The Day You Bit Me

19 2 10
                                    

Uni

                                                   The Day You Bit Me


ပုစွန်ဆီရောင်ညနေခင်းနှင့် နှုတ်ဆက်ခွဲခါနီး နေမင်းကြီးတို့ဟာ အလွမ်းသယ်နေသလားမသိပါ။နေမင်းကြီးက ဖြည်းညင်းစွာ တိုးဝင်ပျောက်ကွယ်နေလေသည်။အစိမ်းရောင် သစ်ပင်တွေဟာလည်း အညိုရောင်ပြောင်းနေသလိုနှင့် အမြင်အာရုံတွင် တစ်မျိုးတစ်ဖုံဆန်းသစ်နေကြသည်။တစ်ချက်တစ်ချက် ဝှေ့တိုက်သွားသော လေပြေလေညင်းလေးကြောင့်လည်း တစ်စုံတစ်ရာကို လွမ်းဆွတ်နေသလို ခံစားရသည်။ဒဏ်ရာမရှိဖူးတဲ့ နှလုံးသားလေးတောင် နာကျင်ခံစားရလာသည်။

ခံစားလွယ်တဲ့ အနုပညာသမားမို့ထင်သည်။အရာရာက ခံစားသက်ဝင်ပြီးရင် နှလုံးသားထဲမှာ တော်ရုံနှင့် ပျောက်ပျက်မသွားတတ်။ဘဝမှာ အခက်အခဲအများကြီးမရှိရင်တောင် ရှာကြံတွေးပြီး ပန်းချီကားတစ်ချပ်ကို ရေးဆွဲတတ်တာက ကျွန်တော့်ရဲ့အကျင့်ပဲလေ။အချစ်အတွက် ခံစားမယ့်အစား သဘာဝတရားကြီးကို ခံစားတတ်တာကလည်း ကျွန်တော့်အားသာချက်လို့ပဲ ပြောရမှာပေါ့။အနီရောင်တွေကို သဘောကျသလို အနီရောင်တွေလိုပဲ ရဲရင့်ချင်တယ်။မိဘဆိုတာကလည်း အချိန်တန်ရင် သားသမီးကို ထားခဲ့ကြရမှာက သဘာဝ။အမြဲတမ်းမှီခိုနေလို့မရသလို ပစ်ပယ်ထားဖို့လည်း မသင့်တဲ့သူတွေပေါ့။ကျွန်တော့်ပါးနဲ့မားကတော့ ကျွန်တော့်စိတ်ကြိုက် ကျွန်တော့်လမ်းကြောင်းကို ရွေးချယ်ခွင့်ပေးထားပြီး ခပ်အေးအေးနေတတ်သူတွေ။ကျွန်တော်ကလည်း မိဘတွေကို တန်ဖိုးထားမြတ်နိုးပေမယ့် အရမ်းကြီးချွဲပြ၊ကပ်ပြနေတတ်တဲ့သူ မဟုတ်တော့ ကျွန်တော်နဲ့ ကျွန်တော့်မိဘတွေက အရမ်းကြီးတော့ မိသားစုဆန်မနေဘူးပေါ့။နေမင်းကြီးက နှုတ်ဆက်နေပြီ။ကျွန်တော် တောင်အောက်ကို ဆင်းမှဖြစ်တော့မယ်။



ချည်နှောင်ထားတဲ့ ခေါင်းစည်းကွင်းကပျက်သွားတော့ တောင်ပေါ်လေ ခပ်အေးအေးလေး တိုက်ခတ်လာချိန်မို့ ပိတုန်းရောင် ဆံနွယ်ရှည်လေးများက ပုခုံးထက်ကို ကျဆင်းလာကြသည်။စိတ်ရှုပ်သွားဟန်နှင့် အိတ်ထဲက ခေါင်းစည်းကြိုးကို ထုတ်ကာ ဆံပင်ကို အပြောင်သိမ်း၍ ခပ်မြင့်မြင့် ချည်နှောင်ထားလိုက်သည်။

ပန်းချီပစ္စည်းများကို သိမ်းဆည်းကာ သိပ်မမြင့်တဲ့ တောင်ကုန်းလေးပေါ်ကနေ ကျွန်တော် ဆင်းလာခဲ့တယ်။ခြေလျင်ဆိုတော့ ခပ်အေးအေးပဲ သီချင်းလေးညည်းရင်း ဆင်းလာခဲ့တာ။ဘေးပတ်ဝန်းကျင်ကလည်း ခရီးသွားတွေလောက်ပဲ ရှိတယ်လေ။ကျွန်တော့်အိမ်က တောင်ကုန်းလေးတွေပါးတဲ့ မြေပြန့်နားလေးမှာဆိုတော့ တောင်ပေါ်တက်ချင်ရင်လည်း ခဏလေး။တက်ချင်ရင်လည်း ခဏလေးပဲ။ကျွန်တော် ဒီနေ့ပန်းချီဆွဲတာ ဈာန်ဝင်နေလို့ ဆင်းလာတဲ့အချိန်တောင် နောက်ကျသွားတယ်။

ထိုအချိန်မှာပင် တောင်တန်းတွေဆီကနေ ပျံသန်းလာတဲ့ လိပ်ပြာအနီရောင်လေးတစ်ကောင်က ထိုကောင်လေးရဲ့ ပုခုံးပေါ်ကို လာနားလေသည်။ပုခုံးဆိုတာထက် လည်ပင်းနဲ့က ပိုနီးသလိုပင်။ယားကျိယားကျိခံစားလာရတာကြောင့် ကောင်လေးလည်း လက်နဲ့အသားစမ်းကြည့်လေသည်။

အားယား...။ကျွန်တော့် လည်းပင်းနားလေးမှာ ဘာကောင်တက်နေလဲမသိဘူး။ပိုးကောင်တွေကို မရွံတတ်ပေမယ့် ယားတဲ့ကောင်တွေတော့ ကြောက်တယ်ဗျ။ကုတ်ရ ဖဲ့ရနဲ့လေ။အသားနာတာပေါ့။

လည်ပင်းကို လက်နဲ့စမ်းလိုက်တိုင်း လိပ်ပြာလေးက ပျံသန်းသွား၍ လက်နဲ့မစမ်းတော့ရင် ပျံပြီး လာတက်ပြန်လေသည်။

"ဟေ့ကောင် ငါစိတ်တိုလာပြီနော်။စိတ်တိုရင် အကုန်ဆွဲစားပစ်မှာ။ဘာမှတ်နေလဲ။အေးအေးနေလို့ မစွာဘူးထင်မနေနဲ့။"

ဒီတစ်ခါတော့ လိပ်ပြာလေးက လည်ပင်းနားတွင် နားရုံမက ကိုက်ပါကိုက်လိုက်လေသည်။ကောင်လေးရဲ့ အသံစူးစူးဟာလည်း တောင်တန်းတစ်ခွင် ပဲ့တင်သံ ထပ်သွားလေသည်။

"အား...ချီးလိုပဲ။ငါ့လည်ပင်းကို ကိုက်ရသလား။ငါ့လည်ပင်းက ပန်းပွင့်နဲ့ တူနေလို့လား လိပ်ပြာစုတ်ရ။စူးနေတာပဲ။ပုရွတ်ဆိတ်ကျနေတာပဲ။နောက်ထပ်လာနားရဲနားကြည့် အတောင်ပံဖြုတ်ပြီး ကင်စားပစ်လိုက်မယ်။ဘာမှတ်နေလဲ။"

ဒေါသထွက်ထွက်နှင့် အော်ပြောနေတဲ့ ကောင်လေးကို ခရီးသွားများကလည်း ကြည့်၍ ပြုံးစိစိနှင့်ပင်။ပတ်ဝန်းကျင်ကို ဂရုမစိုက်အားဘဲ အာပြဲနှင့် လိပ်ပြာကို ရန်တွေ့နေသော ကောင်လေးမှာ အသက်နှစ်ဆယ့်ကိုးနှစ် ရှိပြီလို့ပြောလျှင် မည်သူမှ ယုံနိုင်မည်မဟုတ်ပါ။

လိပ်ပြာလေးကတော့ ကောင်လေး ကင်စားခံရမှာကို ကြောက်သည်လားမသိပါ။အဝေးတစ်နေရာကို ပျံသန်းသွားတော့သည်။

ဟွန့်..။ကိုက်စရာရှားလို့ လည်ပင်းမှ လာကိုက်ရတယ်လို့။လိပ်ပြာက အဆိပ်ရှိတယ်လို့တော့ မကြားဖူးပါဘူး။ဘာမှမဖြစ်လောက်ပါဘူး။နောက်နေ့ တွေ့လို့ကတော့ တကယ်ကင်စားပစ်မယ်။

ခြေတံရှည်ရှည်လေးတွေဟာ တစ်လှမ်းတစ်လှမ်းကို သာမာန်လူလိုက်မမီနိုင်အောင် ကျယ်လွန်းလှသော ခြေလှမ်းကျဲကြီးများဖြင့် အိမ်ပြန်လမ်းကို ခရီးဆက်လေသည်။အိမ်ပြန်ချိန်တိုင်း အေးဆေးသာယာနေတတ်ပေမယ့် ဒီတစ်ခါတော့ စိတ်ထဲစနိုးစနှောင့်ဖြစ်ဖြစ်နှင့်ပင် နှုတ်ခမ်းချွန်ချွန်မျာကလည်း စူပုတ်ထားလေသည်။

                                                             ********************************


မာဖလာတပတ်လေးကို မချမ်းဘဲ ပတ်ကာ အင်္ကျီကိုတော့ လက်ရှည်အပါးလေးသာ ဝတ်ဆင်ကာ ကောင်လေးက ပန်းချီလာဆွဲပြန်သည်။နေ့ရက်တိုင်းမှာ ရှုခင်းတွေကို မငြီးမငွေ့ ပန်းချီကားလေး တစ်ချပ်အဖြစ် အသက်သွင်းလေသည်။ပန်းချီဆွဲနေတဲ့ အချိန်အတောအတွင်းမှာ လိပ်ပြာနီလေး တဝေ့ဝေ့ ဝဲပျံနေတာကိုတော့ ကောင်လေးဟာ သတိမထားမိပါ။စုတ်ချက်လေးအတိုင်းလည်း လေထဲမှာ ဝေ့ပျံနေတတ်သေးသည်။

ပန်းချီကားတစ်ချပ်ကို အဆုံးသတ်ပြီးသွားတဲ့ ကောင်လေးက အညောင်းအညာပြေအောင် အပျင်းကြောဆန့်လိုက်သည်။မိမိကို စိုက်ကြည့်နေသလို ခံစားရလို့ ဘေးပတ်ဝန်းကျင်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။

ဘယ်သူမှလည်း မရှိပါဘူး။သရဲခြောက်တာတော့ မဖြစ်နိုင်ပါဘူး။ငယ်ငယ်လေးကတည်းက လာနေကျကို တစ်ခါမှ သရဲမတွေ့ဖူးပါဘူး။ဟင်း...။သရဲတောင် ရှိလည်း ကျွတ်လောက်ရောပေါ့။ဒါမှမဟုတ် ငါဖတ်ဖူးတဲ့ ဝတ္ထုတွေထဲကလို သရဲမလေးကများ ငါ့ကို ကြိုက်လို့ လာချောင်းကြည့်နေတာများလား။

