(Unicode)
"ကိုယ် ဆောနူကို သိပ်ချစ်တာပဲ .."
အနားကပ်လို့ တိုးတိုးလေးပြောလာတဲ့အခါ ကိုင်ထားတဲ့ ခံသားဘောပင်လေးက ဆောနူလက်ရဲ့ တုန်ခါမှုကြောင့် မျဉ်းဖြောင့်ကို အတော်လေးကြည့်ရဆိုးအောင် စောင်းသွားစေတယ် ..။
"ကိုကို .. ဒီတစ်ပုဒ်မပြီးရင် ပါမောက္ခက ကျွန်တော့ကို ဆူမှာ"
"ဒါဆို ဒီတစ်ပုဒ်ပြီးရင် ဆောနူ ကိုယ့်ကို အဖြေပြန်ပေးမလား .."
"ကိုကိုက အရူးပဲ"
"အချစ်ရူးလေးလေ"
"ကိုကို !"
ဆောနူရဲ့ ဆံပင်လုံးလုံးလေးကို ဖွတော့ ဆောနူက မကျေနပ်တဲ့ အရိပ်အယောင်လုပ်ပြပြီး သူ့ကို စာအုပ်ထိုးပေးတယ် ..။
ဆောင်းဟွန်းက ဆောနူရဲ့ စီနီယာ study guide တစ်ယောက်ဖြစ်တယ်။ Roll number တူချင်းတွေ ပြန်ပြီး စာရှင်းပေးရတဲ့ ကျောင်းတွင်း activity တစ်ခုမှာ ဆောင်းဟွန်းဟာ IIIMaths-26 ဆိုတဲ့ စာရွက်လေးကိုင်ပြီး ရှာနေတုန်းမှာပဲ ဖြူစင်စွာရယ်မောပျော်ရွှင်နေတဲ့ ဂျူနီယာသေးသေးလေး တစ်ဖြစ်လဲ ကင်မ်ဆောနူကို စတင်တွေ့ရှိခဲ့ရတယ်။
အေးချမ်းတဲ့ အပြုံးကလေးတွေရယ် ကြည်စင်တဲ့မျက်ဝန်းအစုံရယ်ဟာ ဆယ်ကျော်သက်အရွယ် ပတ်ဆောင်းဟွန်းရဲ့ ရည်မှန်းမှီခိုရာ နိဗ္ဗာန်ဘုံကလေး ဖြစ်မှန်းမသိ ဖြစ်ခဲ့ရတယ်။
ကင်မ်ဆောနူဟာ သူ့ဘဝကို အမှောင်ထဲက ဆွဲထုတ်ပေးလိမ့်မှာလို့ သူယုံကြည်တယ်။
•••••
ဆောနူနဲ့သူ ချစ်သူတွေဖြစ်ခဲ့ကြတဲ့နေ့ဟာ ဆောင်းဟွန်းအတွက် သတင်းဆိုးတွေ စတင်လက်ခံရရှိတဲ့နေ့တစ်နေ့ဖြစ်တယ်။ ဥပမာပြောရရင် အဖေဟာ အမေမဟုတ်တဲ့ အခြားမိန်းမတစ်ဦးနဲ့ လက်ထပ်တော့မယ်ဆိုတာမျိုးပေါ့။
လက်တွေ့ကို အရှိအတိုင်းလက်မခံနိုင်သေးတဲ့ ဆယ်ကျော်သက်အရွယ် ဆောင်းဟွန်းဟာ ပြင်းပြင်းထန်ထန်ငိုကြွေးတဲ့အခါ မှီတွယ်ခေါင်းဝှေ့စရာဟာ ဆောနူရဲ့ရင်ခွင်သေးသေးကလေးဖြစ်တယ်။
"ဆောနူရယ် .."
နာကျင်မှုတွေကို တိုင်တည်ငိုကြွေးစရာက "ဆောနူ" ဆိုတဲ့ အမည်နာမကလေးဖြစ်လာတော့ အဆိုပါ အမည်ပိုင်ရှင်က သူ့ရင်ခွင်ထဲက ကောင်လေးကို ခေါင်းကလေး ပွတ်သပ်လို့ ချော့မြှူတယ်။