မဆိုးလှတဲ့လမ်းထက်မှာ မောင်းလာတဲ့အဝေးပြေးမှန်လုံကားဟာ တရိပ်ရိပ်ပြေးနေတယ်။ ဘေးပတ်ဝန်းကျင်ကရှုခင်းတွေကိုကြည့်ရင်း လိုက်လာခဲ့တဲ့ကျွန်မလည်း တဖြည်းဖြည်းနဲ့ငိုက်လာတယ်။ ဘယ်အချိန်အိပ်ပျော်သွားမှန်းတောင်မသိလိုက်ဘူး။
"ပန်းတစ်ပင်ရွာကိုရောက်တော့မယ်"
ကားစပယ်ယာရဲ့အသံစူးစူးကြောင့်လန့်နိုးလာပြီး ခဏနေဆင်းရဖို့ပြင်ဆင်နေတဲ့ငါ့ကိုကြည့်ပြီး ရှေ့ခုံတစ်ခုက အဒေါ်ကြီးက
"သမီးကလည်း ပန်းတစ်ပင်မှာဆင်းမှာလား"
"ဟုတ်တယ် အဒေါ်"
"အဆင်သင့်လိုက်တာကွယ်။အဒေါ်ကလည်း ပန်းတစ်ပင်ကပဲ။ သမီးလေးကိုမြင်ဖူးသလိုလိုရှိနေတယ်။သမီးမိဘတွေကဘယ်သူတွေတုန်း"
"ဦးမော်နဲ့ဒေါ်စိန် တို့ပါ။ သမီးက အလယ်တန်းလောက်ကတည်းက မြို့ကျောင်းမှာပဲအနေများပြီ ရွာပြန်မလာဖြစ်လို့ပါ"
"ဪ...ငမော့်သမီးလေးပဲ။ ဒါကြောင့်ဒီမျက်နှာကျကိုရင်းနှီးနေတာကိုး။ သမီးလေးက အချောအလှလေးပဲ။ ပညာကလည်းတော်သေး။ မိစိန်တို့များ ကံကောင်းလိုက်တာအေ့။ သမီးလေးနာမည်က ဝိုင်းစိန်မဟုတ်လား"
"ဟုတ်"
"အဒေါ်လည်း မြို့ကနေ လိုအပ်တာလေးတွေဝယ်လာတာ။ အတူတူပြန်ကြတာပေါ့"
ကျွန်မလည်းဝမ်းသာသွားတယ်။ တစ်ယောက်တည်းသွားလာရတာအန္တရာယ်တော့အများသားလေ။ ကျွန်မကိုအန္တရာယ်ပြုနိုင်ပါ့မလားဆိုတာကတော့စဉ်းစားစရာပဲဆိုပေမဲ့ အာရုံနောက်စရာတွေမဖြစ်ချင်ဘူးရယ်။
ရွာထိပ်ကားဂိတ်မှာဆင်းပြီးတာနဲ့ အဲ့ဒီအဒေါ်ကြီးနဲ့အတူ လမ်းလျှောက်ရင်းပြန်လာတယ်။ အိမ်ကိုအကြောင်းမကြားပဲပြန်လာတာမို့ ကြိုသူမရှိပေမဲ့ အလေးအပင် သယ်စရာတွေပါမလာလို့ ကိစ္စတော့မရှိလှဘူး။ အဲ့ဒီအဒေါ်ရဲ့နာမည်က ဒေါ်မြလေးတဲ့။ ရွာကကုန်စုံဆိုင်ပိုင်ရှင်ပဲ။ သူကနေတဆင့် ဒီရွာရဲ့အခြေအနေကို ဦးနှောက်ထဲမှာပုံဖော်ရတယ်။ ပန်းတစ်ပင်က တိုးတက်စပြုနေတဲ့ရွာလေးတစ်ရွာပဲ။