1

4.5K 223 3
                                    

Uni

“ဒါနောက်ဆုံးတစ်ခေါက်ပဲ။ ဒါပြီးရင် မင်းလွတ်မြောက်ပြီ”

အေးစက်စက်အသံက ကျွန်တော့်ခေါင်းအထက် ၂ပေလောက်ကနေ လာတယ်။ မော့တော့ မကြည့်မိဘူး။ အဲ့တာ ဘယ်သူလဲဆိုတာ ကျွန်တော်သိတာပဲလေ။ မျက်တောင်ကို တဖျတ်ဖျတ်ခတ်ပြီးတော့ပဲ သိကြောင်းပြလိုက်တယ်။ ရပ်နေတဲ့ကမ္ဘာကြီးဟာ ချက်ချင်းပဲလှုပ်ရှားသက်ဝင်လာပြီး ခေါင်းထဲဝင်လာတဲ့ လျှပ်စီးကြောင်းတချို့က ကျွန်တော် တာဝန်ယူရမဲ့ နောက်ဆုံးကမ္ဘာအကြောင်းကို ဖော်ပြလာတယ်။

ဒီတစ်ခေါက်ကမ္ဘာကလည်း ဘာမှမထူးဆန်းပါဘူး။ ကျွန်တော်က ဗီလိန်နေရာကနေပါတယ်။ ဆိုးသွမ်းတဲ့လုပ်ရပ်တွေကို လုပ်ရမယ်။ နောက်ပြီးရင် ဇာတ်လိုက်သတ်တာခံပြီး အေးဆေးလေးအမှတ်ယူလိုက်ရုံပဲ။ နာကျင်မှု? ဟင့်အင်း Systemဆိုတဲ့အရာက အဲ့တာတော့ စိတ်ချရတယ်။ ဒီခန္ဓာကိုယ်တွေက အတုအယောင်တွေ။ နာကျင်မှုကို လိုချင်တယ်ဆိုရင်တောင်မှ နာကျင်မှု မရနိုင်ဘူး။ ဒါပေမဲ့ ဇာတ်လိုက်ကျေနပ်အောင်တော့ နာသယောင်ယောင် ဟန်ဆောင်ပေးရတာပေါ့လေ အဟက်။

ပြတင်းပေါက်ဘက်ကို ပျင်းတိပျင်းရွဲ့နဲ့လှည့်ကြည့်လိုက်တယ်။ ခံစားမှုအာရုံ ဖျော့ဖျော့လေးရပြီးတဲ့နောက်မှ ကိုယ်ဘာလုပ်နေတယ်ဆိုတာ ကိုယ်သိခွင့်ရတော့တာပဲ။ ကျွန်တော့်ခန္ဓာကိုယ်က ခုံတစ်ခုမှာ မှောက်အိပ်နေပြီး ငြိမ်သက်နေခဲ့တာ။ စာသင်ခန်းတစ်ခုလုံးဆိုတာ ကျွန်တော်အိပ်နေတာကို ဘယ်လိုမှ အနှောက်အယှက်မပြုရဲသလို ငြိမ်သက်နေတာမျိုးပဲ။

ကျွန်တော် ခေါင်းမော့ပြီး လက်ထဲရှိရာ ဘောပင်တစ်ချောင်းကို နှုတ်ခမ်းလွှာတွေကြား အသာကိုက်လိုက်တယ်။ စူးရှရှမျက်ဝန်းတွေက သူများအမြင်မှာ အေးစက်နေမှာ သေချာတယ်။

ဆရာမ မဝင်သေးတဲ့ကာလအပိုင်းအခြားဖြစ်ပေမဲ့ စာသင်ခန်းဟာ လူသေလို ငြိမ်သက်တိတ်ဆိတ်နေတယ်။ တခြားအခန်းတွေက ဆူညံမှုတွေကိုတောင် ရေးရေးလေး ကြားရလောက်တဲ့အထိပဲ။ ကျွန်တော် မျက်လုံးတွေကို တမင် အေးစက်စက်လုပ်ထားလိုက်တယ်။

အေးစက်စက်မျက်ဝန်းတွေနဲ့ ဗီလိန်တစ်ယောက်ဟာ နှုတ်ခမ်းမှာ ဘောပင်တစ်ချောင်းကိုက်ရင်း အနိုင်ကျင့်စရာ သားကောင်ရှာနေတယ်တဲ့လား။ ကျွန်တော့်အကြည့်ကို ဘယ်သူမှ လိုက်မဆုံရဲမှာတော့ အသေအချာပဲ။

The Host Meets Devil (Completed)Where stories live. Discover now