Part-29{မကပ်တွယ်လေသည့်အခါ}

44 7 2
                                    

For Unicode
အပိုင်း-၂၉(မကပ်တွယ်လေသည့်အခါ)



ကြင်ကြင်နာနာချစ်စကားတွေပြောခွင့်မရတဲ့ ဒီလမ်းခရီးလေးကို အဆင်ပြေပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်ကလေးနဲ့လျှောက်လှမ်းလာတဲ့ ရေလှိုင်းလေး ‌နွမ်းနေပြီ။

အစ်ကိုတို့မပြတ်သားလိုက်ပုံများ.. တစ်ခါလောလည်း ဘဝ.. နှစ်ခါလာလည်းဘဝ.. ဒီဘဝချင်း အပ်ကြောင်းတွေထပ်နေတဲ့ ဓာတ်ပြားဟောင်းကြီးကို.. လမ်းခရီးအသစ် စနေတဲ့ အခုအထိ အစ်ကိုဖွင့်လို့မပြီးသေးဘူး။ ရွတ်ဖတ်နေရတဲ့သူက ဘယ်လိုနေလဲမသိ.. ကြားရတဲ့လူကတော့ ရိုးအိနေပြီ။

အစ်ကိုပြောတဲ့ ဘဝက ခက်ခဲတယ်ဆို..။ ကျွန်တော့်ဘဝကျတော့လည်း ဘာလို့ လွယ်ကူနေရတာလဲ။

ဘဝက ဘာလဲ.. ဘာလို့လွယ်ကူတာလဲလို့ မေးလာတဲ့အခါ ကျွန်တော်က ရိုးရိုးလေးဖြေမယ်။

ကျွန်တော့်ဘဝက အစ်ကို..။ အဲဒီဘဝလေးက အခု ခိုးပြေးခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော့လက်ထဲ လွယ်လွယ်ကလေးရောက်နေပြီလေ။

အဲဒါကြောင့် ကျွန်ဝောာ့်ဘဝလေးကလွယ်ကူတယ်။

ဒီလိုလွယ်တယ်ပြောလို့ ကျွန်တော့်ဘဝလေးသိရင် စိတ်ဆိုးနေမလား။ အခုတောင် အိမ်ထဲမှာ ဘယ်လိုမသာမယာထိုင်နေမလဲ..။ ရှောင်နေလို့လည်း မဖြစ်သေးပါဘူးလေ။ နေမကောင်းရဲ့ အသက်ကလေးကို ပစ်ထားလို့မှမရဘဲ။

ဆေးလိပ်သောက်ခြင်းနှင့်အရက်သောက်ခြင်းသည် ကျမ်းဂန်များထဲတွင်ဖော်ပြခြင်းမခံရသည့် အမျိုးသားတို့၏ စိတ်ညစ်ဖြေ‌သောနိယာမ။ အမျိုးသားထဲမှ အမျိုးသားဖြစ်သည့် ရေလှိုင်းလေးသည်လည်း ဆေးသောက်ခြင်း ပြုလေသည်။ ဆေးလိပ်တစ်လိပ်မျှကုန်သွားသည့်အခါ လွယ်အိပ်ကိုမွှေနှောက်နေသည့် ရောဂါသည်လေးအား တွေ့ချေတော့ပြီ။

“ ဘာလုပ်နေတာလဲ ”

“ ဖုန်းဘယ်မှာလဲ ”

“ လွှင့်ပစ်ခဲ့တယ် ”

စိတ်ဆောင်တိုင်း တဇွတ်တိုးလုပ်တတ်တဲ့ အဲဒီအနှီးလူသားလေးကြောင့် စိတ်ဓာတ်တွေလည်း တဝုန်းဝုန်းကျရပါတယ်။



“ ညီရယ်.. ဘာလို့ အဲဒီလိုတွေလျှောက်လုပ်နေတာလဲ ”

“ ချစ်လို့ ”

တည်ငြိမ်စွာဖြေလာသည့်သူ၏စကားကြောင့် တက်နေသည့်အဖျားရောဂါသည် ဘယ်ဆီနေမှန်းမသိတော့ပြီ။

“ ချစ်လို့ ခိုးပြေးလာတာ။ ကလေးတွေလို စိန်ပြေးလိုက်တမ်း ကစားနေတာမဟုတ်ဘူးနော်။ လိုက်လေ ဝေးလေ လုပ်မနေစမ်းပါနဲ့လား။ ရင်တွေနာရလို့ပါ ”

