မောင်နဲ့စတွေ့တဲ့နေ့က ငါ မောင်တို့ကျောင်းကို ပြောင်းလာတဲ့နေ့။
"အာ့.."
ငါက သိပ်ကို နမော်နမဲ့နိုင်တယ်မလား မောင်။
လူအများကြီးရှိတဲ့အထဲ မောင့်ရှေ့မှာမှ ချော်လဲကျရတယ်လို့။ဒါပေမဲ့ ပြန်တွေးကြည့်တော့
ပထမဆုံးတွေ့ကတည်းက ငါက မောင့်ရှေ့မှာ ကျရှံူးခဲ့ရတာပဲ။"အဆင်ပြေရဲ့လား။"
ကြမ်းပြင်ပေါ် ထိုင်လျက်ကျနေတဲ့ငါ့ကို မောင်က ထူပေးရှာတယ်။ မောင်က သိပ်ကိုကြင်နာတတ်တဲ့ သူတစ်ယောက်ပါ။ငါ့ရဲ့အကျည်းတန်စွာ ချော်လဲမှုကို အချို့တွေက
လှောင်ရယ်နေခဲ့ကြတယ်။ ငါ့မှာ ရှက်လွန်းလို့ တွင်းတစ်ခုတူးပြီး ဝင်အောင်းပစ်လိုက်ချင်တဲ့အထိပဲ မောင်ရာ။"ရယ်စရာ ပါလို့လား?!" မောင့်ရဲ့ပြတ်သားတဲ့အသံက
ရယ်သံတွေကို ရပ်သွားစေတယ်။ပထမဆုံးအကြိမ်အဖြစ် မောင်က ငါ့ကို ကာကွယ်ပေးခဲ့တယ်။
"ကျေးဇူး.." ခေါင်းပဲညိတ်ပြလာတဲ့ မောင့်ရဲ့ပုံရိပ်က
ငါ့အတွက်တော့ ဆွဲဆောင်မှုရှိလိုက်တာ။ကျောင်းဘဲလ်တီးသံကြောင့် အတန်းဆီကို ထွက်သွားတဲ့ မောင့်နောက် ငါ့မျက်လုံးတွေ ကပ်ပါသွားခဲ့တယ်။
ငါ မောင့်ကို စိတ်ဝင်စားတယ်။
×××
ကျောင်းအသစ်နဲ့နေသားမကျသေးတဲ့ ငါက
ကန်တင်းကိုတောင် ရှာမတွေ့ဘူး။ ပေါင်းသင်းဆက်ဆံရေး အားနည်းတဲ့အပြင် လူတွေနဲ့ဆက်ဆံဖို့ ယုံကြည်မှုမရှိတဲ့ငါက ဘယ်သူ့ကိုမှလည်း မမေးနိုင်ခဲ့့ဘူးပေါ့။"လမ်းပျောက်နေတာလား။"
ကံကြမ္မာရဲ့တိုက်ဆိုင်မှုနဲ့ မောင်က ငါ့ရှေ့ပေါ်လာပြန်တယ်။"ကန်တင်းကို ဘယ်လမ်းကနေ သွားရမှာလဲ။"
"ကန်တင်းသွားမလို့လား။ ဒါဆို ငါနဲ့လိုက်ခဲ့လေ။ ငါလည်း ကန်တင်းသွားမလို့။" ငါငြင်းချိန်မရလိုက်ခင်မှာပဲ မောင်က
ငါ့ပုခုံးကိုဖက်ရင်း အတူခေါ်ယူသွားတယ်။ဘာမဟုတ်တဲ့ အထိအတွေ့လေးဆိုပေမဲ့ ငါ့ရင်တွေခုန်နေတယ် မောင်။