Unicode
(ဤထဲတွင် ပါဝင်သောလူပုဂ္ဂိုလ်၊ နာမည်၊ ဇာတ်ကောင်စရိုက်၊ နေရာဒေသ၊ အဖြစ်အပျက် စသည်တို့သည် စာရေးသူ၏စိတ်ကူးသက်သက်သာလျှင် ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုသောဆန္ဒမရှိသည့်အတွက် အကယ်၍များ အပြင်လက်တွေ့လောကနှင့် တိုက်ဆိုင်သည်များ ရှိခဲ့လျှင် မေတ္တာရှေ့ထား၍ ခွင့်လွှတ်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။)
လပြည့်ကျော်တစ်ရက်နေ့၏လပြည့်ဝန်းသည် ရှမ်းရိုးမတောင်တန်းညို့များ၏အထက် ကြယ်အမှုန်အမွှားပင်မရှိဘဲ ပြာရီကျယ်ပြောသည့် ကောင်းကင်ပြင်ဝယ် ရွှန်းပနေပြီဖြစ်ကြောင်း ကားမှန်မှတစ်ဆင့်လှမ်းမြင်ရ၏။ လမ်းဘေးဝဲယာ၌ ပိတောက်ပင်များ၊ စိန်ပန်းပင်များ၊ ရေပျဉ်းမပင်များနှင့် ငုဝါပင်တို့သည် အလှကိုယ်စီဆင်လျက် လရောင်အောက်၌တင့်ရွှန်းနေကြပေသည်။ ပိတောက်ခိုင်ရွှေဝါများနှင့်လပြည့်ဝန်းတို့သည် တွေ့နိုင်ခဲလှသောကြောင့် ယခုကဲ့သို့တွေ့ဆုံနေကြချိန်၌ သူတို့တော့မသိပေ။ နုပိုးဝါ၏စိတ်ထဲ၌ ဆွတ်ဆွတ်ပျံ့ပျံ့လေးဖြစ်ပေါ်နေ၏။
စီယာတိုင်ကို ထိန်း၍ ညာဘက်လမ်းချိုးထဲသို့ကွေ့ဝင်လိုက်၍ ဆက်မောင်းလာခဲ့သည်။ ယခုအခါ၌ကား လပြည့်ဝန်းကို အရှေ့တည့်တည့်မှမမြင်ရတော့ဘဲ ကားနှင့်အတူ ဘေးချင်းယှဉ်၍ မြင်ရလေသည်။ ဘေးမှန်များချ၍ မောင်းလာသည့်အတွက် တိုးဝေ့လာသည့်လေဝယ် ပိတောက်နံ့လေးများကို ရရှိနေသည်။ စိတ်ကူးယဉ်ဖွယ်ကောင်းလှသည့် ညချမ်းချိန်ခါလေးတစ်ခု။
ချစ်ဗိမာန်အောက်ခိုဝင်ခဲ့စဉ်က ဤကဲ့သို့ညခင်းမျိုး၌ ချစ်ရသူနှင့်အတူတူယှဉ်တွဲ၍ လျှောက်သွားကြရင်း ရောက်တတ်ရာရာစကားတို့ကို ပြောချင်ခဲ့ပါသော်လည်း နေရပ်မတူသည့်အပြင် ကိုယ့်ရည်မှန်းချက်တို့ကိုသာ အားသန်နေခဲ့သောကြောင့် အခွင့်မသာခဲ့ပေ။ နောက်ဆုံး၌ ကိုယ်စီရည်မှန်းချက်များကြောင့် တဖြည်းဖြည်းဝေးကွာသွားခဲ့ကြ၏။ ၆နှစ်ကျော်ကြာခဲ့ပြီဖြစ်၍ ယခုတော့ သူလည်း ရှေ့နေတစ်ဦးပဲဖြစ်နေမလား၊ တက္ကသိုလ်ဆရာဘဝဖြင့် ရပ်တည်နေမလား နုပိုးဝါလည်း မသိပေ။ မိမိမှာလည်း ပညာရေးတက္ကသိုလ်တွင် ဆရာမပြန်လုပ်နေပြီဖြစ်သည်။
YOU ARE READING
နှစ်ဦး၌ ကိုယ်မျှော်သည် (One Shot) / နှစ်ဦး၌ ကိုယ်မျှော်သည် (One shot)
RomanceBoth Unicode and Zawgyi are available. " နိမိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ် " #Credits to Pinterest for Cover Photo Both Unicode and Zawgyi are available. " နိမိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ် " #Credits to Pinterest for Cover Photo