ဘကြီးရွှင်

11 1 0
                                    

ကျွန်တော်တို့ တံငါရွာလေးတွင် ဘကြီးရွှင်ဟု အများကခေါ်သူ တစ်ဦးရှိသည်။ ဘကြီးရွှင်သည် ကိုယ်တစ်ခြမ်းလေဖြန်းနေသော အသက် ၇၀ ကျော် အစ်မဖြစ်သူ ဖွားဖွားမြနှင့် အတူနေထိုင်သည်။ ဘကြီးရွှင်ပင်လျှင် အသက် ၆၀ ကျော်ပြီဟု ထင်ရပါသည်။ အိမ်ထောင်ရက်သားလည်း မရှိပါ။ မောင်နှမ နှစ်ယောက်တည်းသာ နေထိုင်၍ ဘကြီးရွှင်က ငါးဖမ်းလှေထွက်၍ ဝမ်းကြောင်းသည်။

ဘကြီးရွှင်ကို တစ်ရွာလုံးက ခင်မင်ကြသလို ဘကြီးရွှင်ကလည်း တစ်ရွာလုံးအပေါ် စေတနာအလွန်ထားပါသည်။ လှေထွက်၍ ငါးမိများသော နေ့များတွင် ပိုလျှံသော ငါးများကို ရွာတွင်းရှိ လူများအား မျှဝေပေးတတ်ပါသည်။ ကမ်းပြန်ကပ်ချိန် ပိုက်များ၊ မှိန်းများ၊ ငါးများအား လာရောက်၍ ကူညီသယ်ဆောင်ပေးသော ကလေးများကို ညဘက်ရောက်လျှင် အိမ်ဝိုင်းတွင်း မီးဖိုကာ ငါးကင်ကျွေး၏ ။ မကူလျှင်လည်း လိုက်ခေါ်ပြီး ကျွေးပါသည်။ သူ့အိမ်တွင်ရှိသော မုန့်ပဲသရေစာများလည်း ချကျွေးတတ်သည်။ ထိုကလေးများထဲတွင် ကျွန်တော်လည်း အပါအဝင်ဖြစ်သည်။

ကျွန်တော်သည် ဘကြီးရွှင်တို့ ဝိုင်းနှင့် ကပ်လျက်အိမ်ဝိုင်းတွင်နေသည်။ များသောအားဖြင့် ဘကြီးရွှင်၏ လက်ပေါ်တွင် ကြီးပြင်းခဲ့ရသည်။ ထို့ကြောင့် ကျွန်တော်သည် ကလေးများထဲတွင် ဘကြီးရွှင်နှင့် အရင်းနှီးဆုံးဖြစ်သည်။ ကျွန်တော်၏ အဖေနှင့်အမေသည် တံငါရွာတွင် နေသော်လည်း တံငါအလုပ်ဖြင့် အသက်မမွေးကြပါ။ ရွာမှ ငါးခြောက်၊ ငါးခြမ်းများကို မြို့ဒိုင်သို့ တက်ရောင်း၍ စီးပွါးရှာကြသည်။ မိဘနှစ်ပါးသည် ကျွန်တော့်အားလည်း အမြဲတစေ ခေါ်မသွားနိုင်ပါ။ ထို့ကြောင့် ဘကြီးရွှင်နှင့်သာ ထားခဲ့ရသည်မှာ များ၏ ။ ဘကြီးရွှင်သည် ကျွန်တော့်အားခေါ်၍ ငါးမျှားသင်ပေးသည်၊ ပင်လယ်အတွင်း လှေဖြင့်သွား၍ ငါးအတူဖမ်းတတ်ကြသည်။ ဘကြီးရွှင်သည် အရွယ်နှင့်မလိုက်အောင် သန်မာသည်ဟု ပြော၍ရသည်။ အလေးချိန်စီးလှသော ငါးမြင်းကြီးများကိုပင် အသာအယာဆွဲနိုင်သည်။ ကျွန်တော်သည် ဘကြီးရွှင်နှင့် တူတူနေရလျှင် အလွန်ပျော်ပါသည်။

ဘကြီးရွှင်Where stories live. Discover now