"ဟီး..။ဟား..ဟား....။သရဲမလေးရေ မင်းတကယ်ရှိနေလည်း ကိုယ်ကတော့ ပြန်မကြိုက်နိုင်ဘူးနော်။လူတောင် ပြန်ကြိုက်တာမဟုတ်ဘူး။"

ငါလည်း ပေါက်တတ်ကရ လျှောက်ပြောနေမိပြီ။လူတွေနဲ့ သိပ်စကားမပြောတာ ကြာလို့ ဂေါက်များသွားပြီလား မသိဘူး။မဖြစ်ဘူး။အပြင်လေးဘာလေး လျှောက်လည်ပြီး စကားလေးဘာလေး ပြောဦးမှပဲ။လူဆိုတာ လူစကားလေးတော့ ပြောပေးဦးမှ။

ကောင်လေးသည် သိမ်းဆည်းစရာရှိသည်များကို သိမ်း၍ ထုံးစံအတိုင်း အိမ်ပြန်လမ်းလေးကို စတင်လျှောက်လှမ်းတော့သည်။

အနီရောင်လိပ်ပြာလေးဟာလည်း ကောင်လေးရဲ့အပျံခရီးမှာ အတူလိုက်ပါလာလေသည်။မာဖလာပတ်ထားတာမို့ ဒီတစ်ခါတော့ ကောင်လေးက သတိထားမိသည့်ပုံမပေါ်ပေ။အနီရောင်လိပ်ပြာလေးနှင့် အနီရောင်ခြည်ထည်မာဖလာလေးမှာ ရောထွေးနေတော့သည်။သီချင်းလေးညည်းရင်း လမ်းလျှောက်နေသည့် ကောင်လေးကိုယ်ပေါ်က လိပ်ပြာလေးဟာလည်း သီချင်းလေးအတိုင်း စီးမြောနေသလိုပင်။

အိမ်ကိုရောက်ခါနီးတော့ ကောင်လေးက ရုတ်တရက် မျက်နှာနားကနေ ဖြတ်၍ပျံသန်းသွားသော လိပ်ပြာလေးကို မြင်လိုက်လေသည်။

လိပ်ပြာလေးက အနီရောင်လေးပဲ။မနေ့က ငါတွေ့ခဲ့တဲ့ လိပ်ပြာနဲ့အတူတူပဲလားမသိဘူး။လိပ်ပြာအရောင်တူတာတွေ အများကြီးရှိတာပဲ။မဟုတ်လောက်ပါဘူး။ဒါပေမယ့် ဒီတစ်ခါလိပ်ပြာလေးကတော့ ငါ့ကို ကိုက်မသွားဘူးပဲ။လိပ်ပြာကိုက်တယ်ဆိုတာ မကြားဖူးပါဘူး။အနီရောင်ကို ကြိုက်ပေမယ့် ကိုက်တတ်တဲ့ အနီရောင် လိပ်ပြာကိုတော့ မကြိုက်ပါဘူး။တော်ကြာအဆိပ်ရှိရင် သေသွားနိုင်တယ်။လူ့ဘဝလေးကို နေလို့မဝသေးတာ မသေနိုင်သေးပါဘူး။

ပေါက်ကရအတွေးများစွာနှင့် ကောင်လေးကတော့ အေးဆေးတည်ငြိမ်တဲ့ ရုပ်လေးနဲ့မှမလိုက်ပေ။ ဘယ်သူကမှ သူဒီလိုတွေတွေးတတ်တယ်ဆိုတာ ထင်မထားလောက်ပေ။

                                     **********************************************


အနီရောင်လိပ်ပြာလေးဟာ ကောင်လေးအိမ်ပြန်တဲ့အချိန်တိုင်း ပုခုံးပေါ်တွင် လိုက်ပါလာတတ်လေသည်။တတိယမြောက်နေ့မှာ ကောင်လေးက သတိထားမိပေမယ့် သူ လိပ်ပြာလေးကို မောင်မထုတ်ဖြစ်ခဲ့ပါလေ။တစ်ယောက်တည်း ပြန်နေကျ အိမ်ပြန်လမ်းလေးဟာ ခါတိုင်းထက် လှပနေသလိုတောင် ခံစားရသည်။

စတုတ္ထမြောက်နေ့မှာတော့ ကောင်လေးက လိပ်ပြာလေးကို ပွတ်သပ်ပေးမိသည်။လိပ်ပြာလေးဟာ ထွက်မပြေးဘဲ ပိုလိုတောင် လည်ပင်းနားကို တိုးကပ်လာသေးသည်။လည်ပင်းကို မကိုက်တာ ‌သေချာတော့မှ ကောင်လေးလည်း မာဖလာလေးကို ချွတ်လိုက်လေသည်။ကောင်လေး အိမ်ကိုရောက်လျှင် လိပ်ပြာလေးက သူ့အလိုလျောက် ပျံသန်းကာ ပြန်သွားတတ်သည်။လူစကားကို နားလည်သလိုပင်။

ပဉ္စမမြောက်နေ့မှာတော့ ကောင်လေးဟာ မာဖလာကို လုံးဝမပတ်ဘဲ တောင်ပေါ်ကို ပန်းချီဆွဲရန် ထွက်လာခဲ့သည်။ဒီတစ်ခါတော့ လိပ်ပြာလေးက အိမ်ပြန်ချိန်ကျမှ ပေါ်လာတာမဟုတ်ဘဲ ပန်းချီစတင်ဆွဲသည်နှင့် သူ့ပုခုံးပေါ်သို့ လာနားလေသည်။သူလည်း ဆွဲလက်စ ပန်းချီကားလေးထဲမှာ လိပ်ပြာအနီလေးကို ဖြည့်သွင်းရေးဆွဲလိုက်လေသည်။

ဆဌမမြောက်နေ့မှာတော့ လိပ်ပြာလေးဟာ သူတောင်ပေါ်ကို မတက်ခင် လမ်းကြားလေးအထိ ရောက်လာခဲ့သည်။သူလည်း ထူးဆန်းတယ်လို့ တွေးမိပေမယ့် ဒီလိပ်ပြာလေးအပေါ်မှာ ခင်တွယ်မိနေပြီဖြစ်သည်။တွေ့နေမြင်နေကျ ပစ္စည်းတွေကိုတောင် သံယောဇဉ်ဖြစ်တတ်သေးတာပဲ။သက်ရှိအရာလေးကိုဆို ပိုပြီး သံယောဇဉ်ဖြစ်မိမှာပေါ့။သူ ဒီသတ္တဝါလေးကို အိမ်ခေါ်သွားပြီး မွေးဖို့အထိတောင် စဉ်းစားလိုက်မိသည်။

သတ္တမမြောက်နေ့...ထိုနေ့တွင်တော့ လိပ်ပြာလေးဟာ လမ်းကြားလေးကို ရောက်မလာခဲ့သလို။အိမ်ပြန်လမ်းကလေးမှာလည်း လိုက်ပါမလာခဲ့ပါဘူး။ပိုးကောင်ကြီးတွေ သတ်ဖြတ်စားသောက်တာများ ခံလိုက်ရသလား။လူတွေပဲ ဖမ်းသွားသလားတော့ သူလည်းမပြောတတ်ပါ။မနေ့ကတည်းက သူ အိမ်ကို ခေါ်သွားခဲ့ရင် အခုလိုဖြစ်ပါ့မလား။ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသလို ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း တွေ့လိုတွေ့ငြား ရှာနေခဲ့မိသည်။စိုးရိမ်စိတ်က ကြီးစိုးနေတာကြောင့်မို့ ပန်းချီလည်း မဆွဲနိုင်ခဲ့ပါ။

အိမ်အပြန်လမ်းကို အထီးကျန်စွာ ဖြတ်သန်းရင်း ခြေထောက်များလည်း လေးလံနေမိသည်။သတ္တဝါငယ်လေးတစ်ကောင်ကို ဒီလောက်အထိ တွယ်တာနေမိသည့် ကိုယ့်ကိုယ်ကိုလည်း အံ့ဩမိသည်။စိတ်မပါလက်မပါ လမ်းလျှောက်နေတာမို့ အိမ်အပြန်လမ်းကြားလေးကိုတောင် ဘယ်လိုရောက်လို့ ရောက်လာမှန်းမသိတော့ပါ။

အနက်ရောင် suitအပြည့်နှင့် လျှာထိုးဦးထုပ် အနက်ရောင်ကို မျက်နှာတစ်ဝက်ဖုံးအောင် ဆောင်းထားသည့် လူငယ်လေးတစ်ယောက်ဟာ ကောင်လေးရဲ့ အိမ်ပြန်လမ်းကြားလေးထဲမှာ ရပ်စောင့်နေတာကိုတော့ ကောင်လေးက မြင်ဟန်မတူ။အတွေးရေယာဉ်မှာ နစ်မြောနေသည့် ကောင်လေးနောက်ကို အနက်ရောင်လူငယ်လေးဟာ တိတ်တဆိတ်လိုက်ပါလာခဲ့သည်။ကောင်လေး အိမ်ထဲကို ဝင်သွားတာမြင်မှ နှုတ်ခမ်းလွှာနီညို့ညို့လေးတစ်ခြမ်းဟာ တွန့်ကွေးတယ်ဆိုရုံလေး တွန့်ကွေးလိုက်လေသည်။တောင်ပေါ်သို့ သွားသည့်လမ်းကြားလေးထဲသို့ လူငယ်လေးဟာ တိုးဝင်ပျောက်ကွယ်သွားတော့သည်။


                                      ****************************************


လိပ်ပြာလေးကို မတွေ့ရတော့လို့ထင်သည်။ကောင်လေးသည် ပန်းချီလာဆွဲတိုင်း မျက်နှာလေးက ပုံမှန်ထက် ညှိုးငယ်လို့နေသည်။သူ့နောက်ကို အနက်ရောင်လူငယ်လေးက  အိမ်ပြန်ချိန်ရောက်တိုင်း လိုက်လာတတ်ကိုလည်း သတိမထားမိပေ။အမြဲတမ်း အနက်ရောင်တွေချည်း ဝတ်ဆင်ထားတတ်ကာ လျှာထိုးဦးထုပ်အနက်ရောင်လေးကိုလည်း ဆောင်းထားတတ်သေးသည်။

တစ်ခုသော ညနေခင်းတွင်တော့ ကောင်လေးဟာ အနက်ရောင်လူငယ်လေး သူ့နောက်ကို လိုက်လာသည်ကို သတိထားမိသွားလေသည်။ကောင်လေးတွေးမိတာကတော့ အနက်ရောင်လူငယ်လေးဟာ သူ့ဆီက တစ်ခုခု ခါးပိုက်နှိုက်မလို့လား။ဒါမှမဟုတ် ပြန်ပေးများဆွဲမလို့လားပေါ့။အခုခေတ်မှာ ယောကျာ်းလေးတွေရဲ့ ရွှေဉလေးတွေဟာ အရမ်းတွေဈေးတန်နေပြီ မဟုတ်လား။

