အပိုင်း(၁)

57 5 0
                                    

မန္တလာမြေပေါ်သို့ ခြေချမိသည်နှင့် လတ်ဆတ်သည့်လေကို တစ်ဝကြီးရှူရှိုက်မိသည်။ ဒီမြေဒီရေကို စွန့်ခွါခဲ့တာ နှစ်တွေမည်မျှကြာခဲ့ပါလိမ့်။ မျက်စိရှေ့မြင်ရပါမှ ဇာတိမြေကို ပို၍လွမ်းမိသည်။ မန်းမြေက နွေဦးကိုကြိုဆိုနေပြီမို့ အပူရှိန်က ခပ်ပြင်းပြင်းရှိလှသည်။ လူလုပ် လေအေးပေးစက်တွေနဲ့ နေသားကျနေတဲ့ ကျွန်တော့်အတွက်တော့ သိပ်မသက်သာလှ။   

လေယာဉ်ကွင်းကျယ်ကြီးထဲ ခရီးသည်တွေ
ပျားပန်းခတ်မျှ ရှုပ်ထွေးလျက်။ တစ်ချို့က ပြည်ပကပြန်လာသူတွေဖြစ်သလို တစ်ချို့ကလည်း ပြည်ပသို့ထွက်ခွါရန်  စောင့်ဆိုင်းနေဆဲ။ ပြန်လည်ဆုံတွေ့ကြသူတွေ၊ ခွဲခွါနှုတ်ဆက်နေသူတွေ လူအများကြား ကျွန်တော်တစ်ဦးတည်းသာ အဖော်မဲ့လျက်........
လူ့ဘဝက ဒီလိုပါပဲ..…..
မွေးဖွားပြီး သေဆုံးရသလို
တွေ့ဆုံပြီးရင်လည်း ခွဲခွါကြရတယ်....

" လူလေး ကားငှားဦးမလား "

ထွက်ပေါက်ရောက်ရောက်ချင်း Taxiဦးလေးကြီး၏ အမေးစကားကြောင့် တစ်ပိုင်းတစ်စအတွေးတွေ ပြတ်တောက်သွားရသည်။ လာကြိုမဲ့သူမရှိတာကြောင့် ကြုံရာကားနဲ့ ခရီးဆက်ရန် ဆုံးဖြတ်လိုက်သည်။

" နန်းအရှေ့ဘက်ထိဦးလေး "

" Ok ဗျာ...မန္တလေးတစ်မြို့လုံး သွားချင်တဲ့နေရာသာညွှန်...ဘဘကြီးအရောက်ပို့ပေးမယ် "

အသက်၅၀ကျော် ၆၀နီးပါးလူကြီးတစ်ယောက်၊ ဆံပင်တွေ ဟိုတစ်စုဒီတစ်စု ဖြူနေပေမဲ့ ရုပ်‌မကျသေး။ မျက်မှန်ကိုင်းထူထူက မျက်နှာဝိုင်းဝိုင်းနှင့် လိုက်ဖက်ညီနေသည်။ သီချင်းတအေးအေးညည်းကာ လက်ဆွဲအိတ်ကို ကားနောက်ခန်းသို့ ပေါ့‌ပေါ့ပါးပါး ပစ်တင်လိုက်ပုံက အရိုး၊ အဆစ်တွေ သန်မာနေသေးကြောင်း ပြသနေသည်။

ဘဘကြီးက မန္တလေးမြို့ကြီးကို တော်တော်ချစ်ပုံရသည်။ တစ်လမ်းလုံး စာဖွဲ့၍မပြီးတော့။ ကဗျာတွေဘာတွေစပ်ကာ ‌ဆိုပြလိုက်သေးသည်။ သူ့ကားကို ငှားစီးလာတဲ့ ကျွန်တော်ကိုယ်တိုင်ကလည်း မန်းလေးမှာမွေး၊ မန်းလေးမှာပဲကြီးပြင်းခဲ့တဲ့ မန္တလေးသားစစ်စစ်ကြီးဆိုတာကိုတော့ မပြောပြဖြစ်လိုက်.....

ငယ်ချစ်ဦးWhere stories live. Discover now