ကျယ်ပြောစွာ ဖွင့်ဟထားသည့် မှန်တံခါးရှည် နှစ်ချပ်မှာ ဆင်စွယ်ရောင်လက်နေ၏။
တံခါးဘောင်ရင်းနား အထိ ဆွဲကပ် ချည်ထားခံရသော ပိုးသား လိုက်ကာဖြူက လေရူးနောက်သို့ လိုက်ရန် လွင့်ရင်းမျောချင်သည်။ သို့သော်ငြား လွင့်ရန် မတတ်နိုင်။
ပိန်ပါး သွယ်လျလျ ကိုယ်ခန္ဓာတစ်ခုဖြင့် အပေါ်မှ ဖိကာ အမှီသဟဲပြုထားခြင်းကြောင့် ဖြစ်သည်။
နွားနို့အလား ဖြူဥသည့် လက်ချောင်းများ ကြားတွင် ဝိုင်ငှဲ့ထားသည့် ဖန်ခွက်တစ်ခွက်ကို ညှပ်ကိုင်ထားရင်း။ ဝိုင်နီရည် စွတ်သည့် နှုတ်ခမ်းစုကို ကွေးညွှတ်ကျသွားလောက်အောင် ပြုံးသည်။
အစအနောက်သန်သည့် နတ်ဘုရားငယ်လေး အလိုရှိရာကို ကျေနပ်စွာ လုပ်နိုင်ရ၍ မြူတူးနေသလို အပြုံးနှင့် ၊ ပတ်ချာလည်ထွက်နေသည့် ခေါင်းထဲမှ အတွေးများမှာတော့ စက္ကူ အပိုင်းအစများ ရှုပ်ပွကာထနေသည့်နှယ်။
မွှေးအီသည့် အရည်ကျဲကျဲ တစ်ငုံကို လည်ချောင်းတစ်လျှောက်သို့ မျှောချလိုက်ပြီးနောက်
" ဘာလို့ ကြည့်နေတာလဲ အဲ့လို .. "
" မကြည့်နဲ့ ! "ကုတင်ပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ထောက်ကာ ထိုင်နေသော ဂျောင်ဝန်းအား လှမ်းပြောလေသည်။ လေသံအေးမှာတော့ လေးတွဲကျ၍ မူးရီဝေဟန် စွတ်စွတ်။
လေသာဆောင်နှင့် ကပ်လျက် လမ်းမပေါ်မှ မီးတိုင်၏ မှိန်ပျသည့် ဝါကျင့်ကျင့် အလင်းရောင်သည် ဂျောင်ဝန်း ထိုင်နေရာ ကုတင်ခြေရင်းအထိ ဖိတ်ကျနေ၏။
ကုတင်မှ မလှမ်းမကမ်းရှိ ပန်းအိုးအဖြူ၌ ကြီးထွားရှင်သန်နေသည့် ရှားစောင်းပင်မှာ အခန်းဝန်း၏ လေထုကို ငြိမ်သက် အေးမြသော အခြေနေသို့ သယ်ဆောင်ပေးလျက်။
ဆောင်းဟွန်းအား ခပ်ပြုံးပြုံး ငေးနေသည့် ဂျောင်ဝန်းက အေးချမ်းလှသည်။ ချွေးတစို့စို့ ဖြစ်နေသည့် ယခု နွေညနှင့် လေရူးတွေသည်လည်း ဆိတ်ငြိမ်ကာ အေးမြပါသည်။