ဂိုလ်နတ်မင်းကြီး၏ အမွေဆက်ခံသူ နတ်ဘုရား Jeon Jungkook သည် ကောင်းကင်တခွင် နေ့စဉ် စစ်ရထားလုံးဖြင့် လှည့်ပတ်သွားလာနေတတ်သည်။သူသည် အရှေ့မှ အနောက် လှည့်ပတ်သွားလာတတ်ပြီး နတ်ပြည်သူအပေါင်းအား နွေးထွေးမှုတို့ကို ဖြန့်ကျက်ထားပေးသည်။
ထိုသို့နေ့စဉ်သွားလာနေသည့် နတ်ဘုရားကို မြစ်စောင့်နတ်မင်းကြီး၏ သားတော် Kim TaeHyung သည် တစ်ကြိမ်တစ်ခါသာမြင်ရုံနဲ့တင် ချစ်ခင်စုံမက်သွားခဲ့၏။
ကြင်နာတတ်သော နတ်ဘုရားက လူတိုင်းအပေါ်တွင် တရားမျှတပြီး လွတ်လပ်စွာ အုပ်ချုပ်လေ့ရှိပေမဲ့....
ဘုန်းတန်ခိုးကြီးမားသူက သူ့ကို မျိုးနွယ်တူ အမျိုးသားမှ ချစ်ကြိုက်နေသည်ကို သိလိုက်ရသည့်အခါ ...
အချစ်ကြီးပြီး ဖြူစင်လှပသော Kim TaeHyung ကရော သူ့ရဲ့ အလှတရားနဲ့ နတ်ဘုရားကို ဆွဲဆောင်နိုင်ပါ့မလား...
"အရှင့်ရဲ့ မျက်တောင်တခတ်ကစလို့ ခြေလှမ်းလှမ်းပုံ အဆုံး ကျက်သရေ တင့်တယ်နေလိုက်တာ...ယောင်းဖြင့် နေ့စဉ်မြင်နေရက်နဲ့ လွမ်းမိနေပြန်ပါရောလား အရှင်"
______________"သားတော်လေး ~ ဒီနေ့ ညီလာခံမယ် အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ပြီး လာခဲ့ပါနော်။မဟုတ်ရင် ခမည်းတော် နတ်မင်းကြီး စိတ်ဆိုးရပါလိမ့်မယ်"
ထယ်ယောင်းသည် ဘယ်တော့မှ ကြီးလေးသော အဝတ်တန်ဆာတို့ကို မဆင်မြန်းချင်။ပေါ့ပေါ့ပါးပါး ဝတ်ရုံတခုဖြင့်သာ ဟိုဟိုဒီဒီ လျှောက်သွားချင်နေတာ။
"မလာချင်ဘူး...ဒီနေ့ သားတော် သွားစရာရှိနေတယ်။"
မယ်တော်က ထယ်ယောင်းကို အတော်လေး အလိုလိုက်ပေမဲ့ ခမည်းတော်ကို လေးစားပြီး ကြောက်ရသည်။
"နေ့တိုင်းလျှောက်သွားနေတာပဲ သားတော်လေးရယ်