ဆေးရုံသို့ရောက်လာတာ နောက်ကျနေသည့် ဟေသွယ့်မှာ ကုတ်အဖြူကို ကမန်းကတန်း ကိုယ်ပေါ်ဝတ်၍ ဆေးမှတ်တမ်းများကြည့်ဖို့ ပြင်လိုက်သည်။
"သွယ် သွယ်"
MOများ နားနေခန်းထဲ၌ မှတ်တမ်းများကြား ခေါင်းစိုက်နေတုန်း တံခါးခေါက်သံကိုရော သူမနာမည်ခေါ်သံကိုပါ ကြားလိုက်ရသည်။ တစ်ဆက်တည်း တံခါးဖွင့်ဝင်လာသူကတော့ အခြားသူ မဟုတ်။ သူမ၏ မောင်။
"ကျော်သူရ နင်ငါ့ဆီမလာနဲ့ ထွက်သွား"
"သွယ်ရယ် မောင်ပြောတာကို နားထောင်ပါဦး"
မောင်သည် သူမကို အစွမ်းကုန်ချော့ဖို့ ဆုံးဖြတ်ထားသည့်အလား အနားသို့လာထိုင်ပြီး ပခုံးများကိုဖက်သည်။ သွယ်အတင်းရုန်းသော်လည်းမရ။ ရုတ်တရက် အခန်းထဲသို့ဝင်လာသော အခြား MO တစ်ဦးဖြစ်သည့် သွယ့်သူငယ်ချင်း နွယ်နီက မောင့်ကိုမြင်တော့ ချာခနဲပြန်လှည့်ထွက်သွားသည်။ Internal Medicine က SAS ကျော်သူရနှင့် MO ဟေသွယ်ခင်တို့ဟာ တကျီကျီရန်ဖြစ်တတ်သည့် သမီးရည်းစားနှစ်ဦးဖြစ်ကြောင်း ဆေးရုံတစ်ခုလုံး မသိသူ မရှိ။ မောင့်လက်များကို ပုတ်ချ၍ သွယ် သက်ပြင်းရှည်တစ်ခုကို ကျယ်လောင်စွာချလိုက်သည်။
"မနေ့က နင်မရောက်လာတော့ MDက တမေးမေးလုပ်နေတာ။ ငါ့မျက်နှာ ဘယ်ကိုသွားထားရမလဲကိုမသိဘူး"
"မောင့်ရင်ခွင်ထဲမှာဖွက်ထား အဲ့မျက်နှာလေးကို"
ပြောရင်းဖြင့်ပင် မောင်က သွယ့်ကိုသိမ်းကျုံးပွေ့ဖက်သည်။
"အို .. ဆောရီး တို့ အခန်းတွေလိုက်ကြည့်နေတာ"
ရုတ်ခြည်းပွင့်လာသောအခန်းတံခါး၏နောက်တွင် ဓာတ်လှေကားအတွင်း၌တွေ့ခဲ့ရသော မမကို တွေ့လိုက်ရသဖြင့် သွယ့်မျက်ခုံးများပင့်တက်သွားသည်။ ဂျူတီကုတ်ဝတ်ထားသော မမ၏ ခန္ဓာကိုယ်မှာ မနက်ကတွေ့ခဲ့ရသည့်အတိုင်း တောင့်တောင့်တင်းတင်းဖြင့် ကျော့ရှင်းလှပနေတုန်းပင်။ မိတ်ကပ်သေချာလိမ်းထားသော ထိုမျက်နှာထက်ရှိ အပြာရောင်မျက်ဆံများက သွယ့်ကိုအချိန်ခဏအတွင်း ဖမ်းစားထားခဲ့သေးသည်။