(Unicode)
"ကျွီကျွီ..."
စက်သတ်ပြီးချင်းချင်း ကားပေါ်မှ မဆင်းနိုင်သေးဘဲ ခြံထဲသို့ ခေတ္တ ငေးကြည့်မိသည်။
မှောင်မည်းနေသော ပတ်ဝန်းကျင်က မြူမှုန်တွေ ရစ်သိုင်း၍ အုံ့မှိုင်းမှိုင်း ဖြစ်နေသည်။ ကားပြတင်းပေါက်မှန်နှင့် ဘက်မှန်များမှာလည်း မြူခိုးတွေ ငွေ့ရည်ဖွဲ့၍ စိုစွတ်စွတ်။ ပြင်ဦးလွင် ဒီဇင်ဘာဆောင်း၏ အအေးဒဏ်က တော်ရုံ မဟုတ်သဖြင့် Heater ဖွင့်ထားသော ကားပေါ်မှ ဆင်း၍ အိမ်ထဲသို့ ဝင်ရန်ပင် တွန့်ဆုတ်နေမိသည်။
ဘေးခုံပေါ်မှ ဖိုင်တွဲကို မြင်တော့ စိတ်မောစွာဖြင့် သက်ပြင်းချမိပြန်သည်။
ရာသီဥတုတစ်ခုတည်းကြောင့် ကျွန်တော် တွန့်ဆုတ်နေရတာမှ မဟုတ်တာဘဲလေ။
ကားပေါ် သောင်တင်နေတာ ရက်ချီနေပြီ ဖြစ်သော ဖိုင်တွဲကို ဒီညတော့ ကျိန်းသေ အိမ်ထဲသို့ ယူသွားရန် လိုအပ်သည်။
ရှောင်လွှဲမရမည့် အတူတူဟု တွေးကာ ကျွန်တော် ဖိုင်တွဲကို ဆွဲယူလိုက်သည်။ ထို့နောက် ကားပေါ်မှဆင်းကာ အိမ်တံခါးဝသို့ ပြေးလုမတတ် ခပ်သွက်သွက် လျှောက်သွားလိုက်သည်။
ဧည့်ခန်းသို့ ရောက်သည်နှင့် ကျွန်တော် မျှော်မှန်းထားသည့်အတိုင်း ဈာန်က ဆိုဖာပေါ်တွင် ငုပ်တုပ်ထိုင်လျက်ပင်။
"နောက်ကျလှချည်လား ပိုင်။"
"အင်း ပိတ်ရက်နီးပြီဆိုတော့ ရုံးက အလုပ်တွေ ပိုလာပြီလေ။
မင်း ငါ့ကို စောင့်နေတာလား။"ဈာန်က မထူးဆန်းသလို မျက်ခုံးပင့်ပြသည်။ တီရှပ်လက်ရှည်၊ ဘောင်းဘီရှည်ကိုမှ ဆွယ်တာအကျီ တစ်ထပ် ထပ်ဝတ်ထားသေးသဖြင့် ပိန်သွယ်သွယ် ခန္ဓာကိုယ်က တိမ်မြုပ်လုမတတ်...
ဒီရက်ပိုင်းအတွင်း ဈာန်အတော်ကို ပိန်ကျသွားသည်ပင်။
"မင်း ပြန်မလာမချင်း ခြံသော့ဖွင့်ထားရတော့ ငါက စောင့်နေရတာပေါ့ ပိုင်။"
ပြောရင်းနှင့် ဈာန်က ကျွန်တော့်လက်ထဲက ဖိုင်ကို တစ်ချက် စောင်းကြည့်သည်။
YOU ARE READING
Zen, My cool breeze, My faded winter dream