ပျော်ရွှင်သောအရပ်
By
Coo Cooမီးရောင်စုံတဖျတ်ဖျတ်နဲ့ သီချင်းသံတွေဆူညံနေတဲ့ ကလပ်ထဲကို ဂုဏ်ဝင်လာခဲ့ကာ တစ်စုံတစ်ယောက်ကိုရှာဖွေရတော့သည်။ မျက်စိကိုအလုပ်ပေးရင်းနဲ့ ထောင့်နားက နံရံကပ်ဆိုဖာစားပွဲဝိုင်းတွေဆီမှာတွေ့လိုက်ရသည်။ သူတစ်ယောက်တည်းတော့မဟုတ်ပါ သူ့အပေါင်းအသင်းတွေဟုထင်ရသော ခပ်ငယ်ငယ်ကောင်လေးတွေကောင်မလေးတွေနဲ့ လူအုပ်ကတောင့်သည်။ ဂုဏ်ထိုနားထိရောက်အောင်တိုးတိုက်သွားပေမဲ့ ထိုတစ်ယောက်ကတော့သိပုံမရ vodka ခွက်ကိုသောက်နေကာ အပေါင်းအသင်းတွေနဲ့ဝေးလားဝါးလားလုပ်နေ၏။ အရက်ခွက်ကိုထပ်သောက်မည့်ဟန်ပြင်နေတဲ့သူကို လက်မောင်းကနေကိုင်ကာဟန့်တားလိုက်တော့မော့ကြည့်လာ၏။ သူကတော့ ဂုဏ်တို့ရောင်လေးလို့ခေါ် ကြတဲ့ သက်တန့်ရောင်စဥ်ပင်ဖြစ်သည်။
"ကိုဂုဏ် ဘယ်လိုရောက်လာတာလဲ"
"အန်တီကဖုန်းဆက်လို့ အလုပ်ကအပြန်ဝင်ခေါ်တာ ထ ပြန်မယ်"
သီချင်းသံစဥ်တွေကြားစကားသံတွေကြားပေါက်အောင် အသံကိုမြှင့်၍ပြောနေရသည်။ ထိုတစ်ယောက်က သူ့လက်မောင်းကိုကိုင်ထားတဲ့ဂုဏ့်လက်တစ်ဖက်ကို ရုန်းဖယ်လိုက်ကာ...
"ကျွန်တော်မပြန်သေးဘူး ကားပါတယ် ကိုဂုဏ်နဲ့ကပ်လိုက်စရာမလိုဘူး ကိုဂုဏ်ကိုယ့်ဘာသာကိုယ်ပြန်လိုက်တော့"
"မရဘူး ကိုယ်နဲ့ပြန်လိုက်ခဲ့ရမယ် အန်တီစိတ်ပူနေတယ် လာထ"
ဂုဏ်က အတင်းဆွဲထူတော့ မထချင်ပဲထလာရတဲ့ပုံနဲ့ ဂုဏ့်နောက်ကိုပါလာ၏။
"ဟေ့ရောင်သက်တံ့ အိမ်ရောက်ရင် ဟန်နေကစကားပြန်ပြောပါဦးတဲ့"
နောက်ကနေ သူ့သူငယ်ချင်းတွေလှမ်းအော်ပြောတော့ သူ့ကိုစကားပြန်ခွင့်မရအောင်လက်ကိုခပ်မြန်မြန်ဆွဲခေါ်လာခဲ့တော့ ယက်ကန်ယက်ကန်ပါလာ၏။ ကလပ်အပြင်ဘက်ရောက်တာနဲ့ လက်ကိုစောင့်ရုန်းကာ