အိမ်မှလူကြီးများထံ ဖုန်းဆက်ချင်နေသည့်စိတ်သည် အကြင်သူ၏ နာနာကျင်ကျင်စကားတွေကြောင့် လမ်းစပျောက်လေပြီ။ အကြင်သူအားကြည့်မိအခါ ပြိုတော့မည့်မိုးများနှယ်.. မျက်နှာလှလှကလေးတွင် ဝမ်းနည်းမှုအမည်ရသည့် လှိုင်းကလေးက ဖြတ်သန်းနေသည်။

“ မခွဲနိုင်လို့ ခိုးပြေးခဲ့ပြီးပြီပဲ.. ရှေ့ဆက်ရမယ့်ဘဝကို အတူတူရင်ဆိုင်ရမယ်လေ။ အခု.. အစ်ကိုက ရှေ့လည်းမတိုး.. နောက်လည်းမဆုတ်နဲ့.. ကျွန်တော်က ဘာဆက်လုပ်ရမလဲ..။ အစ်ကို့ကိုချစ်မိတာ တစ်ခါတလေဆို သိပ်လမ်းစပျောက်တယ် ”

ဆက်ပြောနေရင် တကယ်ငိုချတော့မှာကို သိနေတာမို့ ဆက်မပြောစေချင်။ သူ၏ငိုပုံသည် အခြားသူများနှင့်မတူ။ ငိုနေလျှင် မျက်နှာမမဲ့.. အပြုံးကလေးတစ်ခုနှင့်။ ထိုအပြုံးသည် အများလူကဲ့သို့ မချိုမြိန်.. နာနာကျင်ကျင်မျက်ဝန်းများနှင့် တွဲဖက်လေသည့်အခါ ဤရင်သည် တဆစ်ဆစ်..။

ဖုန်းလည်း ဆက်မရှာချင်တော့တာမို့ အကြင်သူ့ဆီကို သွားမိတဲ့အခါ ကျွန်တော့်ရင်ခွင်တဲ့ တိုးဝင်လာတဲ့ကလေးလေးသည် တကယ်မရင့်ကျက်သေးပါ။

“ ညီ.. ညီအခုလိုလုပ်လိုက်တာကို ကိုယ်အပြစ်တင်မိတယ်ဆိုတာ စိတ်ဆိုးလို့မဟုတ်ဘူးလေ။ ညီ့အတွက် နစ်နာရမှာစိုးလို့ ပြောမိတာပါ။ ကိုယ်က ညီ့ကို တင့်တောင်းတင့်တယ်ထားချင်တာ ”

“ တင့်တောင်းတင့်တယ်ထားမယ်ဆိုတာကြီး မပြောစမ်းပါနဲ့။ ကျွန်တော်က မိန်းကလေးမဟုတ်ဘူး။ ယောက်ျားလေးဗျ ယောက်ျားလေး.. ယောက်ျားလေးချင်း ချစ်ကြိုက်လို့ ‌ခိုးပြေးတာပဲကို.. အတူတူနေရရင် အတူတူပဲလုပ်ကိုင်စားသောက်ရမှာပေါ့။ အစ်ကိုတစ်ယောက်တည်းအလုပ်လုပ်ပြီး ကျွန်တော်က ရသမျှထိုင်‌စားနေရမှာလား။ အစ်ကိုပင်ပန်းတာကိုလည်း ကြည့်ရက်တယ်ထင်နေတာလား ”

ရင်ခွင်ထဲက ကလေးလေးဟာ.. ရန်တွေ့ရင်လည်း ဒီလိုလေးတွေချစ်ဖို့ကောင်းသတဲ့။

“ ဟုတ်ပါပြီ.. သဘော.. သဘော.. ညီ.. မကြိုက်ရင် ကိုယ်မပြောတော့ပါဘူး ”

ဘယ်တတ်နိုင်မလဲ သူ့မျက်နှာလေးကိုမှအပျက်မခံနိုင်တော့လည်း သူပြောသလိုနေရုံပေါ့။

“ အစ်ကို ရင်ကျပ်တာသက်သာရဲ့လား ”

“ သက်သာပါတယ် ”

