"တောက် ခင်ဗျားအဲ့ဒါ ဘာစောက်ချိုးချိုးတာလဲ ကျုပ်စကားပြောနေတာမပြီးသေးဘူး၊ အခုအဲ့မှာ ရပ်နေစမ်း"
တိတ်ဆိတ်သည့် ညသန်းခေါင်ယံအချိန်တွင် ခပ်ငယ်ငယ်အမျိုးသားတစ်ယောက်၏ အသံက ကျယ်လောင်စွာပေါ်ထွက်လာ၏။ ကြားရသူအဖို့ ချက်ချင်းပင် ဒူးထောက်ခစားချင်လောက်သည်အထိဖြစ်စေသော်လည်း လှေကားပေါ်က အနီရောင်ပုံရိပ်ငယ်ကတော့ ဂရုမထားစွာပင် ခြေလှမ်းတွေကို ဆက်လှမ်းသွား၏။
လျစ်လျူရှုမှုကိုသည်းမခံနိုင်စွာဖြင့် အနားရှိပန်းအိုးအား နံရံသို့ပစ်ပေါက်လိုက်တော့ သိသိသာသာတုန်ရီသွားသည့် ပခုံးနှစ်ဖက်ကြောင့် သူမျက်မှောင်ကြုတ်လိုက်၏။ ဒီလူက ဒါမျိုးကို လန့်တတ်တယ်တဲ့လား။ အဟက် အပိုတွေ။
အလိုမကျခြင်းကို ပေါက်ကွဲမှုဖြင့်ဖော်ပြလိုက်သည်မလို့ ထိုလူ၏ ခြေလှမ်းတွေက ရှေ့ဆက်တိုးခြင်းမရှိသော်လည်း နောက်ပြန်လှည့်လာခြင်းမရှိပေ။
အဲ့လိုအကြောတင်းပြီး ခေါင်းမာတာတွေက ထိုလူကို သူမုန်းရခြင်း အကြောင်းတရားတွေထဲက တစ်ချက်ပင်။
"ဒါ အိမ်ထောင်သည်ယောကျာ်းတစ်ယောက်အိမ်ပြန်လာရမဲ့အချိန်လား ခင်ဗျားပြော"
"....."
"ခင်ဗျားရဲ့လမ်းဘေးအကျင့်စရိုက်တွေကို ကျုပ်အိမ်ကိုသယ်မလာနဲ့၊ ကျုပ်အိမ်မှာနေရင် ကျုပ်အမိန့်ကိုနာခံပြီး ကျုပ်ချထားတဲ့စည်းကမ်းတွေကိုလိုက်နာနိုင်အောင်ကြိုးစား၊ မနေနိုင်ရင် တစ်ခါတည်း အိမ်ပေါ်က ဆင်း"
"....."
"တောက် ကျုပ်ပြောတာကို လျစ်လျူရှုပြန်ပြီလား ခင်ဗျား"
စိတ်ထက်လူကမြန်စွာဖြင့် ထိုအနီရောင်ပုံရိပ်ငယ်အား ဆွဲလှည့်လိုက်သည်နှင့် ဖျော့တော့စွာပါလာသည်မှာ လေတိုက်လျှင်လဲတော့မည့်ပုံ။
သူ့ကိုဆို အမြဲ ကလူသလိုမြှူသလိုနဲ့ ကြည့်တတ်တဲ့ အဲ့ဒီလူရဲ့ မျက်ဝန်းတွေက ငွေ့ရည်ဖွဲ့နေသည်။ ထိုမျက်ဝန်းငယ်က အကြည့်တွေကို သူနားမလည်။
ထိုလူသည် တစ်ခါတစ်ရံ သူ့ကိုချစ်ရိပ်မြူးသော မျက်ဝန်းများဖြင့်ကြည့်တတ်သည်။ ရံဖန်ရံခါဆိုရင် မျှော်လင့်သလိုလို၊ ဝမ်းနည်းသလိုလိုမျက်ဝန်းများဖြင့် ငေးမောနေတတ်သေးသည်။ များသောအားဖြင့် သားကောင်ကို ကျော့ကွင်းသို့ကျရောက်စေရန် မြူဆွယ်သောအကြည့်များဖြင့် ကြည့်သည်က များသည်။
