ကားပေါ်မှာ တိုက်ခတ်နေတဲ့လေက တ၀ူး၀ူး၊ စိတ်လှုပ်ရှားမှုကလည်း မြင့်သထက်မြင့်လာတော့ အချင်းချင်းဆုပ်နှယ်နေတဲ့ သူ့လက်တွေပေါ် အုပ်မိုးကာဆုပ်ကိုင်လာတဲ့ လက်တစ်စုံက သူ့ရဲ့အသစ်စက်စက်ခင်ပွန်း။
"အရမ်းကြီးစိတ်မလှုပ်ရှားပါနဲ့ ကျွန်တော်ကိုယုံပါ"
"အင်း ကိုယ်မင်းကိုယုံကြည်ပါတယ်"
ချစ်သူသက်တမ်းတစ်လပြည့်မှာ သူနဲ့ချိုသာပေါင်းဖက်ဖို့ကံပါလာပုံရပါသည်။ တွေးရင်းသူပြုံးလိုက်တော့ မို့တက်လာတဲ့ပါးအို့လေးတစ်ဖက်က နွေးကနဲ။ ခွန်းချိုသာက သိပ်အသားယူတတ်တာပဲ။ ပခုံးပေါ်မီှထားတဲ့ သူ့ခေါင်းကိုလည်း တဖွဖွငုံ့နမ်းနေတော့တာ။
ချစ်တဲ့ချိုသာလေးနဲ့တွေ့ဆုံခဲ့ပုံက ရင်ဖိုစရာ။
လိင်တူအမျိုးသားတစ်ဦးနဲ့ချစ်ကြိုက်ဖို့ဖြစ်လာတဲ့အခါမှာ သူ့ကိုယ်၊စိတ်၊နှလုံးသုံးပါးလုံးကဇွဲကောင်းလွန်းတဲ့ကောင်လေးဆီ တိမ်းညွှတ်ခဲ့ပါသည်။
"ဟိုမှာကိုယ်တို့အဆင်ပြေပါ့မလား"
"ကျွန်တော်တစ်ယောက်လုံးရိှတယ်လေ"
"အင်း မင်းရှိလို့ပေါ့"
ချစ်သူဖြစ်တာတစ်လပဲရှိသေးတယ်ဆိုပေမဲ့ မောင့်ချစ်သူမာနကြီးလေးကို သူလိုက်ခဲ့ရတာ သုံးနှစ်သုံးမိုး။ မယုံနိုင်စွာပဲ၊ မာနကြီးလေးက တစ်ကယ်ပဲ သူ့နောက်ခိုးရာလိုက်ပါခဲ့သည်။
"ကားထပ်စီးရဦးမယ် အကိုအဆင်ပြေလား"
"ပြေတာပေါ့"
ခေါင်းလေးငြိမ့်ပြကာ ပြုံးလိုက်တဲ့ ကိုရှိန်းဇေထွဋ်သော်က ကလေးတစ်ယောက်လိုပင်။
မြို့ပေါ်ရောက်တော့ မှောင်စပျိုးနေပြီဖြစ်၍ကားငှားရန် အချိန်အနည်းငယ်ပိုကြာ၏။ နုနုနယ်နယ်မျက်နှာလေးက ခရီးဒဏ်ကြောင့်နွမ်းနယ်နေတော့ သူစိတ်မကောင်း။
အနီးနားမှာ စျေးဆိုင်လည်းမရှိသဖြင့် ပါလာတဲ့ကိတ်ခြောက်နဲ့ရေဘူးကိုသာ နှစ်ယောက်သားမျှစားလိုက်ကြသည်။ ကားငှားရတော့ တဖန်ခရီးတစ်ခေါက်ပြန်ဆက်ကြ၏။