“ ဗိုက်ဆာနေပြီလား ”

“ အင်း.. အခုမှဒီကိုရောက်တာဆိုတော့ စားသောက်ဖို့ ဘာမှမရှိဘူးမဟုတ်လား.. ကိုယ်တစ်ခုခုသွားဝယ်လိုက်မယ်လေ ”

“ ဝယ်စရာမလိုဘူး။ အစ်ကိုကြိုက်တတ်တဲ့မုန့်တွေ ထည့်လာပြီးသား။ ဆေးတွေတောင်ဝယ်လာသေးတယ် ”

သူမျက်စပစ်ပြတဲ့ အထုပ်ကလေးကိုကြည့်လိုက်တဲ့အခါ သူကတကယ်လည်းတိကျတဲ့လူဆိုတာ သိလာပြန်တယ်။ ကျွန်တော်ကြိုက်တဲ့မုန့်လေးတွေ ကော်ဖီတွေ ဆေးဘူးလေးတွေနဲ့..။

“ တိကျလှချည်လား။ ဘယ်ကတည်းက ကြိုတင်ပြင်ဆင်လာတာလဲ ”

“ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ”

“ ‌ဒီရေလှိုင်းလို့ စိတ်အားထက်သန်လိုက်ပုံများ ချီးကျူးချင်စရာ.. ”

“ အစ်ကို့ကို ပိုင်ဆိုင်ရမယ့်အရေးပဲ.. ဒီလောက်ကတော့ ထက်သန်ရမှာပေါ့။ အစ်ကိုကသွားနားနေလေ‌.. အစ်ကိုစားဖို့.. ကျွန်တော်တစ်ခုခုပြင်ဆင်လိုက်ဦးမယ် ”

ပြောပြီးပြီးချင်း မီးဖိုချောင်ထဲဝင်သွားတဲ့ ကလေးလေးဟာ သိပ်ကိုအလိုက်သိလွန်းတယ်။ သူထားခဲ့တဲ့ ထိုင်ခုံလေးမှာ ထိုင်ရင်း အတွေးတွေက ဟိုရောက်.. ဒီရောက်..။ နောက်ဆုံးတော့ ရောက်သွားတဲ့စိတ်တွေက သူ့ဆီကိုပါပဲ။

အခုမှရောက်တာမို့ ဘာမှမရှိတဲ့ မီးဖိုးချောင်မှာ သူဘာတွေပြင်ဆင်မလို့လဲ..။

အဲဒီအတွေးကလေး ရိပ်ခနဲဝင်လာတဲ့အခါ ခြေလှမ်းတွေက သူ့ထံဦးတည်လိုက်ပြန်တယ်။ မီးဖိုချောင်ထဲ ရောက်တဲ့အခါ လျှပ်စစ်ဟင်းအိုးနဲ့ ခေါက်ဆွဲပြုတ်နေတဲ့ သူ..။



“ ညီ.. ”

“ ဗျာ.. ”

“ ဒါတွေက ဘယ်ကရောက်.. ”

“ ဒီပစ္စည်းတွေလား ဘေးအိမ်က အန်တီကြီးကို ဖုန်းဆက်အကူအညီတောင်းပြီးဝယ်ခိုင်းထားတာလေ ”

“ ဒီရေလှိုင်းတို့ စေ့စပ်ပုံက အောချလောက်တယ် ”

“ တွေ့တယ်မဟုတ်လား.. ခင်ဗျားချစ်သူ ဘယ်လောက်တော်သလဲဆိုတာ ”



