ့။
"မင်း ငါ့ကိုသိပ်ချစ်မှန်း ငါ သိပါတယ်။ ဒါပေမယ့်တစ်နေ့… ငါ မင်းဘေးမှာမရှိနိုင်တော့တဲ့ တစ်နေ့ရောက်လာခဲ့ရင် အဲ့အချစ်ကြောင့် မင်း စိတ်ဒဏ်ရာရပြီး ကျန်နေခဲ့မှာကို ငါ တကယ်မလိုလားဘူး ဂျွန်။ ဒါကြောင့်မို့လို့ ငါ့ကိုကတိပေးပါ။ တစ်နေ့ ငါမရှိတော့ရင်၊ နောက်ထပ် မင်းဆီဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့လမ်းကို လျှောက်သွားခဲ့ရပြီဆိုရင် ကျေးဇူးပြုပြီး ငါ့ကို ဖက်တွယ်မထားပါနဲ့။ ငိုလည်းမငိုပါနဲ့၊ မင်းမျက်ရည်တွေကို ငါသိပ်မုန်းတာ သိတယ်မလား။ နောက်ပြီး မင်းကိုယ်မင်း ထိခိုက်
နာကျင်အောင်ရလည်း မလုပ်ဘဲ ငါနဲ့ပတ်သတ်တဲ့ အရာအားလုံးမေ့ပစ်ပြီး ဘ၀သစ်စနိုင်အောင် ကြိုးစားပါ။ တစ်နေ့မင်းကို ငါ့ထက်မဟုတ်ရင်တောင် ငါ့လောက်နီးနီး မင်းကို ဂရုစိုက်ပြီး ချစ်ပေးမဲ့သူ၊ မင်းကိုလည်း အချစ်ဆိုတာကို ဒုတိယအကြိမ် ထပ်ပြီးခံစားနိုင်အောင်လုပ်ပေးနိုင်တဲ့သူ၊ အဲလိုလူမျိုးတွေ့လာခဲ့ရင် မင်း ငါ့ကို အားနာနေဖို့မလိုဘူးနော်။ ငါက မင်းပျော်ရင် အားလုံးကျေနပ်တယ်၊ အားလုံးကို ခွင့်ပြုတယ်။ ငါတို့နှစ်ယောက်လုံးက တစ်ကောင်ကြွက်တွေမို့လို့ တစ်ယောက်ရဲ့လိုအပ်ချက် တစ်ယောက်ဖြည့်စည်းပေးရင်း အဘိုးကြီးတွေဖြစ်တဲ့အထိ မိသားစုတစ်စုဖြစ်သွားဖို့ တွေးထားခဲ့တာ၊ ဒါပေမယ့် ငါက အရင်ထွက်သွားရတော့မယ်။ ငါက နတ်ပြည်သွား နတ်သားလေးလုပ်ပြီး နတ်သမီးလေးတွေနဲ့ပျော်ပါးတော့မှာကို မင်းကို ဒီမှာ တစ်ယောက်တည်းအထီးကျန်ကျန် မဖြတ်သန်းသွားစေချင်ပါဘူး။ ဘ၀သစ်ပြန်စမယ်လို့ ငါ့ကို ကတိပေးပါ ဂျွန်။ အဲဒါမှ ငါ မင်းကို စိတ်ချလက်ချထားခဲ့နိုင်မှာ။
"တော်တော့ ထယ်။ အဓိပ္ပါယ်မရှိတဲ့စကားတွေက ဒီလောက်နဲ့ရပြီ။ ငါ နားမထောင်ချင်တော့ဘူး"
ဤတစ်ခေါက်တွင်တော့ ဂျောင်ဂု ပြတ်သားစွာပင် ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ရင်း နောက်ထပ်ပြောလာမည့် စကားတို့ကို မကြားလိုတော့၍ ထယ်ယောင်းအား ကျောပေးရပ်လိုက်ပါတော့၏။ မဟုတ်လျှင် သူ့မျက်ဝန်းအိမ်ထဲ ရစ်သိုင်းနေသော အရည်ကြည်တို့ကို ချစ်ရသူလေးက မြင်သွားလိမ့်မည်ကိုး။ ထို့ကြောင့် အခြားတစ်ဖက် လှည့်နေလိုက်ပါသော်လည်း...