နောက်ကို မသိမသာ လှည့်ကြည့်ကာ ခပ်တည်တည်ပဲ ရှုခင်းလေးတွေဘာတွေ ငေးသလို လုပ်နေလိုက်သည်။လူက အရပ်သာရှည်တာ ကိုယ်ခံပညာဆိုရင် ကိုယ်ခံတဲ့ ပညာပဲတတ်တာ။တကယ်ကြီး ပြန်ပေးဆွဲလို့ကတော့ ငါ ဘယ်လိုမှ လွတ်မှာမဟုတ်ဘူး။သူ့ကြည့်ရတာလည်း ခပ်မိုက်မိုက်ပုံနဲ့။နောက်နေ့တွေ တောင်ပေါ်တက်ပြီး ပန်းချီဆွဲရမှာတောင် ကြောက်လာပြီ။မဆွဲလို့တော့မဖြစ်ဘူး။ပြခန်းတစ်ခုမှာ ငါ့ပန်းချီကားတွေပြဖို့ ပြောထားတာလည်းရှိသေးတယ်။နောက်နေ့ကျရင်တော့ သစ်သားဒုတ် အတိုလေးဘာလေး ဆောင်ထားဦးမှပါ။

နောက်နေ့တွေမှာလည်း အနက်ရောင်လူငယ်လေးဟာ ကောင်လေးရဲ့အိမ်ပြန်ချိန်တိုင်းမှာ လိုက်ပါလာခဲ့လေသည်။အနောက်ကနေသာ လိုက်လာလေသည်။ဘာမှမလုပ်ဘဲ ဘာစကားမှလည်း မပြောပေ။ကောင်လေးလည်း ကြောက်တော့ကြောက်ပေမယ့် အနက်ရောင်လူငယ်လေးက သူ့ကို ဘာမှမလုပ်လောက်ပါဘူးလို့ တွေးမိလာလေသည်။

ကောင်လေးရဲ့နောက်ကို အနက်ရောင်လူငယ်လေး လိုက်နေသည်မှာ ငါးရက်မြောက်ရှိပြီဖြစ်သည်။ကောင်လေးလည်း ဘာသိဘာသာပဲ တောင်ပေါ်ကနေဆင်းကာ အိမ်ပြန်လာခဲ့လေသည်။အိမ်ပြန်လမ်းကြားလေးအရောက်မှာတော့ ကောင်လေးရဲ့အနောက်ကနေ နှုတ်ဆက်သံ ခပ်ဩဩကို ကြားလိုက်ရသည်။

"ကိုယ့်နာမည်က ဝမ်ရိပေါ်ပါ။မင်းနာမည်က ဘယ်လိုခေါ်လဲကောင်လေး။"

နှုတ်ဆက်သံကို ကြားတာမို့ ကျွန်တော် အနောက်ကို လှည့်ကြည့်လိုက်တယ်။တစ်ခါမှ စေ့စေ့မကြည့်ဖူးလို့ သူ့မျက်နှာကို မမြင်ဖူးပေမယ့် အသားအတော်ဖြူတာကိုတော့ သတိထားမိပါတယ်။အခုတော့ သူ့မျက်နှာလေးက မေးစေ့ချွန်ချွန်၊မျက်နှာသေးသေးလေးနဲ့ နှာခေါင်းလေးကလည်း ထိပ်လုံးလုံးလေးနဲ့ ချွန်နေတာ။တကယ်ကို ချောတဲ့လူသားလေးပဲ။သူ့မျက်လုံးတွေကိုတော့ ကောင်းကောင်းမမြင်ရဘူး။ဦးထုပ်ကြီးက ကွယ်နေလို့လေ။နှုတ်ခမ်းထူထူလေးကလည်း နီညို့ညို့လေးနဲ့။မက်မန်းသီးလေးလိုပဲ။အံမယ်..။ကျွန်တော် ဒီကောင်လေးကို တော်တော်ချီးကျူးနေမိတာပဲ။

အနက်ရောင်လူငယ်လေးက ရှေ့ကို ခြေတစ်လှမ်းတိုးလာပြီး ကောင်လေးရဲ့မေးဖျားလေးကို ဆွဲယူမော့စေလိုက်သည်။လူငယ်လေးရဲ့မျက်ဝန်းတွေဟာ အညိုရောင်တွေဆိုပေမယ့် အနီရောင်ဘက်ကို အနည်းငယ်သန်းနေသည်။

"ကိုယ် မင်းကို မြင်မြင်ချင်း ချစ်မိသွားတယ်။ကလေးလေး။"

ပြောပြီးပြီးချင်း အနက်ရောင်လူငယ်လေးက ကောင်လေးရဲ့နှုတ်ခမ်းလွှာလေးတွေကို တစ်လွှာချင်းဆွဲယူ နမ်းရှိုက်လေတော့သည်။မျက်ဝန်းသွယ်သွယ်လေးတွေဟာလည်း ပြူးဝိုင်းလာပြီး လက်ချောင်းရှည်ရှည်လေးတွေက ရုန်းကန်တွန်းထိုးလာတော့သည်။နှုတ်ခမ်းလွှာပါးလေးကို အနည်းငယ်စိမ့်ပေါက်အောင် ကိုက်လိုက်သည်မို့ အသံစူးစူးလေးကလည်း အင့်ခနဲ့ထွက်လာသေးသည်။အိုသွေးက အရသာအရှိဆုံးဆိုပေမယ့် ဒီကောင်လေးရဲ့ဘီသွေးအရသာက ပိုပြီး စွဲမက်စရာကောင်းနေသည်။ပါးစပ်ထဲမှာ ချောမွေ့ပြီး အနည်းငယ်ချဉ်သော အရသာလေးမို့ တစ်မျိုးဆွဲဆောင်မှုရှိနေတာပဲ။

တစ်ဖက်သတ် အနမ်းခံနေရတဲ့ကောင်လေးကလည်း ရှိသမျှအားအကုန်သုံး၍ အနက်ရောင်လူငယ်လေးကို တွန်းထုတ်ကာ လက်သီးနှင့် ခပ်ပြင်းပြင်းတစ်ချက်ထိုးလိုက်သည်။အမှန်တကယ် စိတ်တိုနေသည်ထင်သည်။မျက်နှာလေးနှင့် မလိုက်ဖက်စွာ မျက်ခုံးလေးကို တွန့်ချိုးလို့နေသည်။နိမ့်လိုက်မြင့်လိုက်ဖြစ်နေသော ရင်ဘတ်လေးကြောင့်လည်း အလွန်မောပန်းနေသည်မှာ မြင်သာလှသည်။စူထော်နေသော နှုတ်ခမ်းပါးလေးမှာလည်း သွေးစလေးများ အနည့်ငယ်ဆို့နေသည်။

"မင်းက ဘယ်သူလဲ။ငါ့နောက်ကိုလိုက်နေတာ သိပေမယ့် ဘာမှမနှောင့်ယှက်လို့ မသိချင်ယောင် ဆောင်နေခဲ့တာ။အခုတော့ မင်းက ငါ့ကို ချစ်တယ်လို့ပြောတဲ့အပြင် နမ်းလည်းနမ်းသေးတယ်။ပြီးတော့ ဘာတဲ့ ကလေးလေးတဲ့။မင်းအဘ ငါက အသက်နှစ်ဆယ့်ကိုးရှိနေပြီ။မကြာခင် သုံးဆယ်တန်းထဲသွားတော့မှာ။မလောက်လေးမလောက်စား ပေါက်စလောက်ကများ ငါ့ကို ကလေးတဲ့။မင်း ငါ့နောက်ကို လိုက်နေတာ ငါ့ကို ရည်းစားစကားပြောမလို့ လိုက်နေတာလား။ကိုယ့်အိမ်ကိုသာ ပြန်စမ်းပါ ပေါက်စရဲ့။မင်းကို ရုပ်ကလေးကြည့်ပြီး သနားလို့ တစ်ချက်ပဲ ပြန်ထိုးလိုက်တာနော်။ဆိုးမနေနဲ့တော့။ကျောင်းသာမှန်မှန်တက်စမ်းပါ။"

အဆက်မပြတ် တဗျစ်တောက်တောက် ပြောနေတဲ့ ကောင်လေးကို ကြည့်ပြီး အနက်ရောင်လူငယ်‌လေးက ခွက်ထိုးခွက်လန် ခေါင်းကိုမော့မော့၍ ရယ်တော့သည်။ရယ်လွန်းလို့ ဦးထုပ်လေးတောင် ကျွတ်ကျသွားလေသည်။ဦးထုပ်ကျွတ်သွားတော့မှ အနက်ရောင်လူငယ်လေးရဲ့ဖြူဖြူနုနုမျက်နှာလေးက ပိုလို့တောင် ထင်ရှားပေါ်လွင်လာသည်။

"မင်းက သုံးဆယ်ပြည့်တော့မှာကိုး။ကိုယ်က ဆယ့်ရှစ်နှစ်လောက်မှတ်နေတာ။ကိုယ်က မင်းထက် အများကြီး ကြီးတာမို့ မင်းက ကိုယ့်အတွက်တော့ ချာတိတ်လေး...ကလေးလေးပဲ။ကိုယ့်နာမည်ကို မိတ်ဆက်ပြီးပြီလေ။မင်းနာမည်လည်း ပြောပြဦးလေ။"

"ဘာချာတိတ်လဲ။ထုထည့်လိုက်ရလို့..အကြီးကို။ဘာကိစ္စ ငါက မင်းကို နာမည်ပြောပြရမှာလဲ။မင်းက လူကောင်းမှန်းမသိလူဆိုးမှန်းမသိ။ငါ့နောက်ကို ဆက်လိုက်မလာနဲ့နော်။"

ခြေလှမ်းကျဲကြီးများဖြင့် ခြေတံသွယ်သွယ်လေးများဟာ အိမ်ထဲသို့ ပြေးဝင်သွားတော့သည်။ပန်းချီဆရာလေးရဲ့ ရင်ထဲမှာလည်း တလှပ်လှပ်နဲ့ပေါ့။သူ့ဘဝရဲ့ ပထမဆုံးအနမ်းဦးဟာ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်နဲ့တဲ့လေ။ရင်ခုန်မိတာ အမှန်ပေမယ့် ဝန်ခံဖို့တော့ ဘယ်တော့မှ စိတ်ကူးမိမှာမဟုတ်ဘူး။သူ့ဘဝလေး အေးချမ်းနေပြီးသားကို ယောကျာ်းတစ်ယောက်ကြောင့်နဲ့ မပူလောင်ချင်ဘူး။ပတ်ဝန်းကျင်ကို ဂရုမစိုက်ပေမယ့် အာရုံစိုက်လည်း မခံချင်ဘူး။ဒဏ်ရာတွေရလာမှာလည်း မလိုချင်ဘူး။အနီရောင်ကို ကြိုက်ပြီး ရဲရင့်ချင်ပေမယ့် အချစ်ဆိုတဲ့အရာကြောင့်တော့ သတ္တိတွေရှိလာဖို့ မမျှော်လင့်ဘူး။ကာလာငြိမ်နေတဲ့ ပန်းချီကားလေးတစ်ချပ်ပဲဖြစ်ချင်မိတယ်။ဒီBlack ballလေးကြောင့်နဲ့ လိပ်ပြာနီလေးကို မေ့နေမိတယ်။မင်းလည်း ကောင်းမွန်တဲ့ဘဝမှာ ရှိနေဖို့ ငါဆုတောင်းပေးပါတယ်။ကံမကုန်ရင် ပြန်ဆုံကြမှာပါ။


