"ရိပေါရောက်နေပါပြီ Dr.Xiao"
"အင်း.....၀င်လာခိုင်းလိုက်"
ချုံချင်ပြည်နယ် ပုဂ္ဂလိက ဆေးရုံ အာရုံကြောဌာန၏ အထူးကုရုံးခန်းတွင်း အလုပ်များနေသူကို ရိပေါ အခန်း၀မှ ရပ်ကြည့်နေရသည်။ တံခါးဖွင့်ထားကာ nurse မလေး၏ ခွင့်တောင်းသံကိုအတိုင်းသားကြားနေရပေမယ့် ခွင့်ပြုချက်မရပဲ ရိပေါ ၀င်လို့မရ။
nurse မလေးကို တစ်ချက်မျှပင်မော့မကြည့်ပဲ စာအုပ်တစ်အုပ်ကို လှန်လှောကြည့်ရင်းဖြေလာသည့်အခါမှ ပခုံးပေါ်မှအိတ်ကို တစ်ချက်ဆွဲတင်ရင်း ရိပေါအခန်းထဲ၀င်လိုက်သည်။
စားပွဲရှေ့တွင် လက်နှစ်ဖက်အရှေ့တွင်ယှက်ကာ သေချာရပ်လိုက်ပေမယ့် ရိပေါရှေ့မှလူသားကတော့ မျက်မှန်ကိုတစ်ချက်ပင့်တင်ရုံမှလွဲမည်သည့်ထူးခြားမှုမှမရှိ။
"မနက်ဖြန် ကျောင်းထွက်ဖို့လုပ်ထားရိပေါ"
"ဗျ....ဗျာ"
ရိပေါ အလန့်တကြားမော့ကြည့်မိသည်။ သို့သော် အရှေ့မှ သူကတော့ ခပ်အေးအေးသာ။ မျက်ခုံးပင်တစ်ချက်မတွန့်ချိုးခဲ့သလို ရိပေါကိုလဲ လုံး၀ကြည့်မလာသေး။
ထိုသူ.....ရိပေါ အရှေ့မှလူ......
တခြားသူတော့မဟုတ်ခဲ့ပါ။အတိအကျပြောရပါလျှင်-
ချုံချင်ပြည်နယ်၏ အာရုံကြောအထူးဆရာ၀န် Dr.ရှောင်ရှောင်းကျန့်။
ရိပေါကျောင်းပြီးသည်နှင့် ချက်ချင်းလက်ထပ်ရမည့်သူ။
လက်ရှိတွင်လဲ ရိပေါအပေါ် အုပ်ထိန်းခွင့်အပြည့်အ၀ရထားသည့်သူ။
ပါးပါးပြီးလျှင် ရိပေါ လုံး၀ လွန်ဆန်နိုင်ခြင်းမရှိသည့်သူ။
"ကျွန်တော် တောင်းပန်ပါတယ် ကော။ ကျောင်းတော့... .ကျောင်းတော့မထွက်ချင်ပါဘူး"
"ကျောင်းထွက်ဖို့လိုအပ်တဲ့စာရွက်စာတမ်းတွေကို ရှေ့နေကပြင်ပေးလိမ့်မယ်။ မင်းက လက်မှတ်ထိုးရုံပဲ"
ရိပေါစကားကို လုံး၀စိတ်မ၀င်စားစွာ မျက်မှန်တစ်ချက်ပင့်၍ ပြောချင်သည့်အကြောင်းအရာကိုသာပြောနေသည့်သူကိုရိပေါမည်သို့တောင်းပန်ရမည်မသိ။