"ငါ့ကို ကတိပေးပါ ဂျွန်"
...ထယ်ယောင်းက ဂျောင်ဂုနှင့် မျက်နှာချင်းဆိုင်ဘက်သို့လျှောက်လာကာ သူ့လက်သန်းကိုထောင်ပြရင်း ကတိတောင်းလာ သည်မို့...
"ဘာကတိလဲ ထယ်။ လိုအပ်လို့လား။ မဟုတ်တာတွေ လျှောက်တွေးမနေနဲ့တော့။ မင်းက ငါ့ဘ၀ထဲကနေ ထွက်သွားစရာ အကြောင်းလုံးဝမရှိဘူး"
...ဂျောင်ဂု ထယ်ယောင်း၏ပခုံးအား ဆုပ်ကိုင်လှုပ်ယမ်းလျက်ဆိုမိပါတော့သည်။ ယခုလိုဖြစ်လာမည်ကိုကြိုသိနေ၍ ဂျောင်ဂု တစ်ယောက် ထယ်ယောင်း၏ အတွေးတို့ကို မသိလိုတော့ဟု ဆိုခဲ့ခြင်းပါလေ။ ဤသည်ကို ယခုတော့...။
"မင်း ဘာဖြစ်လို့ မင်းကိုယ်မင်းရော ငါ့ကိုရော လိမ်ညာချင်နေရတာလဲ။ ကိုယ့်အခြေအနေကိုယ်မသိရလောက်တဲ့အထိတော့ ငါမတုံးသေးပါဘူးကွာ။ နောက်ပြီး ဒီခန္ဓာကိုယ်ကြီးက ငါ့အပိုင်မို့လို့ ငါ့အကြောင်းငါ သိပြီးသားပါ ဂျွန်ရာ"
ဤအခိုက်တွင်တော့ သူတို့နှစ်ယောက်၏ ပါးပြင်ထက်တွင် မျက်ရည်စီးကြောင်းများက အကျည်းတန်စွာ နေရာယူနေခဲ့ပါပြီ။ ကံကြမ္မာက သူတို့နှစ်ယောက်အပေါ် ယခုလိုမျိုး မရက်စက်ခဲ့ပါလျှင် ထယ်ယောင်းသည်လည်း နာကျင်စရာစကားမျိုး ပြောစရာမလိုခဲ့ပါ။ သို့သော်လည်း ကံတရားက သတ်မှတ်ပြီးသား ဖြစ်နေပါပြီလေ။ ကင်မ်ထယ်ယောင်းအား ဂျွန်ဂျောင်ဂု၏ ရင်ခွင်ထဲမှ အပြီးတိုင်ဆွဲထုတ်ကာ အဝေးဆုံးခေါ်သွားတော့မည့်ကံတရားကြောင့် ထယ်ယောင်းကိုယ်တိုင်လည်း ရင်အကွဲခံ၍ ယခုလို ကတိတောင်းနေရခြင်းပါလေ။ ဂျောင်ဂုကို ဘယ်သူ့ကိုမှ မပေးနိုင်ပါဟု အတ္တကြီးခဲ့ဖူးပါသော်လည်း သူ မရှိတော့သည့်နောက်တွင် ဂျောင်ဂုတစ်ယောက်တည်း အထီးကျန်အဖော်မဲ့စွာဖြတ်သန်းသွားရမည်ကိုတော့ ထယ်ယောင်း မလိုလား။ ဂျောင်ဂုသာ နာကျင်ဝမ်းနည်းနေခဲ့ပါလျှင် သူကိုယ်တိုင်လည်း တမလွန်ကို စိတ်ဖြောင့်ဖြောင့် သွားနိုင်မည်မထင်။
"မင်း ငါ့ကိုကတိမပေးရသေးဘူးနော်"
...အတ္တဆန်သောစိတ်ကိုလျှော့ချပြီးခဲ့သည့်နောက် ဤလောကထဲတွင် တစ်ဦးတည်းကျန်နေခဲ့ရမည့်သူကို အထီးမကျန်စေလိုသည်မှာ ထယ်ယောင်းအတွက်တော့ နောက်ဆုံးဆန္ဒနှင့်မခြား။ ထို့ကြောင့် သူ့လက်သန်းလေးကို လေထဲတွင် ဝှေ့ယမ်းပြရင်း ဂျောင်ဂုအား ထပ်မံကတိတောင်းပြန်တော့...