                                              ********************************


ကောင်လေးရဲ့နေ့ရက်တိုင်းမှာ အနက်ရောင်လူငယ်လေးဟာ တစ်နည်းမဟုတ်တစ်နည်းဖြင့် ပါဝင်တတ်လာသည်။အိမ်ပြန်လမ်းကိုရောက်တိုင်းလည်း အဖြေတောင်းတတ်သလို၊ တောင်ပေါ်မှာ ပန်းချီဆွဲရင်လည်း မြက်ခင်းပြင်ပေါ်မှာ ငုပ်တုပ်ထိုင်ပြီး ကောင်လေးကို ငေးကြည့်နေတတ်သည်။ငေးလွန်းလို့ ကောင်လေးကိုယ်မှာတောင် အပေါက်ဖြစ်သွားနိုင်သည်။အငေးခံနေရတဲ့ကောင်လေးခင်မျာမှာတော့ အနေရခက်ကာ ပုံဆက်ဆွဲဖို့ အာရုံမစိုက်နိုင်ဖြစ်နေရှာသည်။

ဘယ်မှာနေလို့၊ဘာလုပ်မှန်းမသိတဲ့ Black Ballလေး ကျွန်တော့်နောက်ကို လိုက်နေတာ တစ်လတောင် ပြည့်တော့မယ်။လိပ်ပြာလေးကိုတောင် သံယောဇဉ်ထားမိတတ်တဲ့သူမို့ ဒီဘောလုံးလေးကို သံယောဇဉ်မတွယ်မိဘူးပြောရင် လိမ်ရာကျမှာပေါ့။ဒါပေမယ့် သူပြောသလို ချစ်သလား၊ကြိုက်သလားတော့ ကျွန်တော်လည်း မသိဘူး။ကျွန်တော်အရင်က သဘောကျဖူးတဲ့ ကောင်မလေးတော့ ရှိခဲ့ဖူးပေမယ့် မတွေ့တာကြာတော့လည်း မေ့မေ့ပျောက်ပျောက်နှင့် အခုချိန်လမ်းမှာတွေ့ရင်တောင် မှတ်မိလောက်မှာမဟုတ်ဘူး။သဘောကျတယ်၊ချစ်တယ်၊ကြိုက်တယ် ဆိုတာတွေက  ကျွန်တော့်အတွက်တော့ ပန်းချီကားတွေလောက်မှ အရေးမကြီးပဲ။သူအဖြေလာတောင်းတိုင်းတော့ ကျွန်တော့်ရင်ခုန်သံတွေက ခဏတာ စိတ်ဖောက်ပြန်သွားသလိုပဲ။သူ အနီးကို ကပ်လာတိုင်း ရင်ထဲမှာ တလှပ်လှပ်နဲ့၊ လက်ဖျားတွေလည်း အေးစက်လာတယ်။သူ့အသားကို မထိဖူးပေမယ့် သူအနီးနားရှိနေရင် လေပြေအေးအေးလေးတွေ တိုက်ခတ်သွားသလို ခံစားရတယ်။အချစ်ကို အဓိပ္ပာယ်မဖွင့်ချင်သလို၊ အဓိပ္ပာယ်လည်း မသိချင်ဘူး။


အနက်ရောင်လူငယ်လေးဟာ ကောင်လေးကို တွေတွေလေး ငေးကြည့်နေတယ်။မျက်ဝန်းထဲမှာလည်း ဆွေးရိပ်သန်းနေရှာတယ်။မထိရက်မကိုင်ရက် ရတနာလေးကို ငေးကြည့်နေသလိုပင်။ရတနာတွေဆိုတာလည်း ကိုယ်နဲ့ထိုက်မှ ရတာမဟုတ်လား။ကိုယ်မပိုင်ဆိုင်နိုင်သေးတဲ့ ရတနာလေးကို အဝေးကနေပဲ ကြည့်ခွင့်ရရင်ကို ကျေနပ်သင့်ပေမယ့် အတောမသတ်နိုင်တဲ့ အတ္တလေးကတော့ တစ်ချက်တစ်ချက် ခေါင်းပြူထွက်လာတတ်တယ်။ပိုင်ဆိုင်နိုင်ခွင့်ရှိမလားလို့ ဒီတစ်ခါမေးပြီးရင် အတည်စွန့်လွှတ်တော့မယ်။အဝေးတစ်နေရာကနေပဲ ငေးကြည့်နေတော့မယ်။ကိုယ်ချစ်တဲ့သူကို နာကျင်ခံစားရအောင်လုပ်ပြီးမှလည်း မပိုင်ဆိုင်ချင်ဘူး။အချစ်ကို မခံစားဖူးပေမယ့် အချစ်လို့ထင်တဲ့ဒီခံစားချက်လေးက ဒီကောင်လေးကြောင့်ပဲ ဖြစ်တည်လာခဲ့ဖူးတာ။တစ်ခါလောက် ငေးကြည့်မိရုံနဲ့ ချစ်မိသွားတယ်ဆိုတာ ဒီကောင်လေးကြောင့်ပဲ ဖြစ်လာနိုင်တာ။

အနက်ရောင်လူငယ်လေးက ပန်းချီပစ္စည်းတွေ သိမ်းဆည်းနေတဲ့ကောင်လေးကို ရုတ်တရက် ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ရုန်းကန်ဖို့ ကြိုးစားနေတဲ့ ကောင်လေးရဲ့ပုခုံးပေါ်သို့ မေးစေ့လေးတင်လိုက်လေသည်။

"ကိုယ် တကယ် နောက်ဆုံးအကြိမ်မေးမယ်နော်။မင်း ကိုယ့်ကို တကယ် ပြန်မချစ်နိုင်ဘူးလား။"

ကောင်လေးက ခေါင်းကို လှည့်ပြီးပြောဖို့ ကြိုးစားပေမယ့် အနက်ရောင်လူငယ်လေးက ကောင်လေးရဲ့ဇတ်ပိုးလေးကို အသာဆွဲကိုင်ထားလေသည်။

"မင်းရော ငါရောက ယောကျာ်းလေးတွေလေ။ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"

"ဖြစ်နိုင်တာတွေ မဖြစ်နိုင်တာတွေ ကိုယ်မသိဘူး။ကိုယ်သိတာ ကိုယ်မင်းကို ချစ်နေတာပဲ။ကိုယ်ချစ်သလို မင်းလည်း ပြန်ချစ်ပေးနိုင်မလား။"

ဒီမေးခွန်းစကားကိုတော့ ကောင်လေးဟာ ချက်ချင်းပြန်မဖြေလာခဲ့ပါဘူး။ခေါင်းကို အသာ ခါယမ်းရင်း အဖြေစကားတွေကို ပြောလာသည်။

"ငါ မင်းကို မချစ်နိုင်ဘူးထင်တယ်။ချစ်တယ်ဆိုတာ ဘာလဲတောင် ငါက သေချာမသိဘူး။မင်းကို ချစ်မချစ်လည်း ငါသိလာနိုင်မှာမဟုတ်ဘူး။"

အနက်ရောင်လူငယ်လေးက ကောင်လေးကို ဖက်တွယ်ထားရာမှ အသာပြန်ခွာလိုက်ပြီး အနည်းငယ်အရောင်လဲ့ နေသော မျက်ဝန်းတွေနဲ့ ရင်ဆိုင်ကြည့်လာသည်။

"မင်းကိုယ့်ကို မချစ်ဘူးဆိုလည်း ရပါတယ်။ကိုယ် နောက်နေ့ကစပြီး မင်းအနားကို ထပ်မလာတော့ပါဘူး။မင်းကိုလည်း မနှောင့်ယှက်တော့ပါဘူး။ဒါပေမယ့် တစ်ခုတော့ သတိရပေးပါ။ကိုယ် မင်းကိုချစ်နေတာကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး။မင်း ကိုယ့်ကို ချစ်မပေးနိုင်ရင်လည်း ကိုယ့်ဘက်ကတော့ ချစ်နေပိုင်ခွင့် ရှိတယ်မဟုတ်လား။လမ်းတွေက တဖြောင့်တည်းသွားရင်တောင် အချိုးအကွေ့လေးတွေ ရှိလာနိုင်တာပဲ။မင်းနဲ့ကိုယ်လည်း လမ်းတစ်ကွေ့မှာတော့ ပြန်ဆုံချင်ပြန်ဆုံဦးမှာပေါ့။"

"..ငါ...ငါ..."

အနက်ရောင်လူငယ်လေးသည် ကောင်လေးကို ကျောခိုင်း၍ အဝေးတစ်နေရာကို ပြေးထွက်သွားတော့သည်။ကျန်နေခဲ့သည့် ကောင်လေးမှာလည်း ထွက်သွားတဲ့လူငယ်လေးကို ငေးကြည့်ရင်း ပါးစပ်ကိုဖွင့်ဟကာ တစ်ခုခုကို ပြောချင်နေဟန်ရှိသည်။

ငါ့ဘဝထဲကို မဖိတ်ခေါ်ဘဲ ဝင်လာတော့လည်း မင်းပဲ။ငါမနှင်ဘဲ ထွက်သွားတော့လည်း မင်းကိုယ်တိုင်ပဲနော်။မင်းငါ့ကို ချစ်နေသေးရင် မင်း ခံစားနေရမှာပေါ့။ငါလည်း ငါ့ကိုယ်ငါ ဘာဖြစ်လို့ ဖြစ်နေမှန်းလဲမသိတော့ဘူး။မင်းရှိနေတော့လည်း စိတ်ထဲမှာ မသက်သာပေမယ့် မင်းထွက်သွားတော့လည်း ရင်ထဲမှာ တစ်ခုခုလိုသွားသလိုပဲ။မနက်ဖြန်တိုင်းကို ငါတစ်ယောက်တည်း ဖြတ်သန်းရတော့မှာပေါ့။ငါ မင်းကို မချစ်ဘူးလို့ ဆက်ပြောနေရင်တောင် မင်း ငါ့အနားမှာ ဆက်ရှိနေဦးမယ်ထင်ခဲ့တာ။အခုတော့ မင်းက အပြီးနှုတ်ဆက်သွားတာပဲ။လမ်းတစ်ကွေ့ဆိုတာလည်း ဘယ်တော့များမှ ရှိလာနိုင်မှာလဲ။လမ်းအကွေ့တွေ အများကြီးရှိတဲ့ လောကကြီးကိုတော့ ဒီတစ်ခါ အပြစ်တင်ချင်မိတယ်။ငါ့ဘာသာ အေးချမ်းနေတဲ့ ဘဝလေးကို လာနှောင့်ယှက်တာ မင်းပဲ။မင်းကြောင့် ငါမသိဘဲ ငါပြောင်းလဲနေမိတာ။ငါ့ခံစားချက်တွေကို ငါကိုယ်တိုင်တောင် မဖတ်နိုင်တာ မင်းလည်း ဘယ်ဖတ်နိုင်မှာလဲ။


