ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shinစာစဉ် 62 Chapter 921 သွားသေလိုက်တော့
ဝုန်း! ဝုန်း! ဝုန်း!
လက်သီးချက်အောက်၌ လူသုံးယောက်သည် ကြိုးပြတ်သွားသော စွန်သဖွယ် လွင့်ထွက်သွားကြသည်။ သူတို့သည် မြေကြီးပေါ် ပြုတ်ကျလာသည်နှင့် သွေးများ အန်လေတော့သည်။ ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်လုံး မယုံနိုင် ဖြစ်နေ၏။
*လက်သီးချက် တစ်ချက်တည်းနဲ့*
*ဒီလက်သီးချက်ကနေ တားဆီးမရတဲ့ အရှိန်အဝါကို ခံစားနေရတယ်၊ ဘယ် … ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
အရှင်ထျန်းကျစ်တောင်မှ မှင်တက်သွားရသည်။ သူတောင်မှ မယုံသင်္ကာဖြစ်ကာ ကြက်သေ သေသွားသည်။ ထို့အပြင် ယဲ့ဖန်၏ ဘေးပတ်လည်၌ လေဟာနယ် အလွှာများ ဖွဲ့စည်းဖြစ်ပေါ်နေသည်ကို မြင်ပြီး ထျန်းကျစ် တစ်ယောက် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားလေသည်။
“သေစမ်း … ထိန်းချုပ်ခြင်း နယ်မြေ၊ လတ်စသက်တော့ … မင်း တမင်သက်သက် အားနည်းသလို နေပြီး ထိန်းချုပ်ခြင်း နယ်မြေကို ဖွဲ့စည်းနေတာပဲ”
အရှင်ထျန်းကျစ်ထံမှ အတော်လေး တုန်လှုပ်နေသော အသံ ထွက်လာသည်။ သူ့စကားကြောင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်လုံး မျက်နှာ မည်းမှောင်သွားသည်။ သူတို့၏နဖူးမှ ချွေးစေးများ စီးကျလာပြီး မယုံသင်္ကာ ဖြစ်နေကြသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ရှေးခေတ်အခါကတည်းက ဘယ်သူမှ အဲ့နယ်မြေကို မသိနားမလည်နိုင်တော့သလို ဖွဲ့လည်း မဖွဲ့စည်းနိုင်တော့ဘူးလေ၊ ဒါကို မင်းက ဘယ်လိုလုပ် …”
ကမ္ဘာဦး အင်မော်တယ် သခင်လေး မျက်လုံး ပြူးကျယ်နေ၏။ ထိန်းချုပ်ခြင်း နယ်မြေ ဖန်တီးသူများသည်လည်း ကောင်းကင်ဘုံအား ဆန့်ကျင်နိုင်သူများ ဖြစ်သည်ဟု သူ့ဖခင် ပြောခဲ့ဖူးသည်ကို သူ သတိရမိသွားသည်။
ရှေးခေတ်အခါကတောင်မှ ထိန်းချုပ်ခြင်းနယ်မြေကို ဖွဲ့စည်းနိုင်သူတိုင်းသည် ပါရမီရှင်များ ဖြစ်လေသည်။ လက်ရှိအချိန်တွင် လောက ဥပဒေသများက နည်းပါးလာသဖြင့် ထိန်းချုပ်ခြင်း နယ်မြေအား သိမြင် နားလည်နိုင်ရန် မဖြစ်နိုင်တော့ပေ။
ထို့အပြင် ဤထိန်းချုပ်ခြင်းနယ်မြေက မှင်တက်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်သည်။ ဤနယ်မြေအတွင်း၌ဆိုလျင် လောကသခင်အဆင့်များစွာကို ဖိနှိပ်နိုင်လောက်သည်။ ထိန်းချုပ်ခြင်း နယ်မြေက ယခုမှ ဖန်တီးခါစ ဖြစ်နေသောကြောင့် လိုအပ်ချက် ရှိနေသေးသည်။ သို့မဟုတ်ပါက ထိန်းချုပ်ခြင်း နယ်မြေ ဖန်တီးသူအား နေရာမှာတင် သတ်နိုင်ရန် ခက်ခဲနိုင်သည်။
