နက်မှောင်နေသောဆံပင်များကို ရှေးပုံစံအပေါ်တွင်စု၍ထုံးဖွဲ့ထားပြီး ကနုတ်ပန်းရိပ်များဖြင့် အကော့အညွှတ်များပါသောအင်္ကျီ၏နောက်ပခုံးဆက်မှ ဝဲဖြာကျနေသောအစရှည်။ ပြုံးယောင်သန်းနေသော နှုတ်ခမ်းပါးလေးပွင့်ဟလာချိန်တွင်တော့"အရှင် အကျွန်ုပ်ကို မေတ္တာသက်ဝင်ပါသလော့"
မျက်လုံးများက စကားသံသဲ့သဲ့နောက်တွင်အလိုလိုပွင့်ဟသွားခဲ့ပြီး ငေါက်ခနဲထထိုင်မိလိုက်သည်။ နဖူးမှစီးကျလာသော ချွေးများကရေချိုးထားသလို တဒီးဒီးကျနေပြီး ရင်ဘက်အစုံသည်လည်းတလှပ်လှပ်တုန်လျက်။ ရေဓါတ်ခမ်းခြောက်နေသူတစ်ယောက်လိုရေကို အငမ်းမရသောက်လိုက်ပြီးစိတ်ကိုတည်ငြိမ်စေလိုက်သော်လည်း ထိတ်လန့်နေဆဲပင်။
အိပ်မက်။ ဒီအိပ်မက်က သူ့ကိုခြောက်လှန့်နေတာကြာခဲ့ပြီ။ နိုးထလာချိန်တိုင်း မျိုးစုံသောခံစားချက်များကရောပြွန်နေပြီး သူ့ကိုယ်သူမပိုင်တော့သလိုခံစားမိတဲ့အထိ ခြောက်ခြားစရာကောင်းလှသည်။ တစ်ခါတစ်ရံ ဝမ်းနည်း၍ငိုရှိုက်မိသည့်အထိထိတ်လန့်ဖွယ်အိပ်မက်တွင်ပါဝင်သည်က မိန်းကလေးတစ်ယောက်သာ။
ရှေးကျသော ဝတ်စုံ~~~ပုဂံဝတ်စုံဖြစ်နိုင်လောက်သည်။ နူးညံ့သောစကားသံ~~~ရင်းနှီးနေသောအသုံးအနှုန်းများမဟုတ်။ အရှင်~~~ရည်ရွယ်သူက ကျွန်တော်သာဖြစ်နေပါလျှင်....
ကုတင်ခေါင်းရင်းမှ ဖုန်းကိုယူနေသောတဆတ်ဆတ်တုန်နေသည့်လက်တို့က အတားအဆီးမရှိစွာ။
"ဟယ်လို ကောင်းမြတ်"
ညအချိန်မတော်ကြီးအိပ်မောကျနေသူကို ဖုန်းဆက်နိုးလိုက်သောအကျိုးဆက်မှာ အိပ်ချင်မူးတူးဖြင့်အဆက်မပြတ်ဆဲသံများ။
"မင်းဆဲလို့ဝရင် ငါပြောမယ်!"
အပြစ်မတင်နိုင်သေး။ အရေးကြီးသည့်အကြောင်းက ရှိနှင့်နေတော့။ ကောင်းမြတ်၏ဆဲသံများကို ဖုံးအောင်အသံမြင့်၍ပြောလိုက်သည်။ တစ်ယောက်နေသောတိုက်ခန်းဖြစ်သည်ကြောင့်တော့ အသံလုံ၍ စိတ်ပူစရာမလို။
YOU ARE READING
ပုဂံမြေမှ လွမ်းချင်းဖွဲ့သီပါလျှင်(One shot)
Short Storyစိတ်ကူးယဥ်ဇာတ်လမ်းသက်သက်သာ......