ရန်ကုန်မြို့အပြင်ဘက် ပြည်လမ်းမကြီးပေါ်ရှိ သုံးထပ်စံအိမ်ကြီးရှေ့တွင် Hudson Hornet အမျိုးအစား ကားနှစ်စီးရပ်ထားသဖြင့် အလှူရှင်များရောက်နေသည်ကိုသတိထားမိနိုင်သည်။ မိဘမဲ့ဂေဟာတစ်ခုဖြစ်သည့်အတွက် အလှူရှင်များရောက်သည်မှာ မဆန်းပေမဲ့ ဒီတစ်ခေါက်ကတော့အလှူငွေအပြင် စံအိမ်ကြီးကိုပါသန့်စင်ပေးမည့် လူများဖြစ်နေလေတော့သည်။ မိဘမဲ့ဂေဟာက ပုံမှန်ဆိုကလေးများရဲ့အသံနှင့် ဝေဆာနေရမည့်အစားတိတ်ဆိတ်လို့နေသည်မှာကလည်း စဥ်းစားစရာပင်..။
စံအိမ်ကြီးရဲ့မြေညီထပ် ဧည့်ခန်းတွင်ဧည့်သည်တော်နှစ်ယောက်နှင့် ဂေဟာရှင်အမျိုးသမီးနှစ်ဦးတို့ကထိုင်နေကြသည်။ တစ်ဦးက အသက်၆၀ အရွယ် အဖွားအို၊ နောက်တစ်ဦးမှာ လူငယ်အမျိုးသားတစ်ဦးဖြစ်၏။
လူငယ်မှစတင်ပြီး
"ကဲ..ဒီအဖွားနာမည်ကဒေါ်ရှယ်လီအုန်း..ခင်ဗျားတို့မတိုင်ခင်ကနေခဲ့တဲ့သူပေါ့။ အကြားအမြင်နဲ့ပရလောကဆရာမကြီးဆိုလည်းဟုတ်တယ်။ အမတို့နှစ်ယောက်ကြုံနေရတာကိုအဖွားက အဖြေပေးလိမ့်မယ်။ အဖွား ဒါက ဒေါ်နှင်းငွေနဲ့ ဒေါ်မြချစ်၊ ဂေဟာပိုင်ရှင်တွေပေါ့အဖွား။"လူငယ်ကမိတ်ဆက်ပြီးသည်နှင့်ဒေါ်နှင်းငွေကစတင်ကာ..
"အခုလိုအဖွားကိုခေါ်လိုက်ရတာကျွန်မတို့အားနာပါတယ်။ ကျွန်မတို့အတွက်အခုကတော်အခက်တွေ့နေလို့ပါ..။ ကျွန်မတို့ဂေဟာကအခုထူးထူးဆန်းဆန်းတွေဖြစ်နေတယ်..ညညဆိုရင်ဒုတိယထပ် ထောင့်စွန်းခန်းကနေ ဂျာမန်အော်ပရာသီချင်းတွေဆိုသံတွေကြားရတယ်..ပြီး..ပြီးတော့..""သမီးတို့မာဂရတ်နဲ့တွေ့ပြီးကြပြီကို.." ဟုဒေါ်ရှယ်လီအုန်းကစကားဖြတ်ပြောလိုက်သည်။
အဖွားရှယ်လီရဲ့စကားကြောင့် ဂေဟာရှင်အမျိုးသမီးနှစ်ဦးမှာအံ့သြခြင်းအတိဖြစ်သွားခဲ့ရတော့သည်။ မာဂရတ်ဆိုသည်မှာမည်သူနည်းဟူသောမေးခွန်းနှင့်အတူ သိချင်စိတ်များတဖွာဖွာဖြစ်လို့ပင်..။ ဒေါ်ရှယ်လီအုန်းကပြုံးလျက်..
"ကဲပါ..အရင်ဆုံးသမီးတို့ဂေဟာကဖြစ်တဲ့ကိစ္စကိုအဖွားကိုအရင်ပြောပြပါ.."