ဆည်ကန်လေးရွာက လမ်းလည်းသာပြီး စိမ်းစိမ်းစိုစိုဖြင့်နေချင့်စဖွယ်။ မြို့ပေါ်နဲ့ဆို နာရီ၀က်ကျော်လောက်ဆိုင်ကယ်မောင်းရပါသည်။
"ဒါတွေအကုန်ကိုယ်တို့နိုင်ပါ့မလား"
"ဆိုက်တွဲငှားထားတယ် လာပို့လိမ့်မယ်"
"အော်"
"လိုအပ်တာရှိသေးလား တစ်ခါထဲ၀ယ်သွားရအောင်လို့"
"အင်း အိမ်အတွက်ဘုရားပန်းအိုးနဲ့ပန်း၀ယ်ချင်တယ်"
မနက်က သူဘုရားကန်တော့မယ်လုပ်တော့ ဘုရားစင်တွင် ဘာမှရှိမနေ၍
"ကျွန်တော်၀ယ်ခဲ့ပြီးပါပြီ"
"အရင်ကလည်းဒီလိုပဲလား"
"မဟုတ်ဘူး အိမ်မှာလူမနေဖြစ်တော့"
"ကိုယ်တို့ ပြန်ကြတော့မလား"
သူတို့အိမ်ပြန်ရောက်တော့ ၁၁ နာနီထိုးလုလုပင်။
ချိုသာက အောက်ထပ်ပြန်ဆင်းသွားပြီး သူက ဘုရားစင်သန့်ရှင်းရေးပြန်လုပ်ကာ ပန်းအိုးထိုးရန်။ ဆွမ်းကိုတော့ စျေးက၀ယ်လာတဲ့ ရွှေကြည်နဲ့မုန်းကျွဲသဲကို ကပ်လိုက်၏။
သူဘုရားရှစ်ခိုးပြီးသည်ထိ ချိုသာက ပြန်တက်မလာသေးပေ။ အိမ်အောက်ဆင်းကြည့်တော့ ခြံထဲတွင် သစ်သားနဲ့ အုတ်တွေသဲတွေ ဘိလပ်မြေအိတ်တွေဖြင့်ပြည့်နေသည်။
"ဘာအတွက်လဲ"
"ယင်လုံအိမ်သာပြင်ဖို့ ရေချိုးခန်းပါတစ်ခါတည်းဆောက်မလို့"
"ကိုယ်ဘာကူပေးရမလဲ"
"လူငှားထားတယ်"
သူတို့စကားပြောနေဆဲ ငှားထားတဲ့ဆိုက်တွဲ လာပို့သဖြင့် စကားစရပ်သွား၏။
ပစ္စည်းအားလုံးချပြီးတော့ ပိုက်ဆံရှင်းပေးလိုက်ပြီး မောင်းတဲ့ဦးလေးကို မုန့်ဖိုးဟုဆိုကာ ထပ်ပေးလိုက်သေးသည်။
ပစ္စည်းတွေကိုအိမ်ပေါ်တင်ပြန်တော့လည်း ခွန်းချိုသာက သူပဲသယ်မည်ဟုဆိုကာ သူ့အား အကိုင်မခံဆိုတော့ သူက နေရာချယုံသာ။
လူငှားသုံးယောက်ရောက်လာတော့ ချိုသာက ပြန်ဆင်းသွားပြန်သည်။ ဒီကောင်လေး ဘယ်အချိန်ဒါတွေလုပ်သွားပါလိမ့်။