မာန်ကလေး တဝင့်တင့်နဲ့သူစကားပြောပုံက အသည်းယားစရာ..။



ကျောခိုင်းထားတဲ့ခန္ဓာကိုယ်လေးကို ဆွဲလှည့်လိုက်တဲ့အခါ မျက်လုံးလေးများ ပြူးကြည့်လာသည့်သူက ခပ်ဆိုးဆိုးလူငယ်လေးမဟုတ်တော့တဲ့ ယုန်ငယ်လေးလို။ ကိုယ်မြတ်နိုးတဲ့နှင်းဆီတွေလို နီဆွေဆွေနှုတ်ခမ်းလေးတွေက လူကိုရုန်းမထွက်အောင်ပြုစားဖို့ အလှစွမ်းအားတွေနဲ့ အလွန်ကိုပြည့်နေသလို။ ခပ်စူးစူးစိုက်ကြည့်လေတဲ့အခါ ယုန်သူငယ်လေး ရှက်နေပြီ။ အချစ်စိတ်ဆိုသည်မှာ ဤအချိန် ဤနေရာတွင် တားမရဆီးမရ..။ ခါးသေးသေးလေးကို ပွေ့ဖက်ပြီ.. နှုတ်ခမ်းလေးတွေကို နမ်းရှိုက်လိုက်တဲ့အခါ သူမငြင်းဆန်ပါ။ သိပ်မရင်းနှီးပေမဲ့ သိပ်လည်းစိမ်းပုံမရတဲ့ ဒီနှုတ်ခမ်းလေးတွေက တကယ့်ကို ချိုချိုအီအီ..။

မိနစ်အနည်းငယ်ခန့်ကြာတဲ့အခါ ဦးဆောင်သူကဘယ်သူမှန်းမသိအောင်ကို အနမ်းတွေက သိပ်သိပ်သည်းသည်း။ ရေလှိုင်းလေးရဲ့လက်ကလေးတွေက မိုးစက်လေးရဲ့လည်ပင်းတွေပေါ်မှာ လှလှပပ။ မိုးစက်ငယ်ရဲ့လက်ကလေးတွေကလည်း ရေလှိုင်းလေးရဲ့ ခါးတွေပေါ်မှာ အံဝင်ခွင်ကျ..။

ပွက်ပွက်ဆူနေသည့် ခေါက်ဆွဲပြုတ်အိုးလေးသည် အကြင်သူတို့ထံမှဥ‌ပေက္ခာများကို မတောင်းဆိုဘဲ ရရှိထားသည်ဖြစ်ရာ သနားစဖွယ်..။

အကြင်သူတို့ရဲ့ ဥပေက္ခာတွေကို သဘောမကျလာတဲ့လျှပ်စစ်ရေနွေးအိုးက ဒေါသထွက်ကာ အငွေ့တထောင်းထောင်းနှင့် အော်နေလေပြီ။

ရေနွေးဆူသံကြားရသည့်အခါမှ ရပ်တန့်သွားသောအနမ်းချိုချိုတို့ကြောင့် အကြင်သူတို့ မောနေလေပြီ။

‌ရေလှိုင်းလေးသည်လည်း ပါးတင်သာမက နားများပါနီရဲလာသည်။ အရှက်ပိုသည်ကတစ်ကြောင်း မောနေသည်ကတစိကြောင်းနဲ့ အကြင်သူ၏ရင်ခွင်နွေးနွေးထဲ.. တိုးဝင်မိပြန်သည်။



“ ပန်းနာရင်ကျပ်ရောဂါသည်ကလည်း ဒီလိုအချိန်ဆို ချက်ချင်းကြီးပြန်ကောင်းပါလား။ ရောဂါတွေဘယ်ရောက်သွားပြီလဲ။ ”

“ မင်းလေးရဲ့ ဝင်လေထွက်လေနဲ့ မျောပါသွားပြီတဲ့ ”

“ ရေခဲတုံးကြီးကလည်း ဒီလိုတီတီတာတာလေးတွေ တတ်တာပဲလား ”

“ ညီ့ရဲ့ယောက်ျားပဲလေ.. ဒီလောက်တော့တတ်ရမှာပေါ့ ”

“ ခင်ဗျားကြီးနော်..။ ပိုးစိုးပိုင်နင်းနဲ့.. ဘာကိုယောက်ျားလဲ.. ”

“ ဟော.. သူပဲ ပိုင်ဆိုင်ချင်ပါတယ်ဆိုပြီး ခိုးပြေးလာပြီးတော့..။ ပိုင်ဆိုင်မှတော့ ပိုင်ဆိုင်ကြောင်းတံဆိပ်လေးတွေ ကပ်ရမှာပေါ့ ”

မထင်ပါ..။ ဒီဘဲကြီး ဒီလိုတွေတတ်လိမ့်မယ်လို့ လုံးဝထင်ကိုမထင်ခဲ့တာပါ။

“ တော်ဗျာ.. ရှက်လာပြီ။ ခေါက်ဆွဲတွေလည်း ရေခမ်းတော့မယ်။ သွား.. အရှေ့မှာ သွားထိုင်နေတော့ ”