“ထိန်းချုပ်သူ ပေါ်လာပြီ၊ မဖြစ်ဘူး … ဒီကောင် သေမှဖြစ်မယ်၊ မဟုတ်လို့ကတော့ သူ ကြီးပြင်းလာတာနဲ့ ငါ့မသေမျိုး မျိုးနွယ် ဆက်ရှိနေဖို့ ခက်ခဲလိမ့်မယ်”
မသေမျိုးမျိုးနွယ်မှ ဝမ်လီ မျက်နှာပျက်နေသလို ဇီထျန်းတောင်မှ ကြက်သီးထနေရသည်။
“သောက်မိုးကြိုးကောင်၊ မင်း … မင်း ငါ့ကို ဘာသောက်ပြဿနာထဲ ဆွဲထည့်လိုက်ရတာလဲ”
ဇီထျန်း နောင်တရလုနီးပါး ဖြစ်နေသည်။ မိုးကြိုးနတ်ဘုရားသာ မက်လောက်သော ဖိတ်ခေါ်မှု မလုပ်ခဲ့ပါက သူ အစကတည်းက ယဲ့ဖန်ကဲ့သို့ မိစ္ဆာကောင်နှင့် သူ ရင်ဆိုင်မိမည် မဟုတ်ပါ။ ဤသည်ကို ပြန်တွေးမိပြီး သူ နောင်တ မရတော့ချေ။
“သခင်လေးတို့ သူ့ကို မြန်မြန်သတ်လိုက်ပါ”
အရှင်ထျန်းကျစ်သည် တုန်လှုပ်ခြောက်ခြားသော အမူအရာဖြင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်အား အော်ဟစ် သတိပေးလိုက်သည်။
“သူ အခုလေးတင်မှ ထိန်းချုပ်ခြင်းနယ်မြေကို ဖွဲ့စည်းလိုက်တာမို့လို့ နယ်မြေက မတည်ငြိမ်သေးပါဘူး”
“အခု သူသာ လွတ်မြောက်သွားမယ်ဆိုရင် တစ်နေ့ကျရင် မသေမျိုးမျိုးနွယ်၊ ကမ္ဘာဦး အင်မော်တယ်နန်းတော်နဲ့ ယင်ယန် လောကက မိုးကြိုးတောင်ကြားပါ ပျက်စီးသွားလိမ့်မယ်”
“သူက ပျက်စီးကိန်းကို ယူဆောင်လာမယ့်သူပဲ”
အရှင်ထျန်းကျစ် ပြောလိုက်သော စကားကြောင့် သုံးယောက်လုံး တုန်လှုပ်သွားပြီး မျက်ခုံးလှုပ်သွားလေသည်။ ရန်ငြိုးရန်စများလည်း စတင် ဖြစ်ပေါ်လာပြီ ဖြစ်သောကြောင့် ယဲ့ဖန်သာ မသေပါက သူတို့အတွက် မလွယ် တော့ပေ။
ဤသို့တွေးမိပြီးနောက် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်က အချင်းချင်း ပြန်ကြည့်လိုက် ပြီးနောက် တင်းမာခက်ထန်သော အမူအရာများ ဖြစ်ပေါ်လာသည်။
“သတ်”
သုံးယောက်လုံး လှစ်ခနဲ လှုပ်ရှား၍ ယဲ့ဖန်ထံ ပြေးဝင် တိုက်ခိုက်လေသည်။ တိုက်ပွဲကား တစ်ဖန်ပြန်၍ ဖြစ်ပွား လာသည်။ သို့သော် လူတိုင်း ထိတ်လန့်ရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိန်းချုပ်ခြင်း နယ်မြေအား ပြည့်စုံစွာ ဖွဲ့စည်းသွားပြီး ဖြစ်သလို ယဲ့ဖန်သည် ထိန်းချုပ်ခြင်း နယ်မြေ၌ ရေထဲက နဂါးတစ်ကောင်ကဲ့သို့ ကျွမ်းကျင် လျင်မြန်စွာ လှုပ်ရှားနေ၏။
ထို့အပြင် သူ ဓားကိုဝင့်၍ ခုတ်ပိုင်းလိုက်တိုင်း သွေးများ ပန်းထွက်လာစမြဲပင်။ ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်၏ ကိုယ်၌ ဒဏ်ရာများစွာ ထင်ကျန်လာသည်။ အချိန်တိုအတွင်းမှာပင် သုံးယောက်လုံး သွေးအလိမ်းလိမ်း ဖြစ်လာသည်။
ရွှစ်!
ရွှေရောင် အလင်းတန်း ဖြတ်ပြေးလာချိန်တွင် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်လုံး တုန်လှုပ်သွားပြီး ဒဏ်ရာရကာ လွင့်ထွက်သွားကြသည်။
ဂလု!