"ဟင့်အင်း၊ ငါ ကတိမပေးဘူး ထယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းက ငါနဲ့အတူ အချိန်တွေအကြာကြီး အတူနေသွားရမှာမို့လို့ ပဲ။ အဲဒီလိုနေသွားနိုင်အောင် ငါ ရအောင်ဖန်တီးမှာ"
...ဂျောင်ဂုဘက်ကလည်း လက်သန်းလေးထောင်ပြနေသော ထယ်ယောင်း၏လက်အား ပြန်လည်ဆုပ်ကိုင်လိုက်ရင်း ကတိမပေးနိုင်ကြောင်း ဆိုလာတော့သည်။ မည်သည့်အခြေအနေမျိုးတွင်ဖြစ်ပါစေ၊ ဂျောင်ဂုက ထယ်ယောင်းကို လက်လွှတ်ပေးမည်မဟုတ်။ ထယ်ယောင်းအား သူ့အဝေးကိုပို့မည့်ကံကြမ္မာကို ရအောင်ပြောင်းလဲပြီး သူ့ရင်ခွင်ထဲမှ ဆွဲထုတ်သွားရန်ကြံနေသည့် သေမင်းနှင့်လည်း သူတစ်ပွဲတစ်လမ်း စစ်ခင်းလိုက်ပါမည်။ မည်သည့်နည်းပင်သုံးရ သုံးရ၊ အဆုံးသတ်တွင်တော့ ထယ်ယောင်းသည် ဂျောင်ဂုဘေးတွင်သာ အမြဲထာဝရရှိနေရမည်။
ဤလိုနှင့် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သော လေထုကြားမှ လူနှစ်ဦးသည် မတူညီသောအအတွေးကိုယ်စီဖြင့်သာ။
သို့သော် ခဏအကြာတွင်တော့ ထယ်ယောင်းဘက်မှစတင်ကာ နှစ်ဦးသားကြားမှ တိတ်ဆိတ်မှုအား ဖြိုခွဲလိုက်ပါတော့၏။
"ဂျွန်… ငါတို့တွေ စက္ကူလှေလေး မျှောကြရအောင်"
ထယ်ယောင်းက သူ့ဘောင်းဘီအိတ်ကပ်ထဲတွင် အသင့်ပါလာသည့် ခေါက်ပြီးသား စက္ကူလှေလေးများကို ဆွဲထုတ်လာရင်း ဂျောင်ဂုအား တစ်ခုပေးလိုက်ကာ အတူမျှောရန် ဆိုလာလျက်။ ဂျောင်ဂုလည်း ဘယ်အချိန်ခေါက်ထားလိုက်မှန်းမသိသည့် စက္ကူလှေတစ်ခုကို ထယ်ယောင်း လက်ထဲမှယူလိုက်ရင်း…
"Ballpen ရော ပါလာတယ်မလား…”
အခြားလက်တစ်ဖက်မှလည်း ထယ်ယောင်းထံမှ ဘောပင်အား လှမ်းတောင်းလိုက်သည်မို့…
“ဘာလဲ၊ ဒီတစ်ခါတော့ ကလေးဆန်တယ်လို့ မပြောတော့ပါလား”
ထယ်ယောင်းက သူ့ထံတွင် အသင့်ပါလာသော ဘောပင်အား ဂျောင်ဂုကိုပေးရင်း စနောက်လာလေရဲ့။ သို့သော် ဂျောင်ဂု တစ်ယောက် ထယ်ယောင်းကို ဘာမှပြန်မပြောဖြစ်၊ တစ်ချက်သာ ပြုံးပြပြီးနောက် ထယ်ယောင်းလက်ထဲမှ ဘောပင်ကို ယူကာ ဆုတောင်းအချို့ကို စက္ကူလှေပေါ် ချရေးလိုက်တော့သည်။