ငါဟဲ့ယောက်ျားဆိုပြီးမာနကလေး တလွှားလွှားနဲ့ ပိုင်ဆိုင်ချင်လိုက်တာလည်း သူပဲ.. ကိုယ်ကတံဆိပ်ကပ်မယ်ဆိုတော့ ရှက်သွေးဖြာနေတာလည်း သူပဲ..။ ရေလှိုင်းလေးက တကယ်ကိုစာမျက်နှာတွေ အများကြီးနဲ့။



တူနှစ်ကိုယ် တဲအိုပျက်မှာနေပြီး ထမင်းရည်မသောက်ရပေမဲ့ ပျဉ်ထောင်အိမ်ကလေးထဲမှာ ခေါက်ဆွဲပြုတ်ထိုင်သောက်နေရလည်း နိဗ္ဗာန်ဘုံပါပဲ။



ကြက်ဥကို အကာမစားတဲ့ ဒီရေလှိုင်းနဲ့ အနှစ်မစားတဲ့မိုးရာမညဟာ ဘယ်လိုတောင် နတ်ဖက်တဲ့စုံတွဲလဲ။ ခေါက်ဆွဲပြုတ်နှစ်ပန်းကန်ထဲ နှစ်ယောက်သားရဲ့လက်တွေက အကာဖယ် အနှစ်ဖယ်နဲ့ ရှုပ်နေလေပြီ။



နှစ်ဖက်မိဘ၏ အသိုင်းအဝိုင်းသည်လည်း ရှုပ်ထွေးစပြုလာပြီ..။



အချိန်လွန်သည်အထိ အိမ်သို့ပြန်မရောက်သေးသောသားဖြစ်သူအတွက် မိခင်ဖြစ်သူ စိတ်ပူရှာသည်။ ဖုန်းဆက်သော်လည်းမရ..။ သမီးသည်ကလည်း အလုပ်မှပြန်မလာသေး။ ယခုအချိန်တွင် အားကိုးရာဟူ၍လည်း သမီးကြီးမှအပ တခြားမရှိ။ သားငယ်အကြောင်း သိထားသူဖြစ်၍ အရပ်ထဲတွင် အကူအညီမတောင်းရဲ..။

လက်တွင်ကိုင်ထားသည်က ပုတီးဖြစ်သော်လည်း စိပ်ရကောင်းမှန်းမသိ..။ ရင်တွင်းအပူသည် ပြင်ပလောကရှိအရာမှန်သမျှအား မေ့စေနိုင်သည်အထိ အစွမ်းထက်လှသည်။

သမီးကြီးထံဖုန်းဆက်၍ အကျိုးအကြောင်းပြောပြသောအခါ အလုပ်မှအချိန်စော၍ပြန်လာမည်ဖြစ်ကြောင်း သိရသော်လည်း စိတ်မအေးနိုင်။

သားသမီးတစ်ယောက် မည်မျှပင်အရွယ်ရောက်ပါစေ မိဘများ၏မျက်ဝန်းထဲတွင် ကလေးငယ်အဖြစ်သာရှိနေသည်။

ဒီကလေး မလုပ်တတ်မကိုင်တတ်နဲ့ ဘယ်တွေလျှောက်သွားနေသလဲကွယ်..။

နှစ်နာရီခန့်လွန်သောအခါ သမီးကြီးပြန်ရောက်လာသည်။



“ မေမေ ဘယ်လိုဖြစ်တာလဲ။ ဘာလို့မောင်လေးက ပြန်မရောက်သေးတာလဲ ”

“ မသိပါဘူးသမီးရယ်.. ဒီကောင်လေး ဘယ်တွေလျှောက်သွားနေမှန်းကိုမသိဘူး။ အမေကလေ သားလေးတစ်ခုခုဖြစ်နေမှာစိတ်ပူတာ။ အဆက်အသွယ်လည်းမရနဲ့.. ”

“ သမီးလည်းစိတ်ပူပါတယ်။ သူ့သူငယ်ချင်းဆီဆက်ကြည့်ပါဦးလား ”

“ အမေ့မှာ ရှိန်းခတို့ဖုန်းနံပါတ်မရှိဘူးသမီး ”



“ သမီးမှာလည်းမရှိဘူး‌..။ အိမ်ကိုလိုက်မေးရင်ကောင်းမလား.. ညနက်လေလေ မောင်လေးအတွက်စိတ်ပူလေလေပဲ ”