နောက်နေ့တွေမှာတော့ အနီရောင်လေးရဲ့ဘေးမှာ အနက်ရောင်ဘောလုံးလေး ပါမလာခဲ့ပါဘူး။အနီရောင်ကောင်လေးရဲ့နောက်ကိုတော့ အနီရောင် လိပ်ပြာလေးတစ်ကောင်ဟာ တိတ်တိတ်လေး ပျံသန်းရင်း လိုက်လာခဲ့ပါတယ်။လမ်းကို စိတ်မပါလက်မပါ လျှောက်နေတဲ့ ကောင်လေးကတော့ လိပ်ပြာလေးကို မမြင်ပေ။
ပုံဆွဲရန်တောင်ပေါ်ကို တက်လာတာမှန်ပေမယ့် စိတ်က ပျံလွင့်နေတာမို့ အာရုံစုစည်းလို့မရပေ။ပုံမဆွဲဘဲ ရှုခင်းတွေကြည့်ရင်း အသက်ကိုသာ ဝဝရှူပစ်လိုက်သည်။အောက်စီဂျင်တွေ အပြည့်အဝရနေပေမယ့် ရင်ထဲမှာတော့ မောနေသလိုလို၊အောင့်နေသလိုလိုနှင့် နှလုံးရောဂါများ ဖြစ်နေသလားမသိပါ။မြင်နေသမျှအရာတိုင်းက မှုန်မှုန်မှိုင်းနှင့် မျက်လုံးလည်း မကောင်းတော့ဘူးနဲ့တူတယ်။ခေါင်းလျှော်ထားတာ မနေ့ကမှဆိုပေမယ့် ခေါင်းတွေယားပြီး ရှုပ်နေသလိုပဲ။ဗောက်များ ထနေတာလားမသိဘူး။တစ်ချက်တစ်ချက် မျက်လုံးထဲက အရည်ကြည်လေးတွေ ကျနေတတ်သေးတယ်။မျက်ရည်ပူကျတာနဲ့တူတယ်။မျက်ရည်ပူတွေကလည်း လမ်းကြားလေးကို ရောက်ရင် ပိုကျတတ်သေးတယ်။လမ်းကြားလေးထဲမှာ ဖုန်ထူတယ်ထင်တယ်။အစားစားရင်တောင် လည်ပင်းမှာ နင်နေတာ အရည်သောက်ဟင်းမပါလို့များလား။ငါဘာဖြစ်နေလဲ ဆရာဝန်တောင် ရောဂါရှာလို့ရပါ့မလားပဲ။

ပျင်းရိပျင်းတွဲနှင့်ပင် ကောင်လေးက မြက်ခင်းပြင်ပေါ်တွင် ထိုင်နေရာမှ ထလိုက်သည်။ပစ္စည်းတွေတောင် မထုတ်ဖြစ်တဲ့ ပန်းချီလွယ်အိတ်လေးကို ကောက်လွယ်ရင်း ဘေးဘီဝဲယာကို ကြည့်လိုက်တော့ လိပ်ပြာနီလေးကို တွေ့လိုက်ရလေသည်။

"ဟမ်..လိပ်ပြာလေး မင်းက အခုမှပေါ်လာတယ်ပေါ့။ငါက မင်းကို မျှော်နေတာ။အကောင်များ စားခံလိုက်ရတာလား၊အဖမ်းများခံလိုက်ရတာလားလို့"

လိပ်ပြာလေးက လူစကားကို နားလည်သည့်အလား ကောင်လေးရဲ့လည်ပင်းနားကို လာနားကာ ပွတ်သီးပွတ်သပ်လုပ်လေသည်။ကောင်လေးကလည်း လိပ်ပြာလေးရဲ့အတောင်ပံနုနုလေးတွေကို အသာအယာ ပွတ်သပ်ပေးလိုက်လေသည်။

"မင်း ပေါ်မလာတော့ ငါ့ရဲအိမ်ပြန်လမ်းတွေက ပျင်းစရာကောင်းနေတာ။မင်းက နားလည်မလား မသိပေမယ့် ငါ မင်းကို ပြောပြမယ်။မင်းရောက်မလာတဲ့ ရက်တွေမှာ ငါ့အနားကို လူတစ်ယောက်ရောက်လာခဲ့တယ်။သူက အရမ်းထူးဆန်းသလို အရမ်းလည်း ချောတယ်။သူက ငါ့ကို ချစ်တယ်ဆိုပြီး ငါ့ဆီက အဖြေပြန်တောင်းတယ်။ငါရော သူရောက ယောကျာ်းလေးတွေကို ။ငါက သူ့ကို ဘယ်လိုလုပ်ပြန်ချစ်နိုင်မှာလဲ။သူက ငါ့ဆီက နောက်ဆုံးတစ်ခေါက် အဖြေတောင်းပြီးကတည်းက ပေါ်မလာတော့ဘူး။ဘယ်တွေရောက်နေမှန်းလည်း မသိဘူး။သူဘယ်မှာနေမှန်းလည်း ငါမသိဘူး။သူ့နာမည်လေးပဲ ငါသိတယ်။ဝမ်ရိပေါ်တဲ့။ငါ..ငါ..သူ့ကို ချစ်နေတာလားတော့ မသိဘူး။သူမလာတဲ့နေ့ကတည်းက ငါ့ရင်ထဲမှာ တစ်မျိုးကြီးပဲ။အောင့်သက်သက်နဲ့ ခံရခက်တယ်။ငယ်ငယ်တုန်းကလို လက်ထဲကရေခဲမှုန့်က မြေကြီးပေါ်ကျသွားလို့ နှမြောသလိုကြီးပဲ ခံစားရတယ်။မင်းအတွက်တော့ မသိဘူး။ငါ့အတွက်တော့ အစားကအရေးအကြီးဆုံးပဲ။ဒါ...ဒါဆို..သူကလည်း ငါ့အတွက်..အရေးကြီးနေတာများလား။အရေးကြီးမကြီးတော့ မသိဘူး။သူပေါ်မလာကတည်းက ငါ့နှလုံးသားထဲမှာ တစ်ခုခုလိုနေသလိုပဲ။"

ကောင်လေးရဲ့စကားဆုံးတာနဲ့ လိပ်ပြာနီလေးအနားမှာ စူးရှတဲ့အလင်းရောင်လေးတွေဖြာထွက်လာပြီး အနက်ရောင်လူငယ်လေးပုံစံပြောင်းသွားလေတော့သည်။မျက်စိရှေ့တွင် ပြောင်းလဲသွားတဲ့ လိပ်ပြာလေးကို မြင်တာနဲ့ ကောင်လေးလည်း ကြောက်ကြောက်လန့်လန့်နှင့် နောက်ကိုဆုတ်ရင်ဆုတ်ရင်း ခြေလိမ်သွားကာ တောင်ကုန်လေးပေါ်မှ လိမ့်ကျသွားမလိုဖြစ်သွားသည်။အနက်ရောင်လူငယ်လေးက လေလိုအလျင်နှင့် ကောင်လေးကို ခါးကနေဖက်ပြီး အမြန်ဖမ်းလိုက်လေသည်။ကောင်လေးရဲ့နှလုံးသားလေးကတော့ ကြောက်လွန်းလို့လားမသိပါ။တဒိန်းဒိန်းနှင့် မော်တာတပ်ထားသလို အခုန်မြန်နေနေလေသည်။ရုတ်တရက် ကောင်လေးက အနက်ရောင်လူငယ်လေးရဲ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်လေသည်။

"မင်း..မင်းက..ဘာလဲ။သရဲလား။လူလား။လိပ်ပြာကနေ လူပုံလည်းပြောင်းတယ်။ခုနကလည်း အမြန်သွားနိုင်တယ်။"

ကောင်လေးက သူ့ပါးသူ ဆွဲလိမ်ကြည့်လေသည်။

"ငါ အိမ်မက် မက်နေတာတော့ မဟုတ်ပါဘူး။မင်းက တကယ်ပဲ ဘယ်သူလဲ။"

ကောင်လေးက မျက်လုံးလေးတွေပြူးကာ ပါးစပ်လေးကလည်း ဟနေလေသည်။

အနက်ရောင်လူငယ်လေးက သွားများပေါ်သည်အထိ အားရပါးရရယ်မောလေတော့သည်။ကောင်လေးလည်း သူရယ်မောနေတာကို ကြည့်ပြီး ခဏတာ ငေးခနဲဖြစ်သွားလေသည်။ငေးနေတဲ့အချိန်လေးမှာပဲ အနက်ရောင်လူငယ်လေးက အနားကိုရောက်လာပြီး ကောင်လေးရဲ့နှုတ်ခမ်းကို တစ်ချက်အသာ ဆွဲယူကိုက်လိုက်သည်။အစွယ်လေးတွေနဲ့ အသာထိ၍ ကိုက်ခြစ်ရုံလောက်သာဆိုပေမယ့် သွေးစလေးတွေက စိမ့်ထွက်လာပြီး အစွယ်ဖွယ်ဖွေးဖွေးလေးမှာ စွဲထင်သွားသည်။အနက်ရောင်လူငယ်လေးရဲ့မျက်ဝန်းတွေဟာလည်း အညိုရောင်မဟုတ်တော့ဘဲ အနီရောင်ဖြစ်လို့နေသည်။

အသားမနာပေမယ့် ကောင်လေးကတော့ ပြူးကြောင်ကြောင်လေးဖြစ်နေဆဲပါ။စီးကျနေတဲ့သွေးလေးတွေကိုတောင် အနက်ရောင်လူငယ်လေးက လျှာဖျားလေးနှင့်လျက်ပေးလိုက်ရသည်။

"အရမ်းတွေ ကြောက်သွားပြီလား။ကိုယ်က Vampireတစ်ယောက်ပါ။"

ကောင်လေးက ဘာတုံ့ပြန်စကားမှ မပြောပေမယ့် ကောင်လေးရဲ့ဘောင်းဘီအပြာနုနုလေးမှာ အရည်စီးကြောင်းလေးတွေ ပေါ်ပေါက်လာသည်။တဖြည်းဖြည်းနှင့် မြေပြင်ပေါ်မှာ ရေကွက်ငယ်လေးတွေ ဖြစ်လာလေသည်။

ကောင်လေးက ဒူးထောက်ထိုင်ချကာ အနက်ရောင်လူငယ်လေးရဲ့လက်ကိုကိုင်လိုက်သည်။အသနားခံနေသော မျက်ဝန်းများနှင့် ကြည့်လာသည်မှာ အရမ်းကို သနားစရာကောင်းနေသည်။

အနက်ရောင်လူငယ်လေးလည်း အစကတော့ ပြုံးရယ်လိုက်ဖို့ လုပ်မိပေမယ့် ကောင်လေးရဲ့အပြုအမူတွေကို မြင်တာနဲ့ သူပါ ဒူးထောက်ပြီးထိုင်ချကာ ကောင်လေးရဲ့လက်ဖဝါးလေးတွေကို အုပ်မိုးပြီး ကိုင်လိုက်သည်။

"ငါ့...ငါ့ကို မသတ်ပါနဲ့။ငါက အသားလည်းသိပ်မရှိလို့..သွေးလည်း အများကြီးရှိမှာ မဟုတ်ပါဘူး။ငါ့ကို မသတ်ပါနဲ့နော်။မင်းကြိုက်တာ လုပ်ခိုင်းပါ။ငါ မင်းပြောသမျှကို နားထောင်ပါ့မယ်။ငါ့ကိုတော့ အသက်ချမ်းသာပေးပါ။"

အစကတော့ ကရုဏာသက်နေတဲ့ မျက်ဝန်းများနဲ့ကြည့်နေခဲ့ပေမယ့် "မင်းကြိုက်တာ လုပ်ခိုင်းပါ"လို့ပြောလိုက်တဲ့အချိန်မှာတော့ မျက်ဝန်းနီနီများ အရောင်လက်သွားလေသည်။