နှစ်ယောက်လုံး၏ စက္ကူလှေပေါ်တွင် ဆုတောင်းများစာများက အသီးသီး နေရာယူနေခဲ့ပြီမို့ ရေပြင်တွင် မျှောရန် အသင့်အနေအထား ဖြစ်သွားခဲ့ပါပြီ။ ထို့ကြောင့် ဂျောင်ဂုနှင့် ထယ်ယောင်းတို့နှစ်ယောက် ကမ်းစပ်နား၌ ထိုင်ချလိုက်ရင်း သူတို့၏ စက္ကူလှေနှစ်ခုကို ပြိုင်တူမျှောလိုက်ပါလျက်။
“ထယ်...ဟိုးမှာကြည့်၊ ငါတို့ရဲ့ လှေတွေက လုံးဝမကွဲဘဲ အတူမျောသွားတာ။ လှေလေးတွေတောင် ကွဲကွာမသွားတာ ငါတို့ နှစ်ယောက်ကိုရော ဘယ်လိုအရာမျိုးကများ လာခွဲနိုင်မှာတဲ့လဲ။ မင်းစောင့်ကြည့်နေ၊ အဲဒီစက္ကူလှေလေးတွေလိုမျိုး ငါတို့ နှစ်ယောက်က အမြဲအတူရှိသွားမှာ ထယ်"
သူတို့နှစ်ဦးမျှောလိုက်သည့် လှေနှစ်စင်းသည် ဟိုးအဝေးရောက်သည့်တိုင် ပူးကပ်နေခဲ့သည်မို့ ဂျောင်ဂုက လှေများကို လက်ညှိုးထိုးပြရင်း စိတ်ထဲမှ ယုံကြည်ချက်တို့ကိုပါ တစ်ဆက်တည်း ပြောလာလေရဲ့။ တစ်ဖက်မှ ထယ်ယောင်းမှာလည်း ဂျောင်ဂု နှင့် ထပ်တူယုံကြည်ချင်သည်မို့ ဘာစကားမှ မပြောတော့ဘဲ ဂျောင်ဂု၏လက်မောင်းအား ဖက်တွယ်လိုက်ရင်း ပခုံးထက် ခေါင်းလေးမှီလိုက်ကာ ရေပြင်ထက် မျောသွားသော လှေနှစ်စင်းအား မျက်စိတဆုံးထိ ငေးကြည့်ရင်းသာ မကြာခင်ကျ ရောက်လာတော့မည့် နေထွက်ချိန်ကို ချစ်ရသူနှင့်အတူကြည့်ရန် စောင့်နေလိုက်တော့၏။
ဤနေရာတွင် သူတို့နှစ်ဦးသား မသိလိုက်သည်ကား အတူကပ်၍မျောသွားသော စက္ကူလှေတို့သည် သူတို့မြင်ကွင်းအောက်မှ ပျောက်ကွယ်သွားပြီး တစ်နေရာအရောက်တွင် တစ်စင်းနှင့် တစ်စင်း ဆန့်ကျင်ဘက်နေရာ တစ်နေရာဆီ ကွဲသွားကာ စက္ကူလှေတစ်စင်းကမူ တိမ်းမှောက်ခြင်းဆီသို့ရောက်သွားသည့်အဖြစ်ကိုပါလေ။
.
.
.
ပတ်ဝန်းကျင်တစ်ခွင်တွင် ကျေးငှက်လေးများ၏ တကျီကျီတကျာကျာ တေးသီသံနှင့်အတူ လုပ်ငန်းခွင်ဝင်မည့်သူ၊ ပညာသင်သွားမည့်သူ အသီးသီးတို့သည်လည်း အိပ်ရာမှထကာ ပြင်ဆင်မှုပြုနေကြပြီဖြစ်သလို အိမ်တွင်ကျန်နေခဲ့မည့် အိမ်ရှင်မများ ကလည်း မိသားစုဝင်များအတွက် ပြင်ဆင်ပေးစရာများ ပြင်ဆင်ပေးရင်း အလုပ်ရှုပ်နေကြသည့် အချိန်အခါသမယပင်။ ထိုထဲတွင် ဂျောင်ဂုနှင့် ထယ်ယောင်းတို့နှစ်ဦးလည်း အပါအဝင်ပါပေ။ မနက်စောစောထတတ်သူ ထယ်ယောင်းကတော့ စောစောစီးစီးနိုးနေပြီဖြစ်သော်လည်း အအိပ်မက်လွန်းသူ ဂျောင်ဂုကတော့ ယခုထိ အိပ်ပျော်နေဆဲ။
