(Zawgyi)
(1)
သူမက မျက်စိရှေ့မှာတင် မြင်နေရတဲ့ မြစ်ကြီးကို ငေးကြည့်လိုက်သည်။...ပြီးတော့ ခဏတစ်ဖြုတ်သာရေပြင်ပေါ် ခြေနှစ်ချောင်း စုံရပ်ပြီး ဝဲပျံသွားတဲ့ ဇင်ယော်ငှက်ကလေးတွေကိုလည်း လိုက်ငေးမိသေး၏။ နောက်တော့မှ အဲ့အကြောင်းအရာကြီးက ခေါင်းထဲရောက်လာပြီး စိတ်တွေနောက်ကျိလာပြန်သည်။ထို မြင်ကွင်း...
သူမ သိပ်ချစ်ရတဲ့ ခွန်းနဲ့ ယောကျာ်းတစ်ယောက်ရဲ့ အိပ်ယာပေါ်က မြင်ကွင်း...သူမ အာရုံထဲ ထပ်ကာထပ်ကာပေါ်လာတော့ လက်ဝါးနှစ်ဖက်လုံးကို မျက်နှာစီ အရောက်ပို့ ပြီးတာနဲ့ ခေါင်းကိုငုံ့ချလိုက်သည်။ လက်ဝါးနှစ်ဖက်က စိုစွတ်နေပြီ ဆိုကတည်းက သူမ မျက်ရည်တွေကျနေပြီဆိုတာ သိပြီးသား....။
(2)
"ဘာလို့ ငိုနေရတာလဲ"
ပခုံးကိုဆုပ်ကိုင်ခံရပြီး ချိုမြနေသော အသံကြောင့် သူမမော့ကြည့်မိတော့ နက်မှောင်ပြောင်လက်ပြီး ခါးလောက်ထိရှည်ကျနေတဲ့ ဆံပင်တွေကို မစည်းဘဲ ဖြန့်ချထားသည့် မိန်းမတစ်ယောက်... ဖြူနုနုမျက်ပေါ် နို့နှစ်ရောင်အသားမွတ်မွတ်လေးက နေရာယူထားတော့ သွေးကြောစိမ်းလေးတွေက ယှက်သွေးဖြာလို့...။ ကြည်လဲ့လဲ့ မျက်ဝန်းလေးတွေကို မျက်တောင်ရှည်ရှည်စိပ်စိပ် ကော့ကော့လေးတွေက ဝန်းရံထားလေတော့ ပြောရက်ထိရက်စရာမရှိအောင်ပင် လှနေပြန်ရော...ခွန်း ထက် အသာကြီးပိုလှနေတာကို သိရက်နဲ့ကို ခွန်းကို မမှီပါဘူးလေဟု စိတ်ထဲတွေးပြီးမှ အဲ့ခွန်းဆိုတာကြောင့်ပဲ သူမက ဒေါသတွေ ဖြစ်လာပြန်ရော...
"မမ ဘာကူညီပေးရမလဲ ကလေးမ"
ထပ်ထွက်လာတဲ့ စကားသံကြောင့် သူမက ထိုအစ်မရဲ့ နှုတ်ခမ်းတွေဆီ အကြည့်တွေထပ်ရောက်သွားပြန်၏။ နီစွေးစွေး နှုတ်ခမ်းပါးလေးကို မြင်တော့မှ အသိစိတ်ပြန်ဝင်ပြီး အကြည့်တွေကို မြစ်ဘက်ဆီကိုပဲ ပို့လွှတ်ကာ...
"ရပါတယ်...ကူညီပေးစရာမလိုပါဘူး...သျှား အကူညီမလိုဘူး"
လေသံမာမာထွက်သွားပြီးမှ ပထမဦးဆုံး သျှား ဘဝမှာ တစ်စိမ်းတစ်ယောက်ကို အားနားသွားမိကြောင်း သတိထားလိုက်မိသည်။