( ဤ oneshotသည် ကိုယ့်ရဲ့ စိတ်ကူးသာ ဖြစ်တဲ့အတွက်ကြောင့် အပြင်လက်တွေ့နှင့် လုံးဝလုံးဝ မသက်ဆိုင်ပါ။)
"အိမ်ကြီးက လှလိုက်တာ လူမနေဘူးလားပဲ ခြောက်ကပ်နေရောနော်"
ဒီမြို့လေးက အန်တီ့ဆီ ကျွန်တော်တို့ မောင်နှမ အလည်လာရင်း ညနေဘက် လမ်းလျှောက်ထွက်လာမိသည်။ တစ်နေရာသို့အရောက် အစ်မက အိမ်ကြီးတခုဆီ ငေးရင်း ပြောလိုက်တဲ့ စကားကြောင့် သူနဲ့အန်တီ လှည့်ကြည့်လိုက်မိတော့သည်။
"နေတယ်လေ ဒါမဲ့ အိမ်ပိုင်ရှင်က ကောင်လေးငယ်ငယ်တစ်ယောက်ပဲ။ တခါတလေမှ ခြံပြင်ထွက်တယ်။ အလုပ်သမားတွေတော့ ရှိပါတယ်"
အန်တီက အစ်မရဲ့စကားကို ဖြေလေသည်။ ကျွန်တော်ကတော့ အဲ့ဒီလှပတဲ့ အိမ်ကြီးကို စိတ်ဝင်စားနေမိသည်။
အိမ်ကြီးက တော်တော်ကျယ်ပြီး ကျွန်တော် အမည်မသိသော ပန်းပင်တွေနဲ့ ပြည့်နှက်နေသည်။ မြို့ငယ်လေးမှာ ဒီလိုအိမ်ကြီးရှိလာတော့ အထူးအဆန်းတစ်ခုလိုတော့ ဖြစ်မိပါသည်။
နောက်နေ့တွေ ဒီအိမ်ရှေ့က ဖြတ်မယ်လို့ ကျွန်တော်တွေးရင်းပင် ရှေ့က သွားနေသော အန်တီနဲ့အစ်မတို့နောက် အလျင်အမြန် လိုက်ရပါတော့သည်။
......................................
"အန်တီရေ ဒီစက်ဘီးစီးလို့ရလား။ မြို့ထဲ စီးချင်လို့"
ကျွန်တော့်ရဲ့ ခပ်ရှရှအော်သံကို အန်တီက အသိအမှတ်ပြုသလို ခေါင်းငြိမ့်ပြသည်။ မြို့ထဲဟု ဆိုပေသော်လည်း မြို့ကအတော်သေးပြီး နည်းနည်းခေါင်တာကြောင့် ကားတွေ ဆိုင်ကယ်တွေနဲ့ ရှုတ်မနေပါ။
"ဟေး နင်မြန်မြန်ပြန်လာခဲ့နော်။ ပြီးရင် ငါစီးမှာ"
အစ်မရဲ့ နောက်ကလှမ်းအော်သံကို မသိချင်ယောင်ဆောင်ကာ ကျွန်တော်ထွက်လာမိတော့သည်။ အစက ဘယ်သွားရမလဲ မသိပေမဲ့ အခုတော့ ကျွန်တော့်အတွေးထဲ သွားရမဲ့ နေရာပေါ်လာတော့သည်။
အဲ့ဒါကတော့ မနေ့ကတွေ့ခဲ့တဲ့ အိမ်လှလှကြီးကိုပဲ ဖြစ်သည်။ ထိုအိမ်ရှေ့က ဖြတ်အလာ ခြံဝန်းထဲက သစ်ပင်ကြီးအောက်မှ လူတစ်ယောက်ကို တွေ့လိုက်မိတော့သည်။