အပိုင်း (၃၀) u+z

2.7K 324 172
                                    

(တစ်)

နှလုံးသားတစ်စုံ ထပ်တူကျပြီးသည်နောက် ဘဝနှစ်ခုကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းရန်လမ်းဆီ ရောက်ခဲ့ပြီ။ မြဲစွာတွဲထားသော တွဲလက်ကိုကြည့်ရင်း ကြည်နူးနေမိသည်။ အမှန်ပင် ဘဝ၏ အလှပဆုံးအချိန်ဟုဆိုလျှင် လွန်မည်မထင်ပါချေ။

လက်ထပ်ပြီး ပြင်ဦးလွင်မှာနေမည်ဆိုလျှင် အခုလို ပုန်းကွယ်လျှို့ဝှက် မနေလိုပါချေ။ ခတ္တာလေးကို လူလုံးထွက်ကာ တင့်တယ်စွာ ထားချင်သည်။ သို့အတွက် တစ်စုံတစ်ခုကို ဒီခက်မာန် ဆုံးဖြတ်နှင့်ပြီးဖြစ်၏။

ထိုစဥ် ခြေသံသဲ့သဲ့ ကြားရသည်။ ဆိတ်ငြိမ်နေသော အရပ်ဖြစ်၍ သစ်ရွက်ခြောက်များကို ဖွဖွရွရွနင်းသည့်အသံကို ရှင်းလင်းစွာ ကြားရသည်။ ဗိုလ်ဒီခက်မာန်၏ သတိကြီးတတ်မှုကြောင့်လည်း ပါချေသည်။ မှောင်နက်မဲသည့် ပတ်ဝန်းကျင်က အနည်းငယ်တော့ ကျောချမ်းဖွယ်။ တာတီးတို့ ပြန်ရောက်သည်လား။ သို့မဟုတ် တောကောင်တစ်ကောင်ကောင်လား။

"ကလေး"

တေးခတ္တာလေးကို အဓိပ္ပာယ်ပါပါ ခေါ်လိုက်သည်။ ပုလိပ်ပေါက်ကလည်း အခြေအနေကို နားလည်၏။ ဒီခက်မာန်အနားကို ပိုတိုးကပ်လိုက်သည်။

"လက်မြှောက်လိုက်ပါ မောင်ဒီခက်မာန်!"

သစ်ပင်အောက် အမှောင်ရိပ်ထဲမှ ရှေ့တိုးလာသည်။ ကုတ်အင်္ကျီအရှည်နှင့် အရပ်အမောင်းမြင့်သော ခပ်ထွားထွားလူတစ်ယောက်။ နှုတ်ခမ်းဖျားတွင် ဆေးတံကို ကိုက်ထား၏။ ဒီခက်မာန်လက်ထဲက ရေနံဆီမီးအိမ်ကြောင့် မျက်နှာကို မြင်ရပြီ။

"နည်းနည်းမှ လှုပ်ဖို့ မစဥ်းစားပါနဲ့။ ကျုပ်လူတွေအကုန် ခင်ဗျားကို ပတ်ချာလည် ဝိုင်းထားပြီးပြီ။ တစ်ချက်လှုပ်တာနဲ့ ဇီဝိန်ချုပ်သွားမယ်"

"ဟင် အဖေ!"

"ငါ့သား! အဆင်ပြေရဲ့လား။ အဖေ့ဆီလာပါဦး။ သားမျက်နှာကို သိပ်တွေ့ချင်နေတာ ဒီအဖေကြီးက"

"ဗျာ..."

မောင်ကြီးအနားက ဖယ်လိုက်ရင် မောင်ကြီးကို ပစ်မှာလား။ ဖမ်းမှာလား။ ထောင်ချပစ်တော့မှာလား။ မောင်ကြီးကို အဖေ ဘာလုပ်ပစ်မှာလဲ...ထိုစိုးရိမ်စိတ်ကြောင့် ဗျာ,ဟူသော ထူးသံလေးက သိမ်ဝင်သွားသည်။.တွဲထားသောလက်ကလေးကို ကိုယ်နှင့်ကွယ်ကာ ဗိုလ်ဒီခက်မာန် ဖြုတ်ချလိုက်သည်။

ကျည်ဖျားမေတ္တာ (completed)Where stories live. Discover now