အနက်ရောင်လူငယ်လေးကကောင်လေးရဲ့လက်ဖမိုးလေးကို နမ်းလိုက်ကာ အစွယ်လေးကို လှစ်ဟပြလာသည်။အစွယ်လေးတွေကို မြင်လိုက်ရတဲ့ကောင်လေးကတော့ တံတွေးတွေကို အကြိမ်ကြိမ်မျိုချနေမိသည်။

"ငါခိုင်းတဲ့အတိုင်း လုပ်ပါ့မယ်လို့ မင်း ကိုယ်တိုင် ပြောတာနော်။"

"အင်း..ဟုတ်..ဟုတ်တယ်။မင်းကြိုက်တာခိုင်းပါ။ငါ့ကို မသတ်ရင်ပြီးရော။"

အနက်ရောင်လူငယ်လေးက ကောင်လေးရဲ့နားနားလေးကို ကပ်ကာ ခပ်တိုးတိုးပြောလိုက်လေသည်။နားထဲသို့ ဝင်လာသော ခပ်အေးအေးလေထုကြောင့် ကောင်လေးရဲ့ကျောပြင်ကလေးမှာ အလိုလိုမတ်သွားမိသည်။

"မင်း..ငါ့ရဲ့ချစ်သူအဖြစ် နေပေးရမယ်။မင်းဆီက အဖြေမတောင်းတော့ဘူး။ငါ့အဖြေကိုပဲ လက်ခံထားတော့။နောက်ပြီး မင်း တစ်သက်လုံး ငါ့ကိုပဲ ချစ်နေပေးရမှာနော်။"

ချစ်သူအဖြစ်နေပေးရမယ်ဆိုတော့ ကြောက်နေတဲ့ကြားကနေ ရှက်သွေးကဖြာသွားသေးသည်။ကြောက်လည်း ကြောက်ပေမယ့် ချစ်သူဆိုတဲ့ စကားလုံးလေးက သူ့ရင်ကို အေးမြသွားစေသည်။အချစ်အကြောင်းကို တပ်အပ်မသိပေမယ့် ဒါက အချစ်ကြောင့်ဆိုတာတော့ သူနည်းနည်းရိပ်မိလာသည်။black ballလေးကို မတွေ့ရတော့လည်း ခိုးလိုးခုလုနဲ့၊အခုလိုတွေ့ရတော့လည်း ဟီး သေးပါ ပေါက်ချလိုက်တာပဲ။ဟိုက Vampireဆိုပေမယ့် ဒီက ကြောက်လည်းကြောက် ရှက်လည်းရှက်နေမိပြီ။လည်ပင်းလေးက ယားနေတယ်ထင်တယ်။ဒီလိုVampireမျိုးမှ သွားချစ်မိရတယ်လို့။ငါတို့နှစ်ယောက်စလုံးက ယောကျာ်းတွေပဲလို့ ခဏခဏပြောလို့ထင်တယ်။အခုတော့ သူက ယောကျာ်းတစ်ယောက်တင်မကဘဲ Vampireတစ်ယောက်ပါ ဖြစ်နေရောလေ။အေးရော။

"အဟမ်း..မင်းရဲ့ ချစ်သူလုပ်ပေးရမှာဆိုတော့ ငါ သဘောတူပါတယ်။ဒါပေမယ့် သွေးတော့မစုပ်နဲ့နော်။အဲ့ဒီတစ်ခုတော့ ချမ်းသာပေး။"

"ချစ်သူပဲ လုပ်ခိုင်းမှာမို့ စိတ်ချ။ကိုယ့်ဘေးနားကနေတော့ မခွာရဘူးနော်။မင်းအနားမှာပဲ တစ်ချိန်လုံးလိုက်ကပ်နေမှာ။"

"ဟို..ဟို...အိပ်ချိန် စားချိန်တွေကျတော့ရော...ပြီးတော့ အီးအီးပါတဲ့အချိန်ရောပဲလား။"

"ကိုယ်က အလုပ်မရှိအကိုင်မရှိ vampireလေ။အဲ့တော့ တစ်ချိန်လုံးအားနေတာ။မင်းဘယ်သွားသွား လိုက်နေမှာပဲ။မင်းအိမ်သားတွေရှေ့ကျရင်တော့ လိပ်ပြာပုံစံပြောင်းထားမယ်လေ။မင်းနဲ့နှစ်ယောက်တည်း ရှိနေရင်တော့ အစွယ်လေးတွေနဲ့ Vampireလေးပေါ့။"

"အစွယ်ကြီးကို ထည့်ထည့်မပြောစမ်းပါနဲ့။အသည်းယားပြီး ကြောက်ဖို့ကောင်းလွန်းလို့။"

"နောက်တစ်ချက်ရှိသေးတယ်။မင်း ကိုယ့်ကို ငါနဲ့မင်းတွေပြောပြောနေတာ။နားဝင်မချိုလိုက်တာကွာ။ကိုယ့်ကို ကိုကိုလို့ခေါ်။"

"ဘာ..ဘယ်လို။ကိုကို...။ကိုယ့်ကိုယ်ကိုလည်း မှန်ထဲပြန်ကြည့်ဦး။ချာတိတ်ရုပ်နဲ့ ကိုကိုအခေါ်ခံချင်မနေစမ်းပါနဲ့။"

"ဘာချာတိတ်လဲ။ကိုယ့်အသက်က ဒီနှစ်ထဲမှာ လေးရာပြည့်တော့မှာ။"

"ချီး..လေးရာ။အတည်ပြောနေတာလား။"

ကြောက်လို့သာတော်တော့သည်။ကောင်လေးက သူ့ကို ကလေးတစ်ယောက်လိုပဲ သဘောထားနေလားမသိဘူး။မင်းနဲငါပဲ ပြောခိုင်းလို့တော့မဖြစ်ဘူး။ရည်းစားထားဖူးတာ နှစ်လေးရာနေမှ ထားဖူးတာကို စိတ်ကူးယဉ်ဆန်ဆန်လေးတော့ ဖြစ်ရမှာပေါ့။

"ကိုယ့်နာမည်က ရိပေါ်လေ။အဲ့တော့ ပေါ်ပေါ်လို့ခေါ်ချင်ခေါ်။ရိရိလို့ ခေါ်ချင်ခေါ်လေ။"

"အွတ်။အန်ချင်တာ။"

"ဘာဖြစ်တာလဲ။ဘာမှတောင်မဘာရသေးဘူး။အန်နေပြီလား။"

"ချီး..ဆဲချင်အောင် မလုပ်စမ်းပါနဲ့။ဘာပေါ်ပေါ်လဲ။ရိရိလဲ။တော်တော်။ငါကြိုက်တာခေါ်ကြည့်မယ်။အင်း..အနက်ရောင်တွေပဲဝတ်ပြီး လုံးလုံး လုံးလုံးနဲ့မို့ ဟေးချို...ဘောလုံးအနက်ရောင်လေးလေ။ဟဲ..ဟေးဟေး လို့ခေါ်မယ်လေ။"

"ဟေးဟေး..ခေါ်လို့တော့ကောင်းသားပဲ။ကိုယ်ကတော့ ချိုချို ဆိုတာလေးကို ပိုကြိုက်သလားလို့။"

"ချိုချို..အင်း..ဝမ်ချိုချို ဆိုတာမှ ကောင်းသေး။တော်ပြီ..တော်ပြီ။ဝမ်ဝမ်လို့ပဲ ခေါ်တော့မယ်။"

"အင်း..ကိုယ်လည်းသဘောကျတယ်။ကိုယ်က မင်းရဲ့ဘုရင်လေးပေါ့။တကယ်တော့ ကိုယ်က အသက်(၄၀၀)ပြည့်မှ လူအသွင်ကူးပြောင်းတာ ပြီးပြည့်စုံမှာ။အခုက နေရောင်ကို အရမ်းမခံနိုင်သေးလို့ အခုလိုတွေ ဝတ်ထားရတာ။မင်းနာမည်ကို အခုထိပြောမပြသေးဘူးနော်။ကိုယ့်ဘာသာ စုံစမ်းရင်ရပေမယ့် မင်းကိုယ်တိုင် ပြောတာကိုပဲ ကြားချင်မိတာ။"

"ငါ့နာမည်က ရှောင်းရှောင်ကျန့်လေ။ကျန့်ကျန့်လို့ခေါ်ပေါ့။ဘုရင်ဆိုတာ စစ်ပွဲနဲ့လိုက်ဖက်တယ်လေ။"

"အင်း..ကျန့်ကျန့်ကို အရမ်းချစ်တယ်။"

ရှောင်ကျန့်တစ်ယောက် ရှက်သွေးအဖြာဖြာနှင့် လမ်းလေးပေါ်က ကမုနှင့် မိတ်ဆက်ပါတော့သည်။

"အား လားလား....။"

"နာသွာလား။ကိုယ် ကျောပိုပြီး လိုက်ပို့ရမလား။"

"ရတယ်။ရတယ်။အိမ်နားလည်း ရောက်တော့မှာပဲ။ပါးနဲ့မား မြင်သွားရင် မကောင်းဘူး။"

"ဒါဆိုလည်း ဘေးကနေ ကူတွဲပေးမယ်လေ။"

"အွန်း..ကျေးဇူးပဲ။"

"ရပါတယ်။များများ ပြန်ချစ်ပေးပေါ့။"

ရှက်ရှက်နှင့် နာနေသော ခြေထောက်ကို အားပြုမိလို့ အသည်းခိုက်အောင် နာကျင်သွားသောမျက်နှာလေးက ရှုံ့မဲ့မဲ့။အခုမှ ရည်းစားထားဖူးတဲ့ လူပျိုကြီးမို့ ပါးပြင်လေးက ပန်းသွေးကြွယ်လျက် သိပ်ကို ချစ်စရာကောင်းနေသည်။

"အိမ်ရှေ့ကို ရောက်ပြီ။ငါ့ဘာသာ ဝင်သွားလိုက်တော့မယ်။အခု သိပ်လည်း မနာတော့ဘူးရယ်။"

"ကိုယ်နဲ့ စကားပြောရင် ငါလို့ မပြောနဲ့။ကျန့်ကျန့်လို့ပြော။မပြောရင် တကယ် သွေးတွေကုန်အောင် စုပ်ပစ်မှာ။"

"အမယ်လေးလေး။မင်းကလည်း တစ်ဆိတ်ရှိ သွေးစုပ်မယ်ဆိုတာချည်းပဲ။အေးပါ။ကျန့်ကျန့်ကလို့ ပြောပါ့မယ် ဝမ်ဝမ်ရဲ့။"

"ဟား..ဟား.."