ထယ်ယောင်းတစ်ယောက် အပူအပင်ကင်းစွာ အိပ်ပျော်နေသော ဂျောင်ဂုဘေးတွင် ဝင်ထိုင်လိုက်ရင်း ဂျောင်ဂု၏မျက်နှာကို နူးညံ့စွာ ကိုင်လိုက်လျှင် သူ့မျက်ဝန်းတွင် မျက်ရည်စများက ရစ်ဝိုင်းလာလျက်။
အချိန်တွေကုန်တာ မြန်လိုက်တာ၊ ငါက အခုထိ မင်းနဲ့စတွေ့ခဲ့တဲ့အချိန်ကို မနေ့တစ်နေ့ကလို့ပဲ ထင်နေသေးတုန်းကို၊ အချိန်တွေသာ အခုလိုလို မြန်မြန်ကုန်ပြီး ငါ မင်းဘေးက စောစောထွက်သွားရမယ်မှန်းသာ သိခဲ့ရင် မင်းနဲ့ အတူရှိနေတဲ့အချိန်တိုင်းကို ပိုတန်ဖိုးထားခဲ့မှာ။ ကျေးဇူးတင်ပါတယ် ဂျွန်၊ မင်းဘက်က အရင် ငါ့ဆီကို လှမ်းလာပေးလို့၊ ငါလိုလူမျိုးကို မင်း တစ်ယောက်တည်းကပဲ ပြောင်းလဲစေခဲ့တာပါ။ မင်းသိလား၊ မင်းကို ဒီတိုင်းလေးကြည့်နေရရုံနဲ့တင် ကမ္ဘာကြီးတစ်ခုလုံးကို ပိုင်ဆိုင်ထားသလိုပဲမို့လို့ ငါ ဘာကိုမှ အားမကျတော့သလို ဘာကိုမှလည်းမလိုချင်တော့ဘူး ဂျွန်။ မင်းက လမ်းပျောက်နေတဲ့ ငါ့နှလုံးသားလေးရဲ့ ဦးတည်ရာမို့လို့ ကံကြမ္မာစက်ဝန်းတွေလည်ပတ်သွားရင်တောင် မင်းကိုပဲ လိုက်ရှာပြီး မင်းကိုပဲ ထပ်ချစ်နေဦးမှာ…
အတွေးတို့နှင့်အတူ ပါးပြင်ထက် စီးကျလာသော မျက်ရည်စများကို ထယ်ယောင်း လက်ဖြင့် ပွတ်ဆွဲသုတ်လိုက်ပြီး ခြောက်သွေ့စေလိုက်ပါ၏။ ဂျောင်ဂုနိုးလာလျှင် သူ ငိုထားသည်ကိုမမြင်စေလို၍။ ထို့နောက် နာကျင်မှုတို့အား ဖုံးကွယ်ထားလျက် အတတ်နိုင်ဆုံး အဆင်ပြေဟန်ဆောင်ပြုံးထားရင်း...
"ဂျွန်...ထတော့"
....အိပ်မောကျနေသူ၏ပါးလေးကို နမ်းရှံ့လိုက်ရင်း အိပ်ရာနှိုးလိုက်တော့...
"အင်း...မထချင်သေးဘူး"
...တစ်ဖက်က အအိပ်ပုတ်လွန်းသူကောင်လေး ဂျောင်ဂုမှာ တအင်းအင်းတအဲအဲဖြင့်လူးလိမ့်၍ မျက်လုံးကိုမဖွင့်သေး။
"ထပါတော့ဆို ဂျွန်ရာ၊ ဆေးရုံသွားရဦးမယ်မလား"
တစ်ခါနှိုးရုံနှင့်မရဘဲ ကုတင်ပေါ်လှိမ့်နေသူအား ထယ်ယောင်း နောက်ထပ်တစ်ကြိမ် လှုပ်ယမ်းလိုက်ရင်း အိပ်ရာမှ ထရန် ပြောရပြန်သည်။ တကယ့်ကို ကလေးငယ်ကို အိပ်ယာနှိုးနေရသည့်အတိုင်း လွယ်လွယ်ကူကူမရ။
"ခဏလေးပါဆိုကွာ..."
