သူရေးတဲ့ ကျွန်တော့်အနာဂါတ်

106 2 2
                                    

သူ့ရဲ့ပစ္စုပ္ပန်မှာ နေထိုင်နေတဲ့ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့အနာဂါတ်မှာ နေထိုင်နေတဲ့ သူ


ဆိုင်တံခါးလေးကို တွန်းဖွင့်ဝင်လိုက်တော့ တံခါးမှာ ချိတ်ဆွဲထားတဲ့ ခရုခွံလေးတွေဆီက လှုပ်ရှားသံလေး ထွက်ပေါ်လာသည်။ ထွက်ပေါ်လာတဲ့ အသံလေးနဲ့အတူ အကြည့်တစ်ချက်က ကျွန်တော့်ဆီ ဝင်လာသည်၊၊ အမှတ်တရတွေအများကြီးနဲ့ ဒီဆိုင်လေးမှာ နောက်ဆုံးလို့ပြောလို့ရမယ့် သူ့ဆီက လက်ဆောင်တချိူ့ ဒီနေ့ ကျွန်တော်ထပ်ပြီး လက်ခံရမယ်ဆိုတာကိုလည်း ကြိုသိနေသည်။

 ပြုံးပြီး လက်လှမ်းပြတဲ့ သူ့ဆီကို လက်လေးတစ်ဖက် ဝှေ့ယမ်းနှုတ်ဆက်ရင်း လျှောက်သွားမိသည်။ ပျံ့လွင့်လာတဲ့ သီချင်းသံလေးမှာ သူ့အငွေ့အသက်တချို့ပါလာသည်။ ဒါကကော နောက်ဆုံး ဖြစ်ဖို့ အခွင့်အလမ်း ပိုများတယ်ဆိုတာ ကျွန်တော့်ထက် ဘယ်သူကမှ ပိုမသိနိုင်ဘူးလို့ ကျွန်တော် ယူဆထားသေးသည်။ 

နှုတ်ဆက်နေကျ ဆိုင်ရှင်အစ်မကြီးကို နှုတ်ဆက်ရင်း ပြုံးပြလိုက်တော့ နှစ်သိမ့်ပြုံးတစ်ခု ပြန်ရလိုက်သည်။ ကျွန်တော့်အကြောင်း ကျွန်တော့်လောက်နီးနီး သိတဲ့သူကို ပြပါဆိုရင် ဆိုင်ရှင် အစ်မကြီးပဲ ဖြစ်လိမ့်မည်။ သူ့အနားကို လျှောက်လာတဲ့ ကျွန်တော့်ခြေလှမ်းတိုင်းမှာ သူ့အငွေ့အသက်တွေ ရှိနေခဲ့သည်။ သူ့လက်ထဲမှာ ရှိနေတဲ့ ကျွန်တော့်ကံတရားက ကောင်းလာဖို့ မရှိပေမယ့် ကျွန်တော်ကတော့ မျှော်လင့်ပြီးရင်း မျှော်လင့်နေခဲ့မိသည်။ ဒါက ကျွန်တော်ကိုယ်တိုင် ဖန်တီးထားတဲ့ ကံတရားလို့‌ပြောရင် ပိုမှန်လိမ့်မည်ထင်သည်။ 

သူနဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တော့ သူက ခပ်ဆက်ဆက် လှမ်းကြည့်သည်။ ဘာကိုမကျေမနပ်ဖြစ်နေတာလည်းဆိုတာ အပြေးအလွှား တွေးကြည့်စရာမလိုအောင် ကျွန်တော်သိနေသည်။

"ဆိုင်ရှင်အစ်မကြီးကို သိလာတာ နှစ်ပေါင်းနည်းတော့တာ မဟုတ်ဘူး၊ အခုချိန်ထိ သံသယဝင်နေတုန်းပဲ မင်းကလေ ဘယ်လောက်ပြောပြော နားမလည်ဘူး"

ကျွန်တော့်စကားကြောင့် သူ ပိုပြီး ဒေါသထွက်သွားနိုင်တာသိလည်း သူနဲ့ အမျာကြီး ရှေ့ဆက်ဖို့မှ မရှိတော့တာ အရင်လို သူ့မျက်နှာကြည့်ပြီး သူ့အလိုကျ လိုက်ပြောနေတော့ကော သူ ကျွန်တော့်အနားမှာ နေမှာမှ မဟုတ်တာ။ စိတ်ကူးထဲက ကျွန်တော့်အတွေးနဲ့အတူ စားပွဲပေါ်က သူမှာထားပေးတဲ့ ထောပတ်သီး ဖျော်ရည်ဆီပဲ စိတ်ရောက်နေသည်။ ကျွန်တော်သောက်ဖို့ခေါင်းငုံ့လိုက်မှ ဖန်ခွက်ကို သူက ဆွဲယူသွားသည်။ မော့ကြည့်လိုက်တော့ အခုချိန်ထိ ကျွန်တော့်ဖြေရှင်းချက်ကို သူ သဘောမကျသေးတာ ကျွန်‌တော်သိသည်။

ကျွန်တော့်ရဲ့အနာဂါတ်မှာ နေထိုင်နေတဲ့ သူWhere stories live. Discover now