အားပါးတရ ရယ်မောလိုက်သည်မို့ အစွယ်လေးတွေက တလက်လက်နှင့် ပြူထွက်လာသေးသည်။ကြောက်တော့ကြောက်ပေမယ့် အစွယ်လေးတွေနဲ့က ပိုလို့တောင် ခံ့ညားသွားသေးသည်။

"နှုတ်ဆက်အနမ်းလေးဘာလေး မပေးချင်ဘူးလား ကိုယ့်ချစ်သူကို။"

"အခုမှ ချစ်သူဖြစ်တာ နှစ်ဆယ့်လေးနာရီတောင် မပြည့်သေးတာကို။"

"နှစ်ဆယ့်လေးနာရီမပြည့်သေးလည်း ချစ်သူက ချစ်သူပဲ။တကယ် အနမ်းလေး မပေးချင်ဘူးလား။"

အစွယ်ဖွေးဖွေးလေးတွေနှင့် ပြုံးရယ်လျက်ပြောနေသည်မှာ ကြက်သီးထဖွယ်ပင်။

လူပျိုကြီးရှောင်ကျန့် အသက်ကိုအောင့်ကာ နီညို့ညို့ နှုတ်ခမ်းလွှာလေးများကို ယုန်သွားလေးတွေဖြင့် ဆွဲယူကာ မနမ်းတတ်နမ်းတတ် အနမ်းမိုးရွာပေးလေသည်။အိမ်ကတွေ့မှာ ကြောက်တာက တစ်မျိုး၊မျက်စိရှေ့က အစွယ်ဖွေးဖွေးလေးတွေကို ကြောက်သည်ကတစ်မျိုးနှင့် အနမ်းပွင့်လေးတွေက စိတ်လှုပ်ရှားဖွယ် တစ်မျိုးကောင်းနေသည်။တစ်ဖက်လူက အသာငြိမ်နေကာ နှာခေါင်းချွန်ချွန်လေးကိုပဲ အသာပွတ်ရမ်းနေလေသည်။

မောပန်းလာပုံရတဲ့ ကောင်လေးတစ်ယောက် အနမ်းကို အဆုံးသတ်ကာ အိမ်ထဲသို့ တစ်ချိုးတည်း ဝင်ပြေးလေတော့သည်။အိမ်အပြင်က လူငယ်လေးကတော့ အစွယ်ဖွေးဖွေးလေးတွေပေါ်အောင် ရယ်မောရင်း ကျန်နေခဲ့လေသည်။ကောင်လေးအိမ်ထဲကိုရောက်လို့ အခန်းအပြင်ဘက်က ဝရံတာကနေ ထွက်ကြည့်တော့ လူငယ်လေးဟာ မရှိတော့ပေ။ကောင်လေးရဲ့နှုတ်ခမ်းလွှာလေးများကလည်း အသက်ဝင်ဆုံးအပြုံးတစ်ခုနှင့် အိမ်အပြင်ကို ငေးမောလျက်ပေါ့။


                                                **********************************

ချစ်သူတွေစဖြစ်တဲ့နေ့ကတွေ့ပြီး နောက်နေ့တွေ့မှာတော့ ရိပေါ်ဟာ ရှောင်ကျန့်ဆီကို ရောက်မလာခဲ့။ဘာအကြောင်းကြောင့် ပျောက်နေတာလည်း မသိရသည်မို့ စိတ်အစဉ်ဟာ စိုးရိမ်မိတာတော့ အမှန်ပင်။Vampireတစ်ယောက်မို့ အစွမ်းတွေရှိတာကို သိပေမယ့်လည်း ဇာတ်ကားတွေထဲကလို Vampire Hunterတွေ လိုက်သတ်တာ ခံရမှာကိုတွေးမိတိုင်းလည်း ရင်တမမနှင့်။

ခုနစ်ဂဏန်းကို ရိပေါ်က သိပ်များကြိုက်နေလားမသိပါ။သူပျောက်သွားတိုင်း ခုနစ်ရက်ကြာတတ်တယ်လေ။အခုလည်း ခုနစ်ရက်ပြည့်ပြီမို့ သူ ပေါ်လာလောက်မှာပါ။မျှော်ရလွန်းလို့ အရပ်ရှည်ရုံသာမက လည်ပင်းပါ ရှည်ထွက်လာတော့မယ်လေ။မချစ်ဖူးတဲ့အချစ်ရူးတစ်ယောက်လို လူက ရင်မှာရွစိစိနဲ့။တောင်ပေါ်ကိုလည်း အစောကြီးတက်ပြီး နောက်ကျမှ ပြန်လာတတ်လို့ အိမ်က ပါးနဲ့မားကလည်း သား တောင်ပေါ်မှာ ရည်းစားရနေပြီလားတဲ့။ဖြေချင်လိုက်တာမှာ ပါးစပ်ကိုယားလို့။သုံးဆယ်နားကပ်မှ ရည်းစားထားလို့ ပါးတို့ကတော့ အံ့ဩနေမှာသေချာတယ်။အခုတော့ ရည်းစားရှိပါတယ်လို့ဖြေပြီးမှ ရည်းစားကဘယ်မလဲလို့ မေးရင် ကျွန်တော်မျိုးက ဘယ်အကောင်ကို သွားခေါ်ပြီးပြရမလဲ။လွမ်းတာက လွမ်းတာတစ်ပိုင်း ပြန်လာလို့ကတော့ Vampireမကလို့ သေမင်းဖြစ်နေပါစေ၊အသားကုန်နာအောင် ကုန်းကိုက်ဦးမှာ။တွေ့မယ်။

အခန်းတံခါးလေးကို ခပ်ဟဟဖွင့်ထားရင်း အိမ်ရှေ့လမ်းမလေးကို တွေငေးနေသည့်ကောင်လေးမှာ တကယ့်ကို လွမ်းနာကျနေပုံပင်။သနားစရာ မျက်ဝန်းလေးများက အရည်တလဲ့လဲ့နှင့်။နှုတ်ခမ်းလွှာလေးများကလည်း ရှေ့သို့ စူထွက်နေလေသည်။ညစာစားရန်လာခေါ်သည့်မိဘများကိုလည်း မစားတော့ဘူးဟုသာ ဖြေဆိုရင်း အိမ်ရှေ့ကိုပဲ ဆက်ငေးနေရှာသည်။တဖြည်းဖြည်း မိုးစုန်းစုန်းချုပ်လာသည့်တိုင် တစ်ယောက်သောသူဟာ ရောက်မလာခဲ့ပါ။သန်းခေါင်ယံတိုင်သည့်တိုင် ရောက်မလာသည့်သူအား စောင့်မျှော်ရင်း ကောင်ငယ်လေးဟာ အိပ်ပျော်သွားရှာတော့သည်။

ညက အိပ်ရေးပျက်သည်မို့ မနက်ရောက်တော့ ရှောင်ကျန့်တစ်ယောက် အိပ်ရာထနောက်ကျလေတော့သည်။အိပ်လို့ကောင်းနေတုန်း အခန်းရဲ့ပြတင်းခါးဆီမှ တဒေါက်ဒေါက်နှင့် တစ်ခုခုကို ပစ်ပေါက်နေသံကြားရသည်။မှန်ကွဲစိုးသည်မို့ အိပ်ချင်မူးတူးနှင့် အိပ်ရာမှကုန်းရုန်းထကာ တံခါးကိုဖွင့်၍ မျက်လုံးကို မနည်းပြူးပြဲကြည့်လိုက်လေသည်။

နေခြည်နွေးနွေးအောက်ဝယ် ဖြူဖွေးသည့် အသားအရေ၊မျက်နှာဖောင်းဖောင်း၊ဆံပင်နောက်ရှည်လေးနှင့် ခရမ်းနုရောင် ချည်ထည်ပါးပါးလေးကို ဝတ်ဆင်ထားသည့်လူတစ်ယောက်ဟာ အသက်ရှူမှားဖွယ်ရာအတိ။မြင်နေကျပုံစံ အနက်ရောင်တွေမဟုတ်ဘဲ အရောင်တောက်တောက်လေးတွေက ပိုမိုလိုက်ဖက်သယောင်။ဆောင်းနေကျ ဦးထုပ်လေးကို ဆောင်းမထားသည်မို့ မျက်ဝန်းညိုညိုများက ခပ်ရှင်းရှင်းမြင်နေရသည်။အသက်ဝင်သော အပြုံးများကြောင့် နေရောင်ခြည်တွေက ပိုမိုလှပသွားသလိုပင်။

အိမ်အပေါ်ထပ်က ကောင်လေးဟာလည်း လျင်မြန်သောအရှိန်နှင့် နေရောင်အောက်က လူသားလေးဆီသို့ အပြေးသွားလေတော့သည်။ရောက်ရောက်ချင်း အမောတကော ပြေးဖက်လိုက်ပေမယ့် ငါးစက္ကန့်ပင်မကြာ၊ရင်ခွင်ထဲမှပြန်ထွက်လို့ ရိပေါ်ရဲ့ပုခုံးကို ကိုင်လှုပ်ကာ သွားတစ်ဆုံးမြုပ်အောင် အားရပါးရကိုက်ချလိုက်သည်။ကိုက်တဲ့သူက သူဆိုပေမယ့် မျက်ရည်စက်များ တတောက်တောက်ကျလာသူမှာတော့ ကောင်ငယ်လေးရှောင်ကျန့်ပင်ဖြစ်သည်။ရိပေါ်ကတော့ ကောင်ငယ်လေးရဲ့မျက်ရည်များကို သုတ်ပေးကာ အနူးညံ့ဆုံးအပြုံးလေးပင် ပေးလာသည်။

"ဘာလို့..ငါ့ကို ဘာမှမပြောဘဲ ပျောက်သွားရတာလဲ။မင်းက ငါ့ကို လာချင်တိုင်းလာ ပြန်ချင်တိုင်းပြန်လို့ရတဲ့ ဇရပ်မှတ်နေသလား။မင်းက ချစ်သူတွေဖြစ်ပြီဆိုတာနဲ့ ပစ်ထားလို့ရပြီလို့ထင်နေတာလား။ငါ့ကို အလေးမထားဘူးဆိုရင် အစကတည်းက ငါနဲ့မတွဲခဲ့သင့်ဘူးလေ။"

"ကိုယ်က မင်းကို အလေးမထားတာမဟုတ်ပါဘူး။ကျန့်ကျန့်နဲ့ ကိုယ်နဲ့ချစ်သူတွေဖြစ်သွားပြီဆိုတော့ ကိုယ်အရမ်းပျော်နေခဲ့တာ။ဒါပေမယ့် နောက်နေ့ရောက်ရင် ကိုယ့်မွေးနေ့လေ။မွေးနေ့ကစပြီး ခုနစ်ရက်အတွင်း လူသားခုနစ်ယောက်ဆီက သွေးတွေကို လိပ်ပြာပုံစံနဲ့ စုပ်ယူတဲ့ပမာဏထက် ပိုစုပ်ရတယ်။ဒါကြောင့် လူသားအသွင်နဲ့ပဲ စုပ်ရတယ်။ခုနစ်ရက်အတွင်း လူသွေးတွေကို စုပ်ယူပြီးတာနဲ့ ကိုယ်က လူသားတစ်ယောက်နီးပါးဖြစ်ပြီ။သွေးလည်း စုပ်စရာမလိုတော့ဘူး။နေရောင်ခြည်ကိုလည်း ကြောက်စရာမလိုတော့ဘူး။ဒါပေမယ့် သွေးစုပ်ပြီး ခုနစ်ရက်မြောက်ညမှာတော့ အလူးအလဲနာကျင်မှုကို ခံစားရတယ်။ဆဲလ်တွေ အသစ်ပြန်လည်ဖွဲ့စည်းရတာမို့လေ။ကိုယ်က ကျန့်ကျန့်စိတ်ပူနေမှာစိုးလို့ ဘာမှမပြောဘဲ ထွက်သွားခဲ့တာပါ။ကိုယ့်ကို စိတ်ဆိုးချင်ရင်လည်း ဆိုးပါ။ဒါပေမယ့် ကိုယ့်ချစ်သူလေးအဖြစ်တော့ ဆက်နေပေးပါ။"

