(၁)
အဝတ်လဲပြင်ဆင်ခန်းထဲ တစ်ယောက်တည်း ထိုင်နေရင်းက နံရံကပ်နာရီဆီမှ စက္ကန့်လက်တံရွေ့လျားသံကိုသာ အလွန်တရာ ကျယ်လောင်စွာကြားနေရသည်။ သို့တည်းမဟုတ် သူ့နှလုံးခုန်သံက ပို၍ ကျယ်လောင်လေသလား။ သို့တည်းမဟုတ် သူ့စိတ်ဂယက်ရိုက်သံက ပို၍ ကျယ်လောင်လေသလား။
မျက်စိရှေ့မှောက် မြင်နေရတဲ့ ကြေးမုံပြင်မှန်သားပေါ် ထင်နေတဲ့ ကိုယ်ပိုင်ပုံရိပ်ကို စူးစိုက်ကြည့်မိတော့ အကြောင်းပြချက်မဲ့စွာ စိတ်ကပင်ပန်းလာသည်။ Jisung ဒီနေရာမှထ၍ အပြင်ထွက်ကာ လေကောင်းလေသန့်ရှူရန် သွားလိုက်ရမည်လားဟု အတွေးက ပေါက်သည်။
သို့သော် လေကောင်းလေသန့်ကပင် သူ့စိတ်အစဥ်ကို ရှင်းလင်းပေးနိုင်မည်လော။ မသေချာပါ။ ဆုံးဖြတ်ချက်တွေဝေဝါးနေပေမဲ့ နောက်ဆုံးမိနစ်ကို ကြုံနေရပြီမို့ ပြောင်းလဲပစ်လိုက်ဖို့ကလည်း မလွယ်လှပါ။ ထို့ကြောင့် Jisung ပင်ပန်းလိုက်တာဟုသာ စိတ်ထဲ အသံမထွက်ဘဲ ညည်းညူရရှာသည်။
"သား... မင်္ဂလာအချိန်ရောက်တော့မယ်။ အဆင်သင့်ဖြစ်ပြီလား"
တံခါးကို ခပ်ဖွဖွခေါက်ပြီး ခေါင်းကလေးပြူကာ မေးလာတဲ့ မေမေ့ကို ကြိုးစားပြုံးပြလိုက်ရင်း ခေါင်းငြိမ့်ပြလိုက်သည်။ သူ့စိတ်ရှုပ်ထွေးမှုတွေကို မေမေ ထိုးဖောက်မြင်မသွားနိုင်လျှင်ကောင်းမည်။
ထိုင်နေရာမှထ၍ ကိုယ်ပေါ်ကျကျနန နေရာယူထားသည့် သတို့သားဝတ်စုံကို နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးပြုပြင်လိုက်သည်။ ကြေးမုံပြင်ပေါ်က ပုံရိပ်မှာ အလုံးစုံ ပြီးပြည့်စုံနေပြီဟု သေချာမှ မေမေစောင့်နေမည့် အခန်းအပြင်ဘက်သို့ ထွက်လာလိုက်သည်။
ချောင်းဟန့်သံကလေးပြုတော့ သူလာရာကို ကျောခိုင်းထားတဲ့ မေမေကလှည့်ကြည့်ပြီး အားပါးတရပြုံးသည်။ ထိုအပြုံးတွင် စိတ်ကျေနပ်မှုများ ပါဝင်နေသည်ကြောင့် Jisung တွန့်သွားရ၏။ နေပါဦး၊ သူဘာကို စိုးရိမ်နေသည်လဲ။ မေမေ့ကို အားနာနေရသည့်အကြောင်းအရင်းမှာ ဘာလဲ။ ယခုပင် လက်ထပ်ရတော့မည့် အိမ်ထောင်ဘက်ကို သူမယုံကြည်နိုင်ဘူးလား။ အတွေးနဲ့အတူ ခြေလှမ်းတွေက ယိုင်လဲချင်စိတ်ပေါက်လာသည်။

YOU ARE READING
So This Is Love...
FanfictionMeaning of love can be with or without marriage. That's what Jisung believes.