နှင်းဆီရနံ့ ရေမွှေးလေး
အချိန်ကား ၂၀၀၈ ခုနစ်ဝန်းကျင်။ ထိုအချိန် ကာလလေးသည် မြဝတီမြို့ကိုဖြတ် တံတားလေးကိုကူး ဒါမှမဟုတ် ချောင်းက လှေဂိတ်၊ ဘောဂိတ်လေးတွေဖြတ်ကာ သောင်းရင်းချောင်းကို ကျော်၍ မဲ့ဆောက်သို့ကူးပြီး စက်ရုံအလုပ်လုပ်ကြတဲ့သူတွေ များတဲ့ခေတ်ကာလလေးပါ။ မြဝတီမြို့လေးသည် နယ်စပ်မြို့လေးဖြစ်သလို တစ်ဖက်က မဲ့ဆောက်မြို့သို့ သွားကာ အလုပ်လုပ်သူများ ပေါများတဲ့ကာလလည်း ဖြစ်သည်။ နယ်ပေါင်းစုံမှ တက်လာကြပြီး မဲ့ဆောက်မြို့လေးမှာ အလုပ်လုပ်ကြသည်။
အချို့ကျတော့လည်း တရားဝင်တံတားလေးဖြစ်တဲ့ ချစ်ကြည်ရေးတံတားလေးကို ဖြတ်ကာ လက်မှတ်လုပ်၍ ကူးကြသလို အချို့ကျတော့လည်း နားလည်မှုနဲ့ လုပ်နေကြသည့် တံတားအောက်ဘက် သောင်ရင်းမြစ်၏ ကမ်းနံဖူးလေးတစ်လျှောက်က ဂိတ်အသီးသီးမှ ကူးဖြတ်ကာ မဲ့ဆောက်ထဲသို့ ဝင်ကြလေသည်။ မဲ့ဆောက်မှ တစ်လစာရသော ဝင်ငွေသည် မိမိတို့နယ်မှာထက် ရသောငွေထက် အဆင်ပြေသောကြောင့် လူတော်တော်များများကလည်း အဖမ်းဆီးတွေရှိလည်း ပုန်းရှောင်ကွယ်လျှိုး နည်းအမျိုးမျိုးဖြင့် လာရောက်လုပ်ကိုင်ကြသည်။
လူတိုင်းကိုယ်စီ အလုပ်လုပ်နေကြသော်လည်း ကျော်ထိုက်တစ်ယောက် အလုပ်ကို စိတ်မဝင်စားနိုင်။ အကြောင်းကား ရှိပေပြန်သည် သူ့ချစ်သူ ကောင်မလေး အကြင်နာသည် ဇာတိမြို့လေးသို့ ပြန်သွားတာ တစ်လလောက်ရှိနေပါပြီ။ ပထမနှစ်ပတ်လောက် ဖုန်းအဆက်သွယ်ရသေးတော့ သူ၏ အလွမ်းဝေဒနာကို ဖြေသိမ့်လို့ရပေသည်။ အခုတော့ကား ဖုန်းအဆက်သွယ်လည်း မရသလို ဘယ်လိုပုံစံနဲ့မှ ဆက်သွယ်လို့မရပေ။
ကျော်ထိုက်နဲ့ အကြင်နာတို့ကား ထိုင်းနိုင်ငံ မဲဆောက်မြို့လေးရဲ့ အထည်ချုပ်စက်ရုံမှာ လာရောက်လုပ်ကိုင်ကြရင်း မေတ္တာမျှခဲ့ကြသည်။ ကျော်ထိုက်က ဘားအံဘက်ကဖြစ်၍ အကြင်နာကတော့ ပဲခူးဘက်ကပါ။ အကြင်နာတို့က မိသားစုအလိုက် အလုပ်လာလုပ်ကြ၍ ကျော်ထိုက်ကတော့ တစ်ယောက်တည်းပါ။ စက်ရုံမှပေးထားသော အဆောင်မှာနေရင်း အလုပ်လုပ်ကြတာမို့ နေဖို့တော့ သိပ်မပူရပေ။
YOU ARE READING
" ရဲရင့်မာန် _ One Shot Collection "
Fanfictionရေးသားခဲ့ဖူးတဲ့ ဝတ္ထုတို One Shot လေးများကို တစ်စုတစ်စည်းတည်း ပြန်စုစည်းပေးတာပါ။