"အခန်းကကောင်းလှကြီးလားဗျ။ အခန်းပြတင်းပေါက်ဘောင်က သစ်သားအကောင်းသားတွေသုံးထားတာပဲကို။ ပရိဘောကတွေလည်းတော်တော်ကောင်းတာပဲ..အဒေါ်မြချစ်"
"ဟုတ်တယ်..ဝယ်ကတည်းကပါတာပဲမောင်ငယ်။"
ဒေါ်မြချစ်နှင့်လူငယ်လည်းအခန်းတံခါးဖွင့်ပြီး အိမ်အောက်သို့ဆင်းသွားသည်ကိုတော့ မာဂရတ်ကအခန်းထဲမှာကြည့်ပြီးကျန်ခဲ့တော့သည်။ နောက်နှစ်နာရီနီးပါးလောက်ကြာတော့ ဒေါ်ရှယ်လီအုန်းရဲ့ကားဆိုက်လာပြီး လေးယောက်သား အခန်းထဲသို့ စီစဥ်ထားသည့်အတိုင်းအစီအရီဝင်ကာ လူငယ်က ကင်မရာကိုပြင်ပြီး မှတ်တမ်းယူရန်လုပ်သကဲ့သို့၊ ဒေါ်မြချစ်ကိုအိပ်ယာပေါ်တွင်ခြေဆင်းထိုင်စေပြီး ဒေါ်ရှယ်လီအုန်းမှာလည်းဒေါ်မြချစ်ရဲ့ မျက်နှာချင်းဆိုင်တွင်ဖင်ထိုင်ခုံတစ်လုံးယူထိုင်ကာနေရာယူလိုက်သည်။ ဒေါ်နှင်းငွေမှာ အခန်းထဲအလင်းရောင်မဝင်အောင်လိုက်ကာများချပြီး သူ့လက်ထဲအသင့်စောင်ထားသောစာအုပ်နဲ့ဘောပင်တစ်ချောင်းကိုဒေါ်မြချစ်ပေါင်ပေါ်တင်ပေးပြီး အခန်းထောင့်တွင်ရပ်ကြည့်နေတော့သည်။ ဒေါ်ရှယ်လီအုန်းကသူ့အိတ်ထဲမှာ အိပ်ငွေ့ချချိန်သီးလေးကို နီးစပ်ရာစားပွဲပေါ်တင်ပြီး ဒေါ်မြချစ်ရဲ့လက်တွေကိုဆုပ်ကိုင်ကာ..
"မျက်လုံးမှိတ်လိုက်သမီး..။ ချိန်သီးကထွက်နေတဲ့အသံကိုပဲနားထောင်နေ။ သမီးရဲ့စိတ်ကိုလွှတ်ချလိုက်..။"
ထိုနောက်ဒေါ်ရှယ်လီက အင်္ဂလိပ်ဘာသာဖြင့် မာသာဆိုသော ဝိဉာဥ်ကိုဖိတ်ကြားတော့သည်။
ဒေါ်မြချစ်မျက်လုံးမှိတ်ကာ ဒေါ်ရှယ်လီရဲ့လက်ကိုကိုင်ထားပြီးမကြာမီမှာပဲ သူ့ရဲ့လက်တွေကတုန်လာလေတော့သည်။ မျက်လုံးတွေမှိတ်ထားပေမဲ့ ဒေါ်မြချစ်ရဲ့အသက်ရှုသံတွေကအခန်းထဲမှာကျယ်လောင်လို့ပင်။ ဒေါ်မြချစ်ရဲ့လက်ကိုလွှတ်ပေးလိုက်သည်
နှင့် ပေါင်ပေါ်အသင့်တင်ထားသော စာအုပ်ကိုလှန်ပြီး ဘောပင်နှင့်အင်္ဂလိပ်လိုချရေးတော့သည်။ ဒေါ်ရှယ်လီမှာတော့ သူရေးချလိုက်သောစာတွေကိုဖတ်ပြီး သူ့ရဲ့အမေးအ ရေးကိုအင်္ဂလိပ်ဘာသာဖြင့်နှုတ်မှပြန်ဖြေကြားတော့သည်။ ဒေါ်ရှယ်လီလည်း သူစာတစ်ကြောင်းချရေးတိုင်း ပြန်ပြောဖြေကြား လိုက်သည်နှင့်တပြိုင်တည်း မာသာရဲ့ဝိဉာဥ်ပူးကပ်နေသောဒေါ်မြချစ်မှာလည်း အင်္ဂလိပ်လိုပြန်ဖြေကြား ရေးသားတော့သည်..