"ဟင့်..မင်းချစ်သူ ဆက်မဖြစ်ချင်ဘူးလို့ ဘယ်သူက ပြောနေလို့လဲ။ငါက မင်းအကြောင်းတွေဆို ဘာမှရေရေရာရာမသိတော့...မင်းပျောက်သွားပြီဆို ငါ့မှာ ဘယ်ကိုလိုက်ရှာမှန်းလဲမသိဘူး။ဆက်သွယ်လို့လည်း မရဘူး။ငါတွေးမိတာက မင်းက ငါ့ကို အလေးမထားလို့ ငါ မင်းအကြောင်းတွေ မသိတာလို့ တွေးမိလို့ စိတ်မကောင်းဖြစ်မိတာ..။"

"နောက်ဆို ကျန့်ကျန့်အနားကနေ ဘယ်ကိုမှ မသွားတော့မှာမို့ အနားမလာနဲ့လို့တောင် ပြောယူရလိမ့်မယ်။တခြားသူတွေရှိနေရင် လိပ်ပြာလေးအဖြစ်နဲ့ ကျန့်ကျန့်နောက်လိုက်လာမှာ။နှစ်ယောက်တည်း အတူရှိနေရင်တော့ လူသားတစ်ယောက်အနေနဲ့ပေါ့။"

"ဒါဆို မင်းက လူသားပုံစံနဲ့နေနိုင်သွားပြီဆိုပေမယ့် vampireဖြစ်နေတုန်းပဲပေါ့။"

"ဟုတ်တယ်လေ။ကိုယ်က Vampireတစ်ယောက်ပဲလေ။လူတစ်ယောက်လိုနေနိုင်တဲ့ Vampireပေါ့။"

"ဒါဆို မမိုက်ပါဘူး။ငါက အသက်တွေကြီးသွားလည်း မင်းက နုပျိုနေဦးမှာလေ။အဲ့ကျ ငါ့ကို မင်းက ပစ်သွားမှာပေါ့။"

"မပစ်သွားပါဘူး။မင်းအနားမှာပဲ ဆက်ရှိနေမှာပါ။"

"ဆက်ရှိနေလည်း ငါက အိုနေမှာလေ။မင်း ငါ့ကို Vampireအဖြစ် ပြောင်းပေးလို့မရဘူးလား။"

"ပြောင်းပေးလို့က ရပါတယ်။ဒါပေမယ့် ကျန့်ကျန့် လိပ်ပြာပုံစံနဲ့ သွေးစုပ်တဲ့အခါကျရင် အန္တရာယ်များတယ်။အကောင်တွေရန်ကြောက်ရသလို လူသားတွေရဲ့ ရန်ကိုလည်း ကြောက်ရတယ်။သွေးစုပ်ရတာက နည်းနည်း အသက်အန္တရာယ်က များများရယ်။"

"အန္တရာယ်များရင်လည်း မင်းက ဘေးကနေ လူပုံစံနဲ့လိုက်စောင့်ရှောက်ပေးပေါ့လို့။ဒါဆိုရင် ငါတို့ အသက်တွေအရှည်ကြီး အချိန်တွေအကြာကြီး အတူတူနေလို့ရမှာလေ။နော်..နော်လို့.."

ယုန်မျက်လုံးတွေကို ကြည့်ရင်း တောင့်မခံနိုင်တဲ့ ရိပေါ်ခမျာ ခေါင်းကိုသာ တစ်ဆတ်ဆတ်ငြိမ့်လိုက်ရသည်။

"ယေး..ဒါမှ ချစ်စရာ ဝမ်ဝမ်လေး"ဟုဆိုကာ ရိပေါ်၏နှုတ်ခမ်းတစ်စုံကို ခပ်ဖွဖွ နမ်းရှိုက်လာသည်။

နေခြည်နွေးနွေးအောက်က အနမ်းတွေဟာ သိပ်မကြာလိုက်ပါ။ရှောင်ကျန့်က ရိပေါ်ကို ခဏစောင့်ရန်ပြောသွားပြီး အိမ်ထဲသို့ ပြေးဝင်သွားပြန်သည်။တစ်နာရီလောက်ကြာမှ အထုပ်တွေခြင်းတောင်းတွေနှင့် ပြန်ထွက်လာလေသည်။စောင့်နေတဲ့သူက လူမဟုတ်လို့သာ တော်တော့သည်။လူဆိုရင် ညောင်းသေမှာ သေချာသည်။ရိပေါ်လည်း အထုပ်တွေကို ကူ၍သယ်လိုက်သည်။

"ကျန့်ကျန့် အထုပ်တွေအများကြီးနဲ့ ကိုယ့်နောက်များ ခိုးရာလိုက်မလို့လားဟင်။"

"ခိုးရာလိုက်စရာလား။တောင်ပေါ်မှာ ပန်းချီမဆွဲဘဲ picnicထွက်ရအောင် အိမ်ကရှိသမျှ အကုန်မလာခဲ့တာလေ...ဟီး...။"

"အင်းပါ။လာ..သွားကြမယ်လေ။"

ရိပေါ်က အထုပ်မသယ်သည့် တခြားလက်တစ်ဖက်ဖြင့် ရှောင်ကျန့်၏လက်ဖဝါးလေးကို ဆုပ်ကိုင်လာသည်။ရှောင်ကျန့်ကလည်း ရိပေါ်၏လက်ဖဝါးကို သွယ်ယှက်လို့ ဆုပ်ကိုင်လိုက်လေသည်။

နှစ်ယောက်သား တောင်ပေါ်ကိုရောက်တော့ အခင်းလေးကို ခင်း၍ စားစရာများကို နေရာချလိုက်သည်။ရိပေါ်ကို စားလေလို့ ပြောနေသည်မှာ ရှောင်ကျန့်ဆိုပေမယ့် တကယ်တမ်းစားစရာမှန်သမျှကို အကုန်သွတ်နေသည်မှာ ရှောင်ကျန့်ပင်။အစားတစ်လိုင်း ချစ်သူလေးကို မြတ်နိုးစွာကြည့်ရင်း အအီပြေအောင် လိမ္မော်သီးကို အခွံနွှာ၍ လိုက်ခွံ့နေသူမှာ တစ်မိုးအောက်တစ်ယောက် Vampireကြီး ရိပေါ်ပင်ဖြစ်သည်။

စားလိုက်သောက်လိုက်၊အခင်းပေါ်တွင် ပက်လက်လှန်အိပ်၍ ကောင်းကင်ကြီးကို ငေးလိုက်နှင့် အချိန်က နေတောင် ဝင်တော့မည် ဖြစ်သည်။ရှောင်ကျန့်က လှဲအိပ်နေရာမှ ထကာ ပါလာသောဝိုင်ပုလင်းကို ထုတ်၍ ဝိုင်ခွက်လေးနှစ်ခွက်ထဲသို့ ထည့်လိုက်သည်။တစ်ခွက်ကို ရိပေါ်ကို ကမ်းပေးလာသည်။

"ဝမ်ဝမ်....ဒီဝိုင်လေးကို သောက်ပြီးရင် ငါ့ကို အသွင်ပြောင်းပေးတော့နော်။"

"အင်းပါ။ကျန့်ကျန့်က ဆုံးဖြတ်ပြီးပြီဆိုရင်လည်း ကိုယ် ပြောင်းပေးမှာပါ။"

ဝိုင်တွေကုန်သွားသည်နှင့် ဝိုင်ခွက်လေးကို လွှင့်ပစ်လို့ ရိပေါ်က ရှောင်ကျန့်ရဲ့နှုတ်ခမ်းတွေကို မွတ်သိပ်ဆာလောင်စွာ နမ်းရှိုက်လာသည်။အနမ်းဘုရင်ရဲ့ဦးဆောင်မှုအောက်မှာ ဝိုင်နမ်းသင်းသည့် အနမ်းတွေက ရစ်မူးဖွယ်အတိပင်။သောက်လေသောက်လေ ငတ်မပြေမဟုတ်ဘဲ နမ်းလေနမ်းလေ နမ်းမပြေဖြစ်လို့လာသည်။နှုတ်ခမ်းလွှာလေးတွေကို နမ်းလို့ဝတော့ လည်တိုင်သွယ်သွယ်လေးကို ရန်ရှာလာလေသည်။ဖြူဝင်းနေသော လည်တိုင်လေးကို အစွယ်ဖြူလေးနှစ်ချောင်းနှင့် တိတိပပကိုက်ကာ သွေးအနည်းငယ်ကို စုပ်ယူလိုက်သည်။ပြီးနောက် မိမိလက်ကောက်ဝတ်ကို သွေးအနည်းငယ်စိမ့်ထွက်အောင် ကိုက်ကာ ရှောင်ကျန့်၏နှုတ်ခမ်းနားကို တေ့ပေးကာ သောက်သုံးစေလိုက်သည်။

"ကိုယ်တို့က အခုဆို သွေးသားချင်း ဆက်နွယ်သွားပြီနော်။ကျန့်ကျန့်က Vampireမူလမျိုးနွယ်လောက် မစွမ်းပေမယ့် သာမန်လူတွေထက်တော့ စွမ်းမှာပါ။"

"မစွမ်းလည်း ကျေနပ်တယ်။ကျန့်ကျန့်အနားမှာ ဝမ်ဝမ် ရှိနေတာပဲလေ။ဘယ်သူ့ကိုမှ မကြောက်ပါဘူး။"

"ဟား..အလည်လေး..။"

နေမင်းကြီး ကွယ်ညှိုးသည့်အချိန်တွင်တော့ လိပ်ပြာနီလေးတစ်ကောင်နှင့် လိပ်ပြာစိမ်းလေးတစ်ကောင်ဟာ ကျီစယ်စနောက်နေသည့် ဟန်နှင့် လေအဝှေ့တွင့် တလွင့်လွင့် ပျံသန်းနေကြလေသည်။

ချစ်ခြင်းတရားဆိုတာကလည်း ဆန်းကြယ်လွန်းတယ်။အကြောက်တရားတွေကို ဖြစ်လာစေနိုင်သလို၊အကြောက်တရားတွေကိုလည်း ကျော်လွန်သွားစေနိုင်တယ်။ချစ်ခြင်းတရားမှာ အချစ်နဲ့အမုန်းအပြင် အကြောက်တရားလည်း ရှိနေသေးတာမို့ တစ်ခါတစ်လေမှာ ရဲရင့်ဖို့လည်း လိုအပ်တယ်။

ကောင်းကင်အဆုံး၊မြေအဆုံး အချိန်တွေကုန်ဆုံးသည့်တိုင် အချစ်ကိုကိုးကွယ်လို့ အတောင်ပံတဖျက်ဖျက် ခတ်လို့ ချစ်သူလှမ်းရာ ပျံသန်းနေဦးမှာပင်။


                                         ******************************************

ဒီဇာတ်လမ်းထဲက Zhan geနဲ့ Bo Diပုံလေးပါ

ဒီဇာတ်လမ်းထဲက Zhan geနဲ့ Bo Diပုံလေးပါ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
The Day You Bit Me(One Shot)Where stories live. Discover now