UNICODE
ဘတ်ခ်ဟျွန်းမှာ အိမ်နီးချင်းတစ်ယောက်ရှိတယ်။
အဲဒီအိမ်နီးချင်းမှာ အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ပြုံးချိုတဲ့ မျက်နှာထားရှိတယ်။ ကလေးငယ်လို ချစ်စရာကောင်းတဲ့ မျက်နှာနုနုလေးမှာ လုံးဝန်းပြီးကြီးမားတဲ့ မျက်လုံးဝိုင်းဝိုင်းတွေ၊ ပါးချိုင့်နက်နက်တွေနဲ့ နှုတ်ခမ်းဖူးဖူးတွေရှိတယ်။ အထူးခြားဆုံးကတော့ ချစ်စရာ နားရွက်ကားကားလေးတွေပဲ။
အဲဒီအိမ်နီးချင်းကို ဘတ်ခ်ဟျွန်းက နာမည်ပြောင်တစ်ခု တိတ်တခိုးပေးထားတယ်။
'ဆန်တာကလော့စ်' လို့လေ...။
.
.
.ဆန်းကြယ်တဲ့နာမည်ပြောင်ပေးဖြစ်သွားပုံကို အစပြုရရင် လွန်ခဲ့တဲ့ငါးနှစ်ကို ပြန်သွားရမယ်။
အဲဒီနှစ်တုန်းက ခရစ္စမတ်အကြိုနေ့မှာ အကျင့်မကောင်းတဲ့ရည်းစားဟောင်းက သူ့နောက်ကွယ်မှာ ဖောက်ပြန်နေတာကို မျက်ဝါးထင်ထင် တွေ့ခဲ့ရတယ်။ ဒါပေမဲ့ မပြတ်နိုင်တဲ့သူက ဆွဲထားဖို့ ကြံတယ်၊ ပြတ်နိုင်တဲ့တစ်ဖက်လူက လွှတ်ချဖို့ ရွယ်တယ်။
"ငါ မင်းကို စိတ်ကုန်နေပြီ" ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် သူ့နှလုံးသားတစ်ခုလုံး ကွဲကြေသွားခဲ့တာ ၂၅ ရက်နေ့ကို ကူးပြောင်းသွားတဲ့ ၁၂ နာရီ ဒေါင်ခနဲမြည်သံနဲ့အတူပေါ့။
အဲဒီနေ့က ဘတ်ခ်ဟျွန်းဟာ နှင်းထူထူထဲ အနွေးထည်တစ်ထပ်တည်းနဲ့ အအေးဒဏ်ကို အံတုရင်း ထားရစ်ခံရတဲ့ ခုံတန်းလေးမှာ မလှုပ်မယှက်ထိုင်နေမိတယ်။
ငယ်ငယ်တုန်းက ဆန်တာကလော့စ်ဟာ လိမ္မာတဲ့ကလေးတွေကို လိုချင်တဲ့လက်ဆောင်တွေအများကြီးပေးတယ်လို့ သူ ယုံစားခဲ့ဖူးတယ်။ ဒါပေမဲ့ သူ့အတွက်တော့ လိုချင်သမျှ ဘယ်တော့မှမရနိုင်တဲ့အခြေအနေမှာ ခရစ္စမတ်ဘိုးဘိုးကြီးဆိုတဲ့ ပုံပြင်ကိုလဲ မယုံနိုင်တော့ပါဘူး။
ငယ်ငယ်ကတည်းက သာမန်ကလေးတွေလို စက်ရုပ်ကြီးလိုချင်တယ်၊ ဂိမ်းစက်လိုချင်တယ် ဆိုတဲ့ သာမန်တောင်းဆိုမှုလေးတွေကို သူ မလိုချင်ခဲ့ဘူး။ သူလိုချင်တာက ညစဉ်ညတိုင်း ကြားနေရတဲ့ ဆူဆူပူပူရန်ဖြစ်သံတွေ ရပ်စဲသွားဖို့ တစ်ခုတည်းရယ်။
YOU ARE READING
Dear Santa
Fanfictionကျွန်တော့်ရဲ့ ဆန်တာ... တောင်းဆုလေးကို ဖြည့်ဆည်းပေးပါ... ChanBaek [one shot] ~ ညီမလေး Haesol အတွက် Birthday နဲ့ Christmas present ~