ထယ်ယောင်းကသာ အတင်းနှိုးနေပါသော်လည်း ဂျောင်ဂုမှာ ယခုထက်ထိ မျက်လုံးပင် မဖွင့်နိုင်သေး။ ထို့ပြင် ခဏ ဆက်အိပ်လိုသေးကြောင်းကိုလည်း ပြောလာကာ တစ်ဆက်တည်းမှာပင် ထယ်ယောင်း ခန္ဓာကိုယ်လေးအား ဆွဲဖက်လိုက်သည်ကြောင့်...
"အင့်..."
...ထယ်ယောင်းတစ်ယောက် ဂျောင်ဂုရင်ခွင်ထဲ အံဝင်ခွင်ကျလေး ရောက်သွားခဲ့ပါတော့လျက်။ အစကတော့ ထယ်ယောင်း ရုန်းနေမိသော်လည်း သူ့အား တင်းကျပ်စွာဖက်တွယ်ထားသော လက်အစုံကြောင့် ကောင်းကောင်းရုန်းမထွက်နိုင်ခဲ့ပေ။ ထို့နောက်တော့ သူကိုယ်တိုင် လိုလိုလားလားနှင့်ပင် ဂျောင်ဂု၏ရင်ခွင်ထဲတွင် ခိုဝင်နေမိပါတော့သည်။ မကြာတော့မည့်အချိန်တွင် သူသည် ဤရင်ခွင်၌ ခိုဝင်ခွင့်ရှိနိုင်တော့မည် မဟုတ်သည်ကြောင့်လေ။
"မင်းကို အိပ်ရာနိုးရမယ့်အစား ကျားဖင်ပဲသွားနှိုက်လိုက်ချင်တော့တယ်။ တကယ်ကို ကလေးကျနေတာပဲ။ ထတော့... ဒီမနက်လူနာတွေကြည့်ရဦးမယ်မလား။ ဆရာဝန် ကိုယ်တိုင်က နောက်ကျနေလို့ မဖြစ်ဘူး"
ဂျောင်ဂုရင်ခွင်ထက်မှေးစက်နေရင်း ထယ်ယောင်း ဆိုလာခဲ့ခြင်းပါ။ မည်သူကသိနိုင်မည်လဲ။ အများက အချိန်တိကျသည်ဟု လေးစားနေသော ဆရာဝန်ကောင်လေး၏နောက်တွင် မနက်တိုင်း အချိန်မှန်အိပ်ရာလာနှိုးသော ပါရမီဖြည့်ဖက်ကောင်လေး ရှိနေသည်ကိုလေ။ ထို့ပြင် အားလုံးက ခပ်ချေချေဟု ထင်မြင်နေသော ဆရာဝန်လေးတွင် ယခုလို နှိုးရခက်ပြီး ချွဲတတ်သော အမူအကျင့်များရှိနေခြင်းကိုရော သိနိုင်ပါမည်တဲ့လား။ ဤသည်ကို ထယ်ယောင်းကလွဲ၍ အခြားသူ မသိနိုင်ပါလေ။
တစ်ဖက်က ဂျောင်ဂုမှာလည်း သူ၏ရင်ခွင်ထဲမှကောင်လေးက သူအလုပ်သွားနောက်ကျမည်ကို စိုးရိမ်နေပုံပေါ်သည်မို့...
"နောက်မကျပါဘူး...ဘာဖြစ်လို့လဲဆိုတော့ ငါ့ကို အမြဲ ဘေးနားက ပူညံပူညံလုပ်ပြီး တွန်းအားပေးနေတတ်တဲ့ morning alarm လေး တစ်ယောက်လုံးရှိနေတာကို..."
...ထယ်ယောင်းအား ဖက်တွယ်ထားသော သူ၏လက်တို့ကိုပိုမိုတင်းကြပ်စေလိုက်ရင်း ဆိုမိပါ၏။ သူ့ဘေးတွင် ထယ်ယောင်း ရှိနေသည်မို့ အိပ်ရာထနောက်ကျမည်ကို စိုးရိမ်စရာမလိုဘူးမဟုတ်လား။
![](https://img.wattpad.com/cover/264282439-288-k53339.jpg)
YOU ARE READING
Unexpected Guest (Complete)
FanfictionThis is a tragic love story woven with themes of passion, betrayal, sacrifice, and vengeance, entangling two lovers and two best friends. Can true love endure the tests of hatred and deceit, or does it fade too easily when challenged? To uncover the...