“ အေးအေးသွားကြတာပေါ့ ”

ဤအပူအား ပြင်ပရှိမိုးရေစက်တို့်မငြှိမ်းနိုင်။ သွန်းရေစင်သည် ထီးကိုကိုင်ထားသော်လည်း သူ့ကိုယ်ပေါ်တွင် ထီးမရှိ..။ မိခင်ကိုသာ မိုးပေးထားသည်။ သူသည်က မိုးရေများစိုလျက်။ စီးထားသောဖိနပ်မှာ တစ်ဖက်ကအကြမ်းစီးဖိနပ်.. တစ်ဖက်ကကျောက်ကလေးများဖြင့် ခြယ်လှယ်ထားသည့် ဖိနပ်တစ်ဖက်..။ ကြွနေသည့်အပူလုံးသောကအား ဤအပြင်အဆင်မှ အပြည့်အဝ တာဝန်ယူဖော်ပြပေးနေသည်။

ရှိန်းခတို့အိမ်ရှေ့ရောက်သည်အထိ သူသည် စိတ်နှင့်လူနှင့်မကပ်။

“ ရှိန်းခရေ.. ရှိန်းခ ”

ခြံထဲတွင်ထိုင်နေသောရှိန်းခသည်လည်း မျက်နှာမကြည်မသာ။ အကြောင်းမှာ ကျောင်းဆင်းသောအခါ မိမိတို့အားမစောင့်နေသော ဒီရေလှိုင်းကြောင့်သာ..။

မကြည်သာတာကအသာထား.. မလာစဖူးအလာထူးတာမို့ ခေါ်သူတို့ထံ အမြန်ပြေးသွားရပြီ။

“ မမ.. ညဘက်ကြီးဒီကိုရောက်လာတာ ဘာကိစ္စရှိလို့လဲဗျ ”



“ မောင်လေးလေ.. အိမ်ကိုအခုထိပြန်မလာသေးဘူး။ ဘယ်ကိုသွားတယ်ဆိုတာ မင်းတို့များသိမလားလို့ပါ ”

“ ကျွန်တော်တို့ကိုလည်း ဘာမှမပြောဘူးမမ။ ဖုန်းဆက်လို့ရောမရဘူးလား ”

“ မရဘူး.. စက်ပိတ်ထားတယ်.. အစ်မက သူတစ်ခုခုဖြစ်နေမှာ စိုးရိမ်တာ ”

ဒီကောင်လည်း မမွှေစဖူး မွှေပြန်ပြီ။ ကိုယ်တွေနဲ့အပြင်သွားရင်တောင် အိမ်ပြန်ချိန်နောက်ကျမခံတဲ့ ဒီကောင်က.. အခုမှ ဘာလို့..။

တွေးရင်းတွေးရင် ပေါ်လာတဲ့မျက်နှာက သူငယ်ချင်းဖြစ်သူမဟုတ်.. သူငယ်ချင်း၏အလွန်ချစ်ခြင်းကိုခံရသောသူ၏မျက်နှာ...။



“ ခဏနော် ခဏ.. ကျွန်တော် သော်ကကိုဖုန်းဆက်လိုက်ဦးမယ် ”



အေးအတူပူအမျှသူငယ်ချင်းတွေမို့ ဒီရေလှိုင်းအကြောင်းသိရတဲ့အခါ သော်ကသည်လည်း ဆဲသံတဆာဆာနဲ့ပြူးပြူးပျာပျာ..။

“ မင်းမေကလွှား.. ဒီနွား.. ဘာတွေမီးမွှေပြန်ပြီလည်းမသိဘူး။ မီးခိုးတွေက ငါတို့ဆီပါရောက်တယ်။ သောက်ရူးထပြီး လင်နောက်လိုက်တာဆိုရင်တော့ တွေ့ရင်ဖနောင့်နဲ့ပေါက်ပစ်မယ်.. ”

ပါးစပ်မှ ဤသို့ရွတ်ဖတ်သရဇ္ဈာယ်မှုသည် ရှိန်းခ၏အိမ်သို့ရောက်သောအခါ အရှိန်သတ်ရသည်။

“ သားလေးသော်က.. သားသူငယ်ချင်း အခုထိပြန်နလာဘူးကွယ်.. သူဘယ်သွားမယ်လို့ ပြောသွားသေးလဲ ”

