ကျွန်မနှလုံးသား မည်သူပိုင်ခဲ့သနည်း
ကျွန်မ နာမည်က ဇာခြည်ပါ။ ကျွန်မဘဝမှာ တစ်ချိန်က စိတ်ညစ်စရာ ဝမ်းနည်းစရာ ကြည်နူးစရာ ကြေကွဲစရာများနှင့် ပြည့်နှက်ခဲ့သည်။ သူတို့ကြောင့်လည်း ဝေခွဲရခက်သည့် ဆုံးဖြတ်ချက်များ ကြုံတွေ့ခဲ့ရဖူးသည်။
သူတို့ဆိုသည်မှာ
ကျွန်မအသက် ၁၅နှစ်မှာ နွယ်သီတာဆိုတဲ့ မမနဲ့ဆုံခဲ့ရပါတယ်။ အဲ့အချိန်တုန်းက သူ့အသက်က ၁၇နှစ်ဝန်းကျင်ပါ။ ကျွန်မအပေါ် အမေလို သူငယ်ချင်းလို ကောင်းခဲ့တဲ့ လူတစ်ယောက်။ နောက်တစ်ယောက်ကတော့ ဒိတ်တဲ့။ ဒါက သူကိုယ်တိုင် ပေးထားတဲ့ နာမည်ပါ။ သူ့မှာ နာမည်အရင်းရှိပေမယ့် သူ့ကို ဒိတ်လို့ခေါ်မှ ကြိုက်တဲ့သူဖြစ်တယ်။
သူတို့ကျွန်မအနားမှာ ရှိနေတုန်းက ကျွန်မဘဝဟာ အရမ်းကို လှပခဲ့တယ်။ လိုတရမီးခွက်ကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်လို လိုချင်တာ မှန်သမျှ လိုအပ်တာ မှန်သမျှ သူတို့နှစ်ယောက်က ဖြည့်ဆည်းပေးခဲ့တယ်။ ဒီလို ပြောနေလို့ ကျွန်မတို့တွေဟာ သူငယ်ချင်းသုံးယောက် ဇာတ်လမ်း မဟုတ်ပါဘူးနော်။ ကျွန်မတို့တွေဟာ တစ်ယောက်ကို တစ်ယောက် လုံးဝမသိတဲ့ သူတွေဖြစ်ပါတယ်။
ဇာတ်လမ်းကို ပြန်ပြောပြရရင် ကျွန်မအသက် ၁၅နှစ်မှာ မမနွယ်သီတာနဲ့ ဆုံတွေ့ခဲ့တယ်။ သင်တန်းတစ်ခုမှာ အတူတူတက်ရင်း ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်။ သူရဲ့ဂရုစိုက်မှု အလိုလိုက်မှု ဖြည့်ဆည်းပေးမှုတွေမှာ ကျွန်မသာယာခဲ့သလို သူကလည်း အဲ့လို ဖြည့်ဆည်းပေးနေရရင်ကို ကျေနပ်နေတဲ့ လူတစ်ယောက်။
လူတွေက ကျွန်မတို့ကို အမျိုးမျိုးထင်ကြေးပေးနေပေမယ့် ကျွန်မတို့က အေးဆေးပါပဲ။ သင်တန်းအတူတူတက်တယ် ပြန်ချိန်ကျ တစ်ယောက်လက်ကို တစ်ယောက်ဆွဲရင်း လမ်းဘေးစားသောက်ဆိုင်တွေမှာ ပျော်ပျော်ပါးပါး စားသောက်ကြတယ်။ အဲ့အချိန်လေးတွေမှာ ဖြစ်နိုင်မယ်ဆိုရင်ပေါ့ အဲ့အချိန်လေးမှာ နာရီကို ရပ်တန့်ထားလိုက်ချင်တယ်။
မမနွယ်က အရမ်းအစိုးရိမ်ကြီးတာ။ သူ့ထက် တခြားတစ်ယောက်ယောက်ကို ကျွန်မပိုခင်သွားမှာ သူအရမ်းကြောက်တယ်။ ကျွန်မ မျက်နှာပျက်မှာ သူအရမ်းကြောက်တယ်။ ကျွန်မ မပျော်ရွှင်မှာ သူအရမ်းကြောက်တယ်။ အဲ့ဒါကြောင့် သူဟာ ကျွန်မရဲ့ စိတ်ကူးယဥ် လူသားလေးတစ်ယောက် ဖြစ်ခဲ့တယ်။ ဘယ်သူမဆို အဲ့လိုလူမျိုးကိုရရင် ရင်ခုန်ကြမှာပါလေ။ ကျွန်မလည်း သူ့ကို ရင်ခုန်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်မလည်း သူစိုးရိမ်ရမယ့် အရာကို ရှောင်ခဲ့တယ်။ သူနဲ့တွဲနေတဲ့အချိန် ကျွန်မမှာ တခြားအပေါင်းအသင်း မရှိခဲ့ဘူး။ ကျွန်မဘဝမှာ ကျွန်မအနားမှာ သူပဲရှိခဲ့တယ်။
YOU ARE READING
ကျွန်မနှလုံးသား မည်သူပိုင်ခဲ့သနည်း ( one short )
Romanceသေချာတာကတော့ ကျွန်မနှလုံးသားကို ကျွန်မ မပိုင်ခဲ့ပါ