13 April 2005 , Mandalay .
" ပိတောက်ပန်းလေးက အစ်မ အတွက် ။ "
ပိတောက်ပန်းတွေ ပွင့်တဲ့ သင်္ကြန်အကြိုနေ့မှာပဲ အစ်မအတွက်ဆိုပြီး ရည်ရွယ်ကာ ကိုယ်တိုင်ခူးထားတဲ့ ပိတောက်ပန်းခက်တွေကို ပန်းစည်းနဲ့ အသေအချာစည်းနှောင်ထားပြီး အစ်မရဲ့ခြံအရှေ့မှာ မနက်ကတည်းက သွားထိုင်စောင့်နေမိသည် ။
ခြံဝန်းထဲ လမ်းလျှောက်နေတဲ့ အစ်မကိုမြင်တော့ အစ်မကခြံအပြင်ကို လှမ်းကြည့်လိုက်တော့သည် ။ လူအရိပ်မြင်လို့ ဖြစ်ပါလိမ့်မည် ။
အစ်မက ခြံတံခါးကို ဖွင့်လိုက်ပြီး
" ဘာကိစ္စလဲ ။ "
" ပိတောက်ပန်းလေးက အစ်မ အတွက် ။ "
ပြောပြီး အစ်မကိုလှမ်းပေးလိုက်တော့ အစ်မက ခါးခါးသီးသီးကို ငြင်းပယ်လိုက်သည် ။
" တို့ မင်းကို မချစ်ဘူးလို့ ပြောခဲ့ပြီးပြီပဲ ။ မင်း ဘာကိစ္စနဲ့ အခုချိန်ထိ လိုက်နှောက်ယှက်နေတာလဲ ။ "
" ပိတောက်ပန်းလေး ပေးရုံပါ ။ နှောက်ယှက်တယ်လို့တော့ မထင်ပါနဲ့ အစ်မရယ် ။ "
" ဒီမှာ ။ တို့မှာ ဆိုင်သူရှိတယ် ။ ဒါကို မင်းလည်းသိနေတာပဲ ။ ဘာလို့ အတင်းစွတ်တိုးနေတာလဲ ။ "
" ဆိုင်သူရှိရှိ မရှိရှိပါ ။ အစ်မတို့က လက်ထပ်ထားတာမှ မဟုတ်ဘဲ ။ ညီမမှာ တစ်ဖက်သက် ချစ်ပိုင်ခွင့်တော့ ရှိပါသေးတယ် ။ "
" မကြာခင်ဆို တို့က မောင်နဲ့ လက်ထပ်တော့မှာ ။ အိမ်ထောင်ပြုတော့မှာ ။ "
" ရှင် ။ ဘယ်လို ဘယ်လို ။ "
" ဟုတ်တယ် ။ "
လည်ချောင်းထဲမှာ စို့နစ်ပြီး တစ်ခုခုနင်နေသလို ပြောစရာစကားများ ပျောက်ဆုံးနေရသည် ။ ရုတ်ချည်းဆိုသလို အသက်ရှူရ ခက်လာတော့သည် ။ အစ်မကတော့ ဘာမှမဖြစ်သလိုပဲ ။
" ရက်စက်တယ် ။ ဘာလို့ အဲ့လောက်ထိ ရက်စက်ရတာလဲ ။ "
" ဒါကြောင့် တို့ကို မင်းဘဝထဲကထုတ်ပစ်လိုက် ။ မုန်းလိုက်တော့ ။ "
" စကားကို လွယ်လွယ်မပြောပါနဲ့ ။ ညီမ ဘဝတစ်ခုလုံးနဲ့ရင်းပြီး အစ်မကို ချစ်လာခဲ့တာ နှစ်တွေကြာရှည်ပြီ ။ မုန်းချင်မုန်း အစ်မ မမြင်နိုင်တဲ့ ညီမရဲ့ချစ်ခြင်းတရားတွေကိုပဲ မုန်းလိုက်မယ် ။ အစ်မကိုတော့ ဘယ်တော့မှမမုန်းဘူး ။ "
YOU ARE READING
ပိတောက်လက်ဆောင်(One Short)
Short Storyတစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် old story . morA_nyein