၂၀၁၂ ခုနှစ်၊ ဇူလိုင်လ၊ ၈ရက်နေ့။အထက်အဇဋာကောင်းကင်တစ်ခွင်၌ မိုးတိမ်များထူထဲပြီး မှောင်မည်းခြင်းအတိ ကြီးစိုးနေသည်။ မှိန်တစ်ချက်၊ လဲ့တစ်ချက်ရှိနေတတ်သော ကြယ်စင်တန်းတို့လည်း စိုးစဉ်းမျှမမြင်ရ။ ည၏အလင်းသခင် လနတ်သားသည်ပင်လျှင် အဘယ်တိမ်ထူထူနောက်မှာ ပုန်းလျှိုးနေအံ့နည်း။
မန္တလေးည၏ လမ်းမီးတိုင်တို့ကလည်း ခပ်မှိန်မှိန်သာ ထွန်းလင်းနေတာမို့ ကောင်လေးနှစ်ယောက်မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကိုပင် ကောင်းစွာလမ်းပြမပေးနိုင်စွမ်းပေ။ သို့သော် ရှေ့ကမောင်းနှင်နေသူ ကောင်းကတော့ ဆိုင်ကယ်မီးသီးအလင်းရောင်ကို ဦးတင်ထားသလားမပြောတတ်၊ လူသူရှင်းနေသည့် လမ်းမကြီးထက်တွင် အရှိန်အဟုန်ပြင်းစွာ မောင်းနှင်နေတော့တာပင်။ နွေလေရူးကတဖြူးဖြူးသာ တိုက်ခတ်ရှာပေမဲ့ ဆိုင်ကယ်အရှိန်ကြောင့် သူတို့မျက်နှာတွေဆီ ကြမ်းရမ်းစွာတိုးဝင်ရိုက်ခတ်နေသည်မှာ ဗြုန်းဗြင်းဆန်ခတ်နှင့်။ နောက်ကထိုင်လိုက်နေရသောယံအဖို့ ပြုတ်ကျမှာစိုး၍ ကောင်း၏ခါးကိုသာ မြဲမြဲဖက်ထားရသည်။
သည်ကြားထဲက ယံ၏မျက်ဝန်းများမှာ အထက်ကောင်းကင်က ပုန်းကွယ်နေသူကို တွေ့လေမလား ရှာနေမိသေးတာပင်။
အခုချိန်မှာ ယံ အားအကျရဆုံးအရာကိုပြောပါဆိုလျှင် လနတ်သားကိုပဲ ညွှန်ပြမိလိမ့်မည်။ တကယ်အဟုတ် ... ယံလည်း လနတ်သားလို ပုန်ကွယ်လျှိုးချင်နေသည်။ ဘယ်သူမှမမြင်နိုင်သည့် တစ်နေရာရာမှာ ငြိမ်းချမ်းစွာ နားခိုနေလိုက်ချင်သည်။ ယံ အိမ်ပြန်ရောက်မှာ ကြောက်နေမိ၏။ ဒါ့ထက် ယခုလက်ရှိစီးနေသော FZဆိုင်ကယ်ကြီး ရပ်သွားမှာပိုကြောက်နေမိသည်။ အဆိုးဆုံးကတော့ ဆိုင်ကယ်မောင်းနှင်နေသော သူ့ချစ်သူတစ်ဖြစ်လဲ၊ အိမ်ထောင်ဖက်အမျိုးသား ကောင်းနှင့် စကားပြောရမှာကို ပိုမိုစိုးထိတ်နေမိတာပင်။
သို့သော် ယံ၏ဆန္ဒတွေ မပြည့်ဝခဲ့ပါပေ။ အချိန်တွေကလည်း ရပ်တန့်မသွားခဲ့သလို ကောင်းကို ကြောက်လန့်ရတဲ့ သူ့စိတ်ကလည်း ဘယ်သောအခါမျှ ငုတ်လျှိုးမသွားခဲ့။ ဒါတောင် ယံက အသက်တစ်နှစ်တိတိ ကြီးသူဖြစ်နေသေးတာပင်။ ကောင်းဆိုတာ သူ့ကိုသိပ်စိုးမိုးချင်ရှာတဲ့ ဂျစ်တစ်တစ်ကောင်ကလေး။ ချစ်တာနှင့်အမျှ သဝန်တိုစိတ်၊ အတ္တကြီးစိတ်လည်း သာမန်ထက်လွန်ကဲတာမို့ သူတို့နှစ်ဦးကြား ပြဿနာတွေပေါများလွန်းတာ မြေပြင်မှာအတွေ့များသည့် မြက်ရိုင်းတွေအတိုင်း။ အခုလည်း ယံ အမှားမလုပ်ပါဘဲ ဖြေရှင်းဖို့ဆင်ခြေတွေ ရှာကြံနေရပြန်လေပြီ။