Day 15- Reunion

46 1 0
                                    

Unicode

"ညီမမှာ မူကြိုကတည်းက ခင်လာတဲ့ ငယ်သူငယ်ချင်းသုံးယောက်ရှိပါတယ်။ အဲ့သုံးယောက်ထဲက ညီမအချစ်ရဆုံး သူငယ်ချင်းကောင်လေးမှာ မူကြိုကတည်းက သူတိတ်တခိုးချစ်လို့မိနေမှန်းမသိတဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူတို့နှစ်အိမ်ကြားက ၂ထပ်အိမ်လေးမှာ ညီမနေပါတယ်။ ညီမအိမ်ရဲ့ညာဘက်ကအိမ်မှာ သူငယ်ချင်းကောင်လေးနေပြီး ဘယ်ဘက်ကအိမ်မှာ သူငယ်ချင်း ခရပ်ရှ်နေတဲ့ကောင်မလေး နေပါတယ်။
သူငယ်ချင်းရဲ့ခရပ်ရှပ်အကြောင်းကို အဖွဲ့ထဲ ညီမတစ်ယောက်တည်းသာ သိပါတယ်။ ဩော် ခုတော့ အစ်မလဲ သိသွားပြီပေါ့။ သူမိဘတောင်မသိဘဲ ညီမတစ်ယောက်တည်းသိတဲ့ သူ့အကြောင်းတွေကို စာစီရေးရင် A4၄မျက်နှာလောက် အသာလေးရမယ်ထင်ပါတယ်။ ဥပမာ- အဆောင်းဟာ ဘယ်ဘက်လက်နဲ့ လက်သည်းညှပ်ကိုင်ပြီး သူ့ညာဘက်လက်ကို မညှပ်တတ်ပါဘူး။ ညှပ်လို့ရှိရင် လက်ချောင်း တစ်ချောင်းမဟုတ် တစ်ချောင်းတော့ သွေးချောင်းစီးတတ်ပါတယ်။

ဟုတ်ကဲ့....ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ဖို့ မေ့နေတယ်။ ညီမနာမည်က ‌"ဟေမာန်ချယ်"ပါ။ ချယ်ရီပန်းတွေဝေနေအောင်ပွင့်တဲ့ ဒီဇင်ဘာလ၊၂၂ရက်နေ့မယ် ပြင်ဦးလွင်က ဖေဖေ့မိဘတွေအိမ်မှာ လူ့လောကထဲ ခြေချခဲ့လို့ "ဟေမာန်ချယ်"လို့ခေါ်တာပါ။ ညီမအချစ်ဆုံးသူငယ်ချင်းကောင်လေးကတော့ "ဆောင်းယဉ်စွန်း"လို့ခေါ်ပါတယ်။ မိုးလေဝသဌာနရဲ့အငြိမ်းစားညွှန်ကြားရေးမှူးဟောင်း သူ့ဘိုးဘိုးပေးထားတဲ့နာမည်ပါ။
အဓိပ္ပါယ်က "ဆောင်းရာသီရဲ့နေ့တာအတိုဆုံးနေ့"ပါတဲ့။ သူ့မွေးနေ့က ဒီဇင်ဘာ၂၁....။ ညီမက သူ့ကို အဆောင်းလို့ ချစ်စနိုးခေါ်ပါတယ်။ စိတ်တိုတဲ့အခါကျရင်တော့ "ငဆောင်း‌"ပေါ့။ သူကတော့ ခုအသက်၁၈နှစ်ပြည့်ကြတဲ့ထိ ညီမအပေါ် တစ်ခါမှ စိတ်မဆိုး၊စိတ်မတိုဖူးပါဘူး။ ဪ...ဒီလိုပြောတာနဲ့ပဲ ညီမအပေါ် သူ.........နိုးပါရှင်။ အစ်မထင်နေသလို လုံးဝ လုံးဝမဟုတ်ပါဘူး။ သူက ညီမအပေါ်တင်မက ဘယ်သူ့အပေါ်ကိုမှ ဒေါသမထွက်ဖူးပါဘူး။ "ဘုရားပွင့်မဲ့ အုတ်နီခဲလေး"လို့ သူ့ကို ကြိတ်ခရပ်ရှ်နေကြတဲ့ ကောင်မလေးတွေကတော့ နောက်ကွယ်မှာ ချစ်စနိုးခေါ်ကြပါတယ်။ သူခရပ်ရှ်နေတဲ့ ညီမအိမ်ဘယ်ဘက်မှာနေတဲ့ အိမ်နီးချင်းကောင်မလေးရဲ့နာမည်က "တေးအလင်္ကာ"လို့ခေါ်ပါတယ်။ လူနဲ့နာမည် လိုက်ဖက်လွန်းလှတယ်လို့ အဆောင်း ညီမဆီ အိမ်စာတူတူလုပ်ဖို့လာရင်း ညီမအိပ်ခန်းပြတင်းပေါက်ကနေ တေးအလင်္ကာကို ချောင်းကြည့်တိုင်း တဖွဖွပြောလေ့ရှိပါတယ်။ ကိုယ့်ခံစားချက်တောင် ကိုယ်သတိမထားမိတဲ့အထိ နုံချာချာနိုင်လှတဲ့ အဆောင်းနဲ့ ညီမ အယူအဆ၊သဘောထားမတိုက်ဆိုင်တဲ့ရာခိုင်နှုန်းက ၉၉%ဆို ကျန်တဲ့၁%က တေးအလင်္ကာဟာ နာမည်နဲ့လူနဲ့ လိုက်ဖက်တယ်ဆိုတဲ့အချက်အပေါ် ညီမသဘောတူတာပဲ ဖြစ်ပါလိမ့်မယ်။
ဒီရေခွက် ညီမသောက်လိုက်လို့ရမလားဟင်။"

You've reached the end of published parts.

⏰ Last updated: May 23, 2023 ⏰

Add this story to your Library to get notified about new parts!

Where Do You Live In Your Afterlife?Where stories live. Discover now