UNICODE
မကြာခင် မိုးရွာတော့မည်။ ဒီနှစ်ရဲ့ ပထမဆုံး မိုးဦး ရွာတော့မည်။ ခုနကအထိ ပြာလဲ့နေခဲ့တဲ့ ကောင်းကင်က တိမ်ဖြူတို့ဟာ သွဲ့သွဲ့သောသော လေအရှိန်နဲ့ ခပ်သုတ်သုတ် ခရီးနှင်နေကြသည်။ အနောက်ဘက်က တိမ်မည်းများဟာ ဖြူလွလွ တိမ်တွေနေရာကို အစားထိုး ၀င်ရောက်ဖို့ တရွေ့ရွေ့ တက်လာကြသည်။
မီးခိုးရင့်ရောင် ကောင်းကင်လမ်းမှာ ငှက်အုပ်တို့က ရုတ်ရုတ်သဲသဲဖြင့် အသိုက်ဆီသို့ ပြန်နေကြသည်။ သတ္တဝါတိုင်းအတွက် မိမိ၏ အိမ်သည်သာ အလုံခြုံဆုံးဟု ခံယူထားပုံပေါ်ကြသည်။ ကြမ်းတမ်းတဲ့ လောကဓံတွေကြား နွေးထွေးမှုကို အိမ်ကသာ ပေးနိုင်၏။
အိမ်ဟု ဆိုရာ၀ယ် အဆောက်အဦးအိမ်အပြင် နွေးထွေးသည့် နှလုံးအိမ်တစ်လုံးလည်း လိုအပ်သည်။ နာကျင် ၀မ်းနည်း သိမ်ငယ်ရသည့်အခါ ထွေးပွေ့ပေးနိုင်မည့် နှလုံးအိမ်။
ထိုသို့ဆိုလျှင် ဂျောင်ဂုသည် အိမ်ပျောက်နေသူ ဖြစ်၏။
လေသည် ခုနကထက် အရှိန်ပိုလာသည်။ သစ်ရွက်များက တွန်းထိုး လှုပ်ရှားကာ တရှဲရှဲမြည်ရင်း ဂျောင်ဂု အခန်းရဲ့ ပြတင်းပေါက်ကိုပါ လာရိုက်သည်။ မိုးကတော့ မရွာသေးပေ။
ဂျောင်ဂု ပြတင်းပေါက်ကို ထပိတ်လိုက်သည်။ အခန်းထဲ ခပ်အုံ့အုံ့မှောင်သွား၏။ ထိုသို့ အုံ့မှိုင်းမှိုင်း အနေအထားကို သဘောကျသောကြောင့် မီးဖွင့်မနေတော့ပါ။
ကုတင်အောက်က စက္ကူအမာသားသေတ္တာလေးကို ဂျောင်ဂု ဆွဲထုတ်လိုက်သည်။ ကျောင်းသား ဘ၀တုန်းက အမှတ်တရ ပစ္စည်းများကို ထည့်သိမ်းထားသည့် သေတ္တာပင်။ ထိုသေ တ္တာထဲတွင် နှစ်စဥ် ကျောင်းသားကတ်များ၊ ဓါတ်ပုံများ၊ စာအုပ်အချို့နှင့် အတန်းတွင်း အားကစား ပြိုင်ပွဲများမှ ဆုအဖြစ် ရရှိခဲ့ဖူးသည့် ပစ္စည်းတိုတိုထွာထွာလေးများ ရှိသည်။
ထိုပစ္စည်းများရဲ့ အပေါ်ယံမှာ ရှိနေတာကတော့ ဂျောင်ဂု မကြာခဏ ထုတ်ကြည့်လေ့ရှိသည့် အလယ်တန်းနောက်ဆုံးနေ့က ရိုက်ထားသည့် ဓါတ်ပုံလေးပင်။ အတန်းပိုင်ဆရာမနှင့် အတန်းထဲက ကျောင်းသူကျောင်းသားများ စုရိုက်ထားသည့် ပုံလေး။ ထို ဓါတ်ပုံထဲမှ ဂျောင်ဂု မျက်နှာလေးပင် ကလေးမျက်နှာလေး ရှိသေးသည်။ ဓါတ်ပုံထဲမှ ကလေးများ၏ မျက်နှာလေးတွေမှာလည်း နုနယ်မှု၊ ပေါ့ပါးမှုနှင့် အားအင်ပြည့်နေကြသည်။