“ အဲဒီလိုတော့ မပြောသွားဘူးအန်တီ.. မဟုတ်မှလွဲရော.. ဟိုတစ်ယောက်နဲ့များ လိုက်ပြေး... ”

“ ဟိတ်ကောင်.. အန်တီတို့အရှေ့မှာ မတော်တရော်တွေ.. ”

“ မတော်တာသိပါတယ်။ ဒါပေမဲ့ သူပြောဖူးတယ်လေ.. မင်းမမှတိမိဘူးလား.. အဲဒီကောင်နဲ့ခိုး‌ပြေးမယ်လို့ ”

သွန်းရေစင်တစ်ယောက်.. သော်ကရဲ့စကားကိုကြားပြီးနောက် စိတ်ဓာတ်တွေကဆည်မရအောင်ကျသွားပေမဲ့ မိမိမှာ ပျော့ညံ့ပိုင်ခွင့်မရှိတဲ့ သမီးကြီးမို့လို့ ဒူးတွေမခိုင်ပေမဲ့ လက်ကျန်အင်အားတွေကိုစုရင်း ရပ်မြဲရပ်နေရတယ်။ လက်ကလေးတွေကတော့ တဆတ်ဆတ်..။

ပြောထားရဲ့နဲ့.. ပြောထားရဲ့နဲ့များ မိုက်တွင်းနက်ရလားဟဲ့..။ အရပ်ထဲမှာ.. အရပ်ထဲမှာ ဘယ်လိုမျက်နှာနဲ့ ဘယ်လိုမျက်နှာများ.. အသက်ရှင်ရပါ့မလဲဟယ်..။

ဘယ်သူမှမရှိတဲ့ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုရင်း စိတ်ထဲမသက်သာ..။ အမှောင်ရိပ်များသည် မျက်လုံးများလို လိုက်ကြည့်နေသယောင်..။ မူးလိုက်ဝေလိုက်နဲ့..။

ဒါပေမဲ့.. ငါလဲကျခွင့်မရှိဘူး..။

“ ပြန်မယ်.. ပြန်မယ်‌မေမေ.. အိမ်ရောက်မှ စဉ်းစားတာပေါ့ ”

မိခင်သည်လည်း ကတုန်ကယင်နှင့်။ လူနှင့်စိတ်နှင့်မကပ်..။ လက်တွင်ကိုင်ထားသော စိပ်ပုတီးသည်လည်း အားနာစရာ..။

မေမေနဲ့မမကိုချစ်တယ်ပြောပြီး ဒီရင်တွေကို မကပ်တွယ်လိုက်ပုံများ..။

ကျန်တစ်ဖက်တွင်မူ..

အမြင်အရ တည်ငြိမ်နေသော်လည်း အတွင်းစိတ်တွင်မူ စစ်ပွဲတစ်ပွဲနှယ်..။

အဘွားကိုချစ်ပါတယ်ပြောပြီး ဒီရင်ကိုမကပ်တွယ်လိုက်ပုံများ....



“ စုံစမ်း.. မနက်ဖြန်မကူးခင် သတင်းသိချင်တယ်..။ ဒီအမယ်အိုကို ဒီလိုလုပ်လို့ရရိုးလားကွယ် ”

“ ဟိုလေ.. ညီမကို ဖုန်းဆက်ပြီး‌မေးကြည့်ရင်ရော ”



“ ဒီရင်ကို စုံကန်သွားတဲ့မိန်းမနဲ့ အမေမပတ်သက်ချင်ဘူး ”

“ အမေ့ကို မပတ်သက်ခိုင်းပါဘူး.. သားမေးမှာပါ.. မေးရုံပဲလေ။ မိုးရာမညသတင်းသိရဖို့က ဒီအချိန်မှာ အဓိက..။ ကျွန်တော်လူလွှတ်ပြီးစုံစမ်းလို့လည်း သတင်းမရဘူးဖြစ်‌နေလို့ပါ ”

သားအချစ်မြေးအနှစ်တဲ့..။ မြေးတဲ့ပတ်သက်လာတော့လည်း ဒေါ်မြမြမိုးတို့ဈာန်လျှော်ရပြီ။

“ ဟုတ်ပြီ မေးလိုက် ”

