Mirror
တစ်ညမှာ ကျွန်မ မှန်ကြည့်နေရင်းက သီချင်းလေး တညည်းညည်းနှင့် ခေါင်းဖြီးနေလေရာ နောက်ကျောဘက်ဆီမှ လှစ်ခနဲပြေးသွားသော အရိပ်အား မြင်လိုက်ရ၏။ လှည့်ကြည့်လိုက်တော့ ဘာမှထူးခြားမှုမတွေ့ရ။ ကျွန်မအနည်းငယ် ထိန့်လန့်သွားသော်လည်း သီချင်းကို အသံမြှင့်ကာ အော်ဆိုပစ်လိုက်သည်။ တဆက်တည်းမှာပဲ မှန်ဘက်ပြန်လှည့်ကာ ခေါင်းဆက်ဖြီးဖို့ ပြင်လေရာ ကျွန်မ၏ ခုန်နေသော နှလုံးတခုလုံး ရပ်တန့်သွားမည့် ဖြစ်ရပ်အား မှန်ထဲ၌ မြင်တွေ့လိုက်ရလေသည်။
မှန်ထဲမှကျွန်မသည် လှုပ်ရှားမှုမရှိသော်လည်း သွားသုံးဆယ့်နှစ်ချောင်းလုံး မပေါ်ရုံတမယ် သွားများအသားကုန်ဖြဲကာ ကျွန်မအားရယ်ပြနေလေသည်။ ကျွန်မ အိပ်ခန်းထဲမှ ပြေးရန်လှည့်ထွက်သည့်အခိုက် ကျွန်မ၏ ပုခုံးပေါ်သို့ အေးစက်စက်လက်တစုံကျရောက်လာသည်။
ကျွန်မလှည့်မကြည့်သော်လည်း မည်သူ့လက်မှန်း ကျွန်မသိသည်။ ထိုလက်ပိုင်ရှင်မှာ ကျွန်မအား ပုခုံးမှ အသာကိုင်ကာ ခုံပေါ်ပြန်ထိုင်စေ၏။ ပြီးနောက်တွင်မူ ပြုတ်ကျနေသော ခေါင်းဖြီးအားကောက်ကာ ကျွန်မ၏ ဆံပင်အား အေးစက်စက်လက်များနှင့်ကိုင်တွယ်ရင်း ခေါင်းဖြီးပေးနေလေတော့သည်။
ဒါ့အပြင် အေးစက်အက်ကွဲနေပြီး ရင်ခေါင်းထဲမှ လာသော အသံအောကြီးဖြင့် ကျွန်မညည်းခဲ့သည့် သီချင်းကိုလည်း ညည်းနေသေးသည်။ သို့သော် ဤဖြစ်ရပ်ဆိုးကိုကျွန်မအား မြင်ဟန်မတူပဲ ကျွန်မရှေ့လာရပ်ကာ ခေါင်းဖြီးနေသည့် ကောင်မလေးတစ်ဦးကို တွေ့ပြီးသည့်နောက်တွင် ကျွန်မ မေ့ပျောက်သွားခဲ့တော့သည်။ ။
Hazel
စာဖတ်သူတွေအားလုံး ကံကောင်းခြင်းတွေ ပိုင်ဆိုင်ကြပါစေ✨❤️