အခန်းလေးရဲ့ငြိမ်သက်မှုက ပြင်းအားတစ်ခုနဲ့ စိတ်ကိုဖမ်းစားထားတယ်။ ရွှံ့နဲ့ထုတဲ့ပန်းပုရုပ်များစွာရဲ့ ခင်းကျင်းစီရီထားပုံထဲမှာ အနုပညာအငွေ့အသက်တွေ စိမ့်၀င်ရောပါနေသလိုလို...။ ပြီးဝောာ့ အရောင်တွေ...။ နံရံ၊ စားပွဲ၊ ကုလားထိုင်၊ ပန်းအိုး၊ ပန်း.... နောက်... နံရံကပ်သစ်သားစင်လေးတွေနဲ့ အဲဒီ့သစ်သားစင်လေးတွေပေါ်က ရွှံ့ပန်းပုရုပ်တွေ... အဲ့ဒါတွေအားလုံးရဲ့ အရောင်ဖွဲ့စည်းပုံတွေက မြင်ရသူတွေရဲ့ ရင်ထဲကခံစားချက်တစ်ခုခုကို တူးဆွနှိုက်ထုတ်နေကြသလိုလို။ ဘယ်လိုသက်ရှိမျိုးမှရှိမနေပေမယ့် ခံစားချက်လှိုင်းတွေနဲ့ သက်၀င်လူးလွန့်နေတဲ့ အခန်းလေး...။
" မင်း... ရောက်လာပြီလား... "
အနောက်ဘက်ကနေထွက်လာတဲ့အသံကြောင့် သူ့ရဲ့စိတ်အာရုံတွေ ထိုသူ့ဆီပြန်ရောက်လာတယ်။ သူလှည့်မကြည့်မိခင်မှာပဲ အရိပ်တစ်ခုက သူ့ကိုကျော်ဖြတ်ပြီး အနီးဆုံးခုံတစ်ခုမှာ ၀င်ထိုင်လိုက်တယ်။ ဂျင်းဘောင်းဘီအပြာ၊ လက်ခေါက်ထားတဲ့ အဖြူရောင်ရှပ်အင်္ကျီလက်ရှည်၊ ပြီးတော့ ထိုသူ့ရဲ့မျက်နှာပေါ်မှာ အနက်ရောင်လေးထောင့်နေကာမျက်မှန်တစ်လက်။ ထိုသူက သူ့ရဲ့လက်တစ်ဖက်ကိုသုံးပြီး သူ့ရှေ့ကခုံမှာလာထိုင်ဖို့ ဖိတ်ခေါ်တယ်။
သူညွှန်ပြတဲ့ခုံမှာ၀င်ထိုင်လိုက်ပြီး ရှေ့တည့်တည့်ကသူ့ကို ကြည့်လိုက်မိတယ်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံကြတယ်...၊ ဒါမှမဟုတ် အကြည့်ချင်းဆုံတယ်လို့ထင်ရတယ်...။
" ကျွန်တော့်ကိုချိန်းတဲ့ကိစ္စက ဘာအတွက်လဲ "
ရိပ်မိနေပြီးသားဖြစ်ပေမယ့် အတိအကျသိချင်တဲ့စိတ်နဲ့ မေးလိုက်မိတယ်။
" ကိုယ် ပထမဦးဆုံးအနေနဲ့ ယောက်ျားလေးတစ်ယောက်ရဲ့အလှကို ပန်းပုထုချင်စိတ်ဖြစ်လာလို့ပါ၊ အဲ့ဒါ မင်း ကိုယ့်ကို အကူအညီပေးနိုင်လိမ့်မယ်လို့ ထင်တယ်လေ "
သူပြောတဲ့စကားကိုကြားမှ အခန်းထဲကပန်းပုရုပ်တွေအားလုံးကို နောက်ထပ်တစ်ခါ ဝေ့ဝဲကြည့်လိုက်မိတယ်။ ဟုတ်တယ်... အမျိုးသား၊ အမျိုးသမီး တစ်ယောက်ရဲ့ ရုပ်ပုံဆိုလို့ ဘာတစ်ခုမှမရှိဘဲ ပန်းပုရုပ်တွေအားလုံးဟာ တိရစ္ဆာန်လေးတွေ၊ ပန်းပွင့်တွေ ဒါမှမဟုတ် သက်မဲ့အရာ၀တ္ထုပုံတွေ။
YOU ARE READING
𝐖𝐨𝐫𝐭𝐡 𝐨𝐟 𝐓𝐨𝐮𝐜𝐡 [𝐇𝐄𝐄𝐒𝐔𝐍]
Fanfiction- 𝐋𝐞𝐞𝐇𝐞𝐞𝐬𝐞𝐮𝐧𝐠 × 𝐊𝐢𝐦𝐒𝐮𝐧𝐨𝐨 - 𝐇𝐨𝐰 𝐦𝐮𝐜𝐡 𝐢𝐬 𝐢𝐭 𝐰𝐨𝐫𝐭𝐡 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐭𝐨𝐮𝐜𝐡? 𝐖𝐫𝐢𝐭𝐭𝐞𝐧 𝐢𝐧 𝐁𝐮𝐫𝐦𝐞𝐬𝐞 𝐛𝐨𝐭𝐡 𝐔𝐧𝐢𝐜𝐨𝐝𝐞 𝐚𝐧𝐝 𝐙𝐚𝐰𝐠𝐲𝐢