လရောင်အောက်က တယောချိုချို - 1

1.2K 79 0
                                    


ဒီနေ့မနက် ကျွန်းသာ ရွာ တစ်ရွာလုံး အုံးအုံးကျက်ကျက် ဆူညံလျက်ရှိသည်။ ရွာသားတွေ အကုန်လုံး ရွာအရှေ့ဖျားက မြစ်ထဲမှာ လှေကိုယ်စီနဲ့ မြစ်ကြောင်းတစ်လျှောက် တစ်စုံတစ်ခုကို ရှာဖွေနေကြသည်။ ​တစ်ချို့လှေတွေက မြစ်အထက်ပိုင်းကနေ ပြန်လာဆင်းလာကြပြီး အချို့လှေတွေကျလည်း မြစ်အောက်ပိုင်းက ပြန်တက်လာကြသည်။ အားလုံးရဲ့ မျက်နှာမှာတော့ စိုးရိမ်သောကတွေ အပြည့်။

မြစ်ကမ်းစပ်တစ်နေရာမှာတော့ မတ်တပ်ရပ်နေကြတဲ့ လူကြီးတစ်ချို့နဲ့ မိန်းမသားတွေ ရှိကြသည်။ မတ်တပ်ရပ်နေတဲ့ လူအုပ်ကြီးထဲမှာမှ အသက် ၅၀ ကျော် အမျိုးသမီးကြီး တစ်ဦးခဗျာ အကြိမ်ကြိမ် ငိုထားပုံရတဲ့ မျက်ရည်တွေကြောင့် မျက်လုံးတွေ မို့အစ်နေသည်။ ဘေးက ခင်ပွန်း ဖြစ်ဟန်တူသော လူကြီးက အမျိုးသမီးကြီးရဲ့ လက်ကို ဆုပ်ကိုင်ထားပြီး ပွေ့ဖက်ထားသည်။ လူကြီးရဲ့ မျက်နှာဟာလည်း လုံးဝမသာယာ။

ဖျဥ်ခေါင်းပေါင်းစ အညိုရောင် ညစ်နွမ်းနွမ်းကို တစ်ခုကို ပေါင်းထားပြီး တိုက်ပုံအင်္ကျီခပ်နွမ်းနွမ်းနဲ့ ဖျဥ်အကွက်ကြမ်း ပုဆိုးတစ်ထည်ကို ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးဟာ တောင်မွှေးကြီး တစ်ချောင်းကိုင်ကာ ရွာရဲ့ တောင်ဘက် မြစ်ကမ်းနဘေးကနေ လူအုပ်ကြီး ရှိရာကို တဖြည်းဖြည်း လျှောက်လာလေသည်။ အဘိုးအိုရဲ့ ပါးသိုင်းမွေနဲ့ နှုတ်ခမ်းမွေးတွေကာ မီးခိုးရောင် သန်းနေပြီး ရှည်လျားလှသည်။

လူအုပ်ကြီးနဲ့ လှေပေါ်က ရွာသားတွေဟာ သူတို့ဆီ လျှောက်လာတဲ့ အဘိုးအိုဆီ အကြည့်ရောက်သွားကြသည်။အနားရောက်လာတဲ့ အဘိုးအိုဟာ သူ့ကိုကြည့်နေတဲ့ လူတွေကို အေးချမ်းစွာပြုံးပြလိုက်သည်။ အဘိုးအိုရဲ့ အပြုံးဟာ လူတွေအားလုံးရဲ့ စိုးရိမ်သောကတွေကို ခဏတာတော့ ပြေပျောက်သွားစေသည်။

" ဒီက ငါ့မြေးတွေက ဘာတွေလုပ်နေကြတာလဲ "

မျက်ရည်ရွှဲလဲ ဖြစ်နေတဲ့ အမျိုးသမီးကြီးဟာ အဘိုးအိုရဲ့ အမေးကို ပြန်ဖြေလာသည်။

" ကျွန်မရဲ့ သမီးငယ်လေး ပျောက်သွားလို့ လိုက်ရှာနေတာပါ အဘ "

လရောင်အောက်က တယောချိုချို (short story)Where stories live. Discover now