မခေါ်ဆိုတာကြာပြီဖြစ်တဲ့ဖုန်းနံပါတ်လေးကို အဆက်အသွယ်ပြုလေတဲ့အခါ ရင်တုန်မှုများစွာနဲ့..။

“ ဘုရားပွင့်တော့မှာလား အစ်ကိုမိုးညို ”

“ သား.. အိမ်ကိုပြန်မရောက်သေးဘူး။ ဖုန်းဆက်တာလည်းမရဘူး ”

“ သူ့သူငယ်ချင်းတွေဆီကိုရော ဆက်ပြီးပြီလား.. ”

“ သူ့သူငယ်ချင်းဖုန်းနံပါတ်တွေ မရှိဘူး.. ”

“ ကောင်းတာပေါ့.. ”

“ ညီမ.. တစ်ချက်လောက် စုံစမ်းပေးပါ ”

“ ကောင်းပြီ.. ”



တီခနဲကျသွားတဲ့ဖုန်းခေါ်ဆိုမှုလေးနောက် ဒေါ်ထိပ်ထားခင်၏စိတ်ထဲတွင် စိုးရိမ်ခြင်းမည်ရှိအစိုင်အခဲက စတင်ဖြစ်တည်လာတော့သည်။ ထို့နောက်.. ဒေါ်ထိပ်ထားခင်ခေါ်ဆိုခဲ့သည့်ဖုန်းသည် မြတ်မင်းခိုင်ဆီ..။

“ သား.. မြတ်မင်းခိုင်.. မင်းသူငယ်ချင်း ဘယ်သွားမယ်ပြောသွားသေးလဲ ”

“ ဗျာ.. အဲဒီလိုတော့မပြောသွားဘူးဆရာမကြီး ”

“ သူ့ဆီမှာရည်းစားရှိလား ”

“ ဗျာ.. ”

“ အမှန်တိုင်းပြောပါ.. သူအခုထိအိမ်ပြန်မလာသေးလို့ ”

စိတ်ပူခြင်းကြောင့် ဝန်ခံမိတဲ့စကားတွေက သစ္စာဖောက်ခြင်းတော့ မမည်လောက်ဘူးမဟုတ်လား..။

“ ဟုတ်.. ”

“ ဘယ်သူလဲ.. ”

“ ဒီရေလှိုင်းပါ.. ”

“ သီတာနေရာက သရုပ်ဆောင်တဲ့တစ်ယောက်လား ”

“ ဟုတ်ကဲ့ ”

“ အင်း.. ရပြီ.. ဒါပဲနော် ”

စာအုပ်စဉ်ပေါ်က ပထမနှစ်ကျောင်းသားစာရင်းကိုရှာ.. နေရပ်လိပ်စာရှာရင်း ဒေါ်ထိပ်ထားခင်တို့ အလုပ်ရှုပ်ရပြီ။

တစ်နာရီခန့်ကြာသောအခါ သူ၏နေရပ်လိပ်စာကို‌‌တွေ့ရှိလေပြီ။ ထို့နောက်..



“ သူ့မှာရည်းစားကောင်လေးရှိတယ်ပြောတယ်.. သူ့လိပ်စာပေးမယ် တစ်ချက်လောက်စုံစမ်းကြည့်..။ စုံစမ်းခိုင်တာနော် အနိုင်ကျင့်ခိုင်းတာမဟုတ်ဘူး ”



“ အင်း.. လိပ်စာက.. ”

“ အင်းစိန်မြို့နယ်၊ဆယ်မိုင်၊ဗိုလ်တေဇလမ်း၊အမှတ်၅၂၊ ကောင်လေးနာမည်က ဒီရေလှိုင်း ”

မိဘများကို မကပ်တွယ်လေသည့် သားလှရတနာတို့အား အရှာတော်ပုံဇာတ်ခင်းရတော့မည်။



ထိုသို့ဖြင့်သာ “မကပ်တွယ်‌လေသည့်အခါ..” ဇာတ်လမ်း.. ဤနေရာတွင် တစ်ခန်းရပ်သည်။

အကယ်၍ကျွန်တော်သာရာမဖြစ်ခဲ့လျှင်(အကယ်၍ကျွန်တော်သာရာမဖြစ်ခဲ့လျှင်)[complete]Where stories live. Discover now