[Unicode]
စည်းမျဥ်းစည်းကမ်းတွေနဲ့ တိကျသေချာမှုတွေကို လက်ဝယ်ပိုက်ပြီး ဦးထိပ်တင်ထားတတ်တဲ့ လူတစ်ယောက်ရှိတယ်။ ဥပမာအားဖြင့် ဖြူလွလွစာရွက်တစ်ရွက်ပေါ် ပေတံတစ်ချောင်း၊ ခဲတံတစ်ချောင်းနဲ့ အမှတ်အသားချရတဲ့အခါမျိုးမှာ တစ်စင်တီမီတာရဲ့အစိတ်ပိုင်းတစ်ပိုင်းလောက် တိမ်းစောင်းသွားမှာကိုတောင် ဘဝင်မကျတတ်တဲ့သူမျိုးပေါ့။
ဒါပေမဲ့ အဲ့ဒီလူက စည်းမျဥ်းစည်းကမ်းတွေ ဖောက်ဖျက်ရမယ်ဆိုလည်း အဆုံးအစွန်ထိ ဖောက်ဖျက်ပစ်လိုက်ရတာမျိုးမှ သဘောကျတတ်တဲ့သူပဲ။
နောက်ထပ်လူတစ်ယောက်ရှိတယ်။ သူကတော့ ဘာမှထွေထွေထူးထူး သတ်မှတ်ချက်တွေရယ်လို့မရှိလေဘူး။ အရာအားလုံးက သူ့ကမ္ဘာမှာ သူ့သတ်မှတ်ချက်နဲ့သူ ရှေ့ဆက်သွားလို့ရတယ်။
တစ်ခုပဲ။ အဲ့ဒီလူက သိပ်စိတ်ကူးယဥ်ဆန်ပြီး အစွဲအလမ်းက နောက်ဆယ်ဘဝတိုင်အောင် ကြီးမားလွန်းနေတာပဲ။
**************************************
ဆောင်းဦးညရဲ့ ရှစ်နာရီခန့်သောအချိန်က အတော်အသင့်ကိုအေးနေပြီ။ တစ်ချက်တစ်ချက်ဝေ့သွားတဲ့ လေအေးတွေကလည်း စိမ်းစိမ်းကားကားပဲ။ ဒါပေမဲ့ ရောင်စုံမီးလုံးတွေတလက်လက်နဲ့ အလှဆင်ထားတဲ့ ကိတ်ဆိုင်ရဲ့အတွင်းမှာတော့ အနွေးဓာတ်ကကြီးစိုးထားခဲ့တယ်။
အော်ဒါမှာထားတဲ့ မွေးနေ့ကိတ်ကိုဝင်ယူပြီး လူတစ်ဟောက်က ဆိုင်အပြင်ဘက်ကိုလှည့်ကြည့်လိုက်တယ်။ ပလက်ဖောင်းပေါ် လမ်းလျှောက်သွားနေတဲ့လူတွေ၊ လမ်းမကြီးပေါ် အလျှိုလျှိုဖြတ်သန်းနေကြတဲ့ ကားတွေ ဆိုင်ကယ်တွေ၊ အကုန်လုံးက သူ့အလုပ်နဲ့သူ လူတိုင်းအလုပ်များနေကြတာပါပဲလား။
ဒီနေ့အလုပ်တွေများနေတာနဲ့ မွေးနေ့အတွက်ပြင်ဆင်ပေးတာက အတော်လေးနောက်ကျသွားတာကို အပစ်တင်မိတဲ့ ကိုယ့်ကိုယ်ကို ထိုလူကစိတ်ဖြေလိုက်ပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်ထဲ အလုပ်များနေတယ်မှ မဟုတ်ပဲလေ။
ကောင်တာပေါ် ငွေရှင်းပြီးတာနဲ့ ခပ်သွက်သွက်ခြေဦးလှည့်ပြီး ဆိုင်တံခါးကိုဆွဲဖွင့်ကာ ဘတ်စ်အမှီလိုက်ဖို့ ပြေးထွက်မိတဲ့ခြေလှမ်းတွေက သိပ်နမော်နမဲ့နိုင်တယ်။ အသက်ကြီးလာတော့ ငယ်ရွယ်တုန်းကလောက် မသန်မာတော့တဲ့ အဲ့ဒီခြေထောက်တွေ...လူကိုဒုက္ခပိုပေးမယ်ထင်တယ်။