the sparkling days

1.7K 201 14
                                    

ဆပ်ပြာပူဖောင်းတွေကို ဖောက်ပစ်လိုက်တဲ့အခါ ဘယ်ရောက်သွားလဲ။

အဲ့ဒီမေးခွန်းက သူခဏခဏတွေးဖူးတဲ့အရာပဲ။

ပြီးတော့ ကစားစရာတွေထဲ ဆပ်ပြာပူဖောင်းက အထူးဆန်းဆုံးလို့လည်းသူထင်မိတယ်။ ဘယ်ကစားစရာမဆို ဆော့ကစားပြီးပျက်စီးသွားခဲ့ရင်တောင် မပျောက်ဆုံးသွားသ၍တော့ အမှတ်တရကျန်နေခဲ့ကြတယ်လေ။ ဥပမာ သူတို့အိမ်ရှေ့တံခါးဘေးနားမှာလွန်ခဲ့တဲ့ ခုနစ်နှစ်လောက်ကတည်းကရှိနေတဲ့ ညစ်ပတ်ပေရေနေတဲ့ အဝါရောင်ထရပ်ကားအရုပ်ကလေး။

ဆပ်ပြာပူဖောင်းဟာ သူတည်ရှိခဲ့ကြောင်းသက်သေပြဖို့ အဲ့ဒီလိုမျိုး စုတ်စုတ်ပဲ့ပဲ့ သဲလွန်စလေးတစ်ခုတောင် မချန်ခဲ့နိုင်တဲ့အရာတစ်ခုပဲဖြစ်တယ်။

သူက ကစားစရာတွေကိုဘယ်တုန်းကမှမက်မောခဲ့သူမဟုတ်ခဲ့ပေမယ့် ဆပ်ပြာပူဖောင်းကို အထူးတလည် ပိုပြီးမုန်းတီးမိခဲ့တယ်။

• • •

" စာမျက်နှာ ၇၈ ကိုလှန်။ "

နေ့လည်ဘက်နေပူပူအချိန်မှာ မျက်နှာကျက်မှပန်ကာကလည်း မလည်နိုင်တာမို့ ပိုပြီးအိုက်စက်နေသည်။ ထို့ကြောင့်လည်း ဆရာမသည် ပုံမှန်ထက်စိတ်ရှုပ်နေပုံပေါက်နေပြီး  လေသံဟာလည်း ပိုမာနေတာဖြစ်နိုင်သည်။ နားထင်မှစီးကျလာသည့် ချွေးစက်တွေက မိတ်ကပ်ထူထူတွေကိုပါအတူခေါ်ချလာပြီး ဆရာမမျက်နှာသည် နေပူထဲချထားမိသည့် ဖယောင်းရုပ်ကြီးကဲ့သို့ အရည်တပျော်ပျော်ဖြစ်နေသည်။

ဆောနူထိုင်နေသည့်ခုံဟာတော့ ပြတင်းပေါက်အနား၌ရှိကာ ထိုပြတင်းပေါက်အပြင်ဘက်၌ အရွက်အခက်များအပြည့်နှင့် ဝက်သစ်ချပင်ကြီးရှိနေသဖြင့် အရိပ်အာဝါသကောင်းကောင်းရနေသည်။

ထိုနေရာ၌မထိုင်ရလျှင်တောင် သူ့အတွက်ကထူးခြားသွားမည်မထင်။ ဂင်ဆောနူက ချွေးဘယ်လောက်ထွက်ထွက် ကြည့်ကောင်းမှုတွေက တစ် ရာခိုင်နှုန်းလောက်တောင် လျော့ကျသွားမဲ့လူမျိုးမဟုတ်တာကြောင့်။

စာမျက်နှာ ၇၈ သည် ဘာမျှထူးဆန်းမနေ။ ဆေးသားအညံစားနှင့်နှိပ်ထားသည့် ဘာပုံမှန်း မှန်းဆမရသည့် အဖြူအမည်းပုံတစ်ပုံနှင့်။ စာသားခပ်ကျဲကျဲအချို့။

တောက်ပသော နေ့စွဲများ | yangsun |Where stories live. Discover now