ဤမြင်ကွင်းကြောင့် အရှင်ထျန်းကျစ် ကြက်သီးထကာ တုန်လှုပ်ခြောက်ခြားသွားသည်။ လက်ရှိဘဝမှ ယဲ့ဖန်သည် ယခင်ဘဝက နတ်ဆိုးဧကရာဇ်အဖြစ်ထက် ပို၍ ကြောက်စရာကောင်းနေသည်ကို သူ ရိပ်စားမိသည်။ ထိန်းချုပ်ခြင်း နယ်မြေကို ဖန်တီးနိုင်ခြင်းကပင် ပြိုင်ဘက်ကင်းနေပြီ ဖြစ်သည်။
“သွားပြီ၊ ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ သုံးယောက်သာ မတိုက်နိုင်တော့ရင် ငါ ဒီနတ်ဆိုးဧကရာဇ် လက်ထဲမှာ သေရတော့မှာလား”
အရှင်ထျန်းကျစ် မချိပြုံးပြုံးနေသည်။ သူ ဆောက်တည်ရာမရကာ ကြံရာမရ ဖြစ်နေသည်။ တုန်လှုပ်စရာ ကောင်းလှသည့် ခံစားချက်ကြောင့် ထျန်းကျစ် ပစ်လဲကျသွားသည်။ ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများလည်း အဆုံးသတ်ကို မြင်ယောင်သွားပြီး ဝမ်းနည်းသွားလေသည်။
“ဟုတ်ပြီ၊ ထိန်းချုပ်ခြင်းနယ်မြေကိုတောင် ဖွဲ့စည်းနိုင်တယ်ဆိုတော့ ပထမ အရှင်သခင်က တော်တော်လေး ကြောက်စရာ ကောင်းလာတာပဲ”
ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများ စိတ်လှုပ်ရှားကာ တုန်ယင်နေကြသည်။ အမှောင်သခင် နတ်ဆိုးဘုရင်နှင့် အခြားသူများလည်း မျက်ရည်ဝဲနေသည်။
“အောင်မြင်ပြီကွ၊ ဟားဟားဟား … သခင်ကြီးက ဒီစကြဝဠာရဲ့ အရှင်သခင်ပဲ၊ ငရဲဘုံရဲ့ အရှင်သခင်ပဲကွ”
နတ်ဆိုးမျိုးနွယ်များ ဝမ်းသာအားရဖြစ်ကာ ငိုကြွေးရယ်မောနေကြသည်။ သူတို့ အောင်နိုင်တော့မည့် မျှော်လင့်ချက်မျိုး ရနေသည်။ နတ်ဆိုးမျိုးနွယ် ကြီးစိုးနိုင်တော့မည်ဟု မျှော်လင့်မိနေ၏။
လက်ရှိအချိန်တွင် ကမ္ဘာဦး အင်မော်တယ် သခင်လေး၊ ဝမ်လီနှင့် ဇီထျန်းတို့ အပြင်းအထန် ဒဏ်ရာရနေပြီး နဖူးမှ သွေးနှင့်ချွေးတို့ ရောယှက်၍ စီးကျလာသည်။
ဝမ်လီ၏ မျက်နှာတွင် ချီတုံချတုံ ဖြစ်နေဟန်များ ထင်ဟပ်နေသည်။ နောက်ဆုံးတွင် သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
“ဒီပွဲကို အဆုံးသတ်မှဖြစ်မယ်”
“အဲ့ခွေးကောင် သေလိုက်တော့”
သူ့စကားကြောင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ဇီထျန်းတို့ မှင်တက်သွားသည်။ ထို့နောက် သူတို့ တစ်စုံတစ်ရာကို တွေးမိသွားပြီး ကြေးနီရောင် ခေါင်းလောင်းကို တအံ့တဩ ကြည့်လာသည်။
“အစ်ကိုကြီး၊ ခင်ဗျား … ခင်ဗျား တကယ် အဲ့လိုလုပ်ချင်တာလား၊ ခင်ဗျား ဒီရတနာကို သုံးတော့မလို့လား”
ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ဇီထျန်းတို့က ကြေးနီရောင် ခေါင်းလောင်းငယ်လေးက ဝမ်းသာ၍ လောဘတက်နေဟန်များဖြင့် ကြည့်နေကြသည်။ သူတို့အမြင်တွင် ဤအရာသည် ကောင်းကင်ဘုံအား ဆန့်ကျင် နိုင်သော ရတနာ ဖြစ်သည်။
ဝမ်လီက နာကျင်နေသော မျက်နှာထားဖြင့် လက်ထဲမှ ခေါင်းလောင်းငယ်အား မြတ်နိုးရသော လူတစ်ယောက်ကို ပွတ်သပ်သကဲ့သို့ ပွတ်သပ်ရင်း ပြန်ပြောလိုက်သည်။
“ဒီဝိညာဉ်ခေါင်းလောင်းမှ အကျိုးသက်ရောက်မှုက တစ်ကြိမ်ပဲ ကျန်တော့တယ်”
“ငါ ဒါကို အသက်ဘေးက လွတ်အောင်သုံးဖို့ သိမ်းထားခဲ့တယ်၊ အခုတော့ ဒါကို သုံးမှပဲ ရတော့မယ်”
ထိုသို့ပြောပြီး ဝမ်လီက ယဲ့ဖန်ကို စူးစိုက်ကြည့်လေသည်။
“ဟေ့ကောင် မင်းက ဝိညာဉ်ခေါင်းလောင်းအောက်မှ သေရမှာမို့ ဂုဏ်ယူသင့်တယ်ကွ”
“မြင့်တက်စမ်း”
ထိုသို့ပြောပြီး လက်ထဲမှ ခေါင်းလောင်းငယ်အား မြှောက်တင်လိုက်သည်။ ထိုအခါ ကြေးနီရောင် ခေါင်းလောင်း ငယ်ထံမှ အလင်းတန်းများ ဖြာထွက်လာပြီးနောက် လေထဲ၌ ဧရာမ ခေါင်းလောင်းတစ်ခုအသွင် ပြောင်းလဲ သွားသည်။
ဤသည်ကိုမြင်ပြီး ယဲ့ဖန် မျက်ခုံးလှုပ်သွားသည်။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း ထိုကြေးနီရောင် ခေါင်းလောင်းငယ်ကို မြင်သည်နှင့် သူ ကြက်သီးထလာရသည်။ ထိုခေါင်းလောင်း၏ အစွမ်းက သူ ခန့်မှန်းထား သည်ထက် သာလွန်နေပုံရသည်။
“ကျဆင်းစမ်း”
ဝမ်လီက ရူးသွပ်သော အကြည့်များဖြင့် ဟစ်အော်လိုက်သည်။ ထိုအခါ ဧရာမခေါင်းလောင်းအဖြစ် ပြောင်းလဲ သွားသော ကြေးနီရောင် ခေါင်းလောင်းက ယဲ့ဖန်ပေါ်သို့ အရှိန်ဖြင့် ကျဆင်းလာသည်။
ထိုအခိုက်တွင် ခေါင်းလောင်း၏ အောက်ခြေ၌ ဟင်းလင်းပြင်တစ်ခု ဖြစ်ပေါ်နေဟန်တူသည်။ ယဲ့ဖန်သည် နွံထဲနစ်သကဲ့သို့ လှုပ်မရ ဖြစ်လာသည်။
“မကောင်းတော့ဘူး”
ယဲ့ဖန် မျက်နှာပျက်သွားပြီး လက်ထဲမှ နတ်ဓားဖြင့် ကြေးနီရောင် ခေါင်းလောင်းကို အားဖြင့် ခုတ်ပိုင်းလေသည်။ ဆူညံသံ ထွက်ပေါ်လာသော်လည်း နတ်ဓားက ကြေးနီရောင် ခေါင်းလောင်းတွင် ခြစ်ရာထင်ရုံသာ လုပ်နိုင်ပြီး တစ်စက်ကလေးမှ ပျက်စီးအောင် မလုပ်နိုင်သောကြောင့် ယဲ့ဖန် ထိတ်လန့်သွားသည်။
ပို၍ထိတ်လန့်စရာ ကောင်းသည့်အချက်မှ ယဲ့ဖန် လက်ပြန်ရုတ်၍ ရှောင်တိမ်းရန် ပြင်လိုက်စဉ်တွင် ကြေးနီရောင် ခေါင်းလောင်းထံမှ အနီရောင် အလင်းတန်း ဖြာထွက်လာပြီး ယဲ့ဖန်ကို လွှမ်းခြုံလာသည်။
ထိုခေါင်းလောင်းထံမှ ဖိအားကြောင့် ယဲ့ဖန်၏ လက်နှစ်ဖက်လုံး ပေါက်ကွဲပျက်စီးသွားသည်။ ထို့နောက် ခေါင်းလောင်းကြီး တစ်ခုလုံးက ယဲ့ဖန်ကို အုပ်မိုးသွားလေ၏။
