သက်ဆိုင်သူဆီသို့ ...
"မပိုင်ဆိုင်ရရင်တောင် ချစ်တာလေးတော့ သိစေချင်တယ် အချစ်ရယ် " ၊ ဟုတ်ပါတယ် မပိုင်ဆိုင်ရရင်တောင် ကျွန်မသူ့ကို သိပ်ချစ်တယ် ဆိုတဲ့အကြောင်း သိစေချင်မိတယ် ။ ကျွန်မ သူ့ကို သဘောကျတဲ့အကြောင်း သူ့ကို မြတ်နိုးတဲ့အကြောင်း ပြောပြဖို့ဆိုတာ ထင်သလောက်လည်း မလွယ်နေဘူး ။ အပင်မြင့်မှာ ဘုန်းကံရှိရှိ ပွင့်နေတဲ့ သဇင်ပန်းလေးမို့ ကျွန်မလည်း စိတ်ကူးနဲ့သာ ပန်ဆင်ဖို့ ရူးလို့နေတယ် ။ ပိုင်ဆိုးပိုင်နင်း နဲ့ "အချစ်" လို့ ခိုးခိုး ခေါ်နေမိတယ် ၊ ဒါကို သူသိရင် လှောင်ပြုံးလေးများ ပြုံးတော့လေမလား ။ သို့ပေမဲ့လည်း အချစ်ရယ် အချစ်လို့ သာ ခေါ်တော့လေမယ် ။ မတူညီ ကွဲပြားတဲ့ ကျွန်မတို့ ကြားက အရာတွေကို တန်းတူညှိဖို့ဆိုတာ ဒီဘဝဝယ်မလွယ် ၊ အကယ်လို့များသာ ကျွန်မကံ ကောင်းလွန်းလို့ ထို သဇင်ပန်းလေးကိုပန်ဆင်ရလေမယ်ဆိုရင်တောင်မှ ကျွန်မမယ် မပန်ရက်လေဘူး ။ မိန်းကလေးတစ်ယောက်ဟာ အခြား အမျိုးသမီး တစ်ယောက်အပေါ်မှာ ချစ်မြတ်နိုး သွားတာဟာ မထူးဆန်းလေပေမဲ့ ပိုင်ရှင်ရှိ သဇင်ပန်းလေးဖို့ အထူးဆန်းများ ဖြစ်လို့နေမလား ။ အနားများရောက်လို့ ကျွန်မရဲ့ စိတ်ရင်း ကို သိရင် ရှောင်ဖယ်လို့များ သွားမလား ။ သဇင်ပန်းလေး ကို ပျိုးထောင်ထားတဲ့ ဥယျာဥ်မှူးကြီးကို ကျွန်မ အစက သဘောမတွေ့ခဲ့လေဘူး ၊ အင်း ဒါဟာလည်း ကျွန်မ ပိုင်ဆိုင်ချင်တဲ့ ပန်းလေးကို မောင်ပိုင်စီးထားတဲ့ ဥယျာဥ်မှူးဖြစ်နေလို့သာ ။ အခြားသော အကြောင်းပြချက်များ မရှိခဲ့ပေ ။ ဒါပေမဲ့ စိုက်ပျိုးခြင်း ခံထားရတဲ့ ကျွန်မရဲ့ပင်မြင့်ထက်က သဇင်ပန်းလေးက သူမရဲ့ ဥယျာဥ်မှူးကြီး တစ်ခုခုဖြစ်သွားမှာကို ပန်းကလေးဖြစ်နေတာတောင် စိုးရိမ်နေပုံတွေ မြင်ရတော့ကျွန်မ ရယ် စိတ်မကောင်း ။ အစောပိုင်းက မုန်းမိလေတဲ့ ကျွန်မကို ကျွန်မသာ အပြစ်ဖို့မိ ။ ကျွန်မဟာအခုတော့ ရန်သူကဲ့သို့ မုန်းခဲ့မိတဲ့ ဥယျာဥ်မှူးကြီးကိုပါ နေ့တိုင်း မပြတ် မေတ္တာပို့နေမိ ။ ကျွန်မ သဇင်ပန်းလေးကို မြတ်နိုး မိတဲ့ အချိန်က စ မေတ္တာသုတ် ရွတ်ခဲ့မိတယ် ။အင်း ပြောရရင်လည်း ရယ်စရာပါ ၊ ကလေးဆန်ဆန် နဲ့ မြတ်စွာဘုရားအပေါ် ကျွန်မ စိတ်ကောက်ထားတာ ၂ နှစ်ကျော်လေခဲ့ပြီ။ သို့ပေမဲ့ သဇင်ပန်းလေး အဖို့ ကျွန်မ မြတ်စွာဘုရား ရှေ့ ပြန်ရောက်လာခဲ့တယ် ။ အများကြီး ဆုတွေမတောင်းဘူး ၊ လိုတာတွေလည်း မရှိဘူး ။ တစ်ခုပါပဲ မေတ္တာသုတ်ရည်စူး ရွတ်ဖတ်ရတဲ့ ကုသိုလ်ကြောင့် တပည့်တော်မ ချစ်ရတဲ့ ကြာသာပတေးဖွား သဇင်ပန်းလေး ဟာ တစ်ရာဖိုး စိတ်ညစ်စရာကြုံလာရင် ၂၀ ဖိုးလောက်သာ ခံစားရပါစေ ၊ အန္တရာယ်ရယ် လို့ ၁၀၀ ဖိုးလောက် တွေ့ကြုံလာရရင် ၆၀ဖိုးလောက် လျော့သွားပါစေ ၊ အေးချမ်းပါစေ သား လို့သာ ဆုပန်မိတယ် ။ ကျွန်မ အနေနဲ့ပန်ဆင်ဖို့ အထိ မဝံ့မရဲ ဖြစ်ရပေမဲ့ အဝေးကနေတော့ ကျွန်မ မြတ်နိုးခွင့်ရှိတယ် မဟုတ်လားဟင် ။ မမျှော်လင့်ပါဘူးလို့ ဘယ်လောက်ပဲ ဆိုဆို ကျွန်မလေ တစ်ခါလောက်တော့ သူစားဖို့ ထမင်းတနှပ်လောက်တော့ ပြင်ဆင်ပေးချင်တယ် ၊ ကော်ဖီ တစ်ခွက်လောက် ဖျော်ပေးချင်တယ် ၊ သူ ကိုင်နေကြ အိတ်လေးထဲ သူအမြဲမေ့လေ့ရှိတဲ့ မျက်မှန်သုတ်ပုဝါလေးထည့်ပေးချင်တယ် ...။ ဪ ဒါပေမဲ့ လည်း အလှမ်းဝေးနေတဲ့ သဇင်ပန်းမို့ အဝေးကနေပဲ မြတ်နိုးမိနေတယ် ။ အဝေးကနေ ကြည့်ရင်း သူရယ်ရင် လိုက်ရယ်မိတယ် ၊ သူ့ကို စိတ်တိုအောင် လုပ်ရင် လုပ်တဲ့သူကို နေရာမှာတင် ဆယ်ခါပြန်သေရွာပို့လိုက်ချင်တယ် ။ ပြီးပြည့်စုံနေတယ် ဆိုတဲ့ သူမရှိတဲ့အတွက် လိုအပ်ချက်ရှိနေတဲ့ သူ့ရဲ့ ပင်ကို အလှ တစ်ချို့ တစ်နေရာတွေကို နင်းပြီး body shaming လုပ်ရင် ၊ လုပ်တဲ့ သူကို ကျွန်မ ကျိန်ဆဲမိတယ်။ ခက်တယ် ခက်တယ် ၊ ကျွန်မ ထင်ခဲ့တာက ကျွန်မသူ့ကို သာမန် ရိုးရိုးလေး သဘောကျသွားတာလို့ ထင်ခဲ့မိတယ် ။ အခုတော့ အထင်နဲ့ အမြင်ဟာ တလွဲသာလေ ...။ သူရဲ့ လက်လေးတွေကို တွဲလဲခိုရင်း ရောမ ရဲ့ နေထွက်အချိန်က စ ပုဂံပြည်ရဲ့ နေဝင်ချိန် အဆုံး အတူတူ ကြည့်ချင်တယ် ။ မတပ်မက်မိအောင် နေရင်းနဲ့ပဲ သဘောကျနေရဲ့ ပင်မြင့်ထက်က သဇင်ပန်း လို့ တင်စားရတဲ့ အချစ်ရေ...မပိုင်ဆိုင်ရရင်တော့ ချစ်တာလေးတော့ အချစ်ကို သိစေချင်တယ် ။ အချစ် အေးချမ်းစေဖို့ မျှော်လင့်ရင်း....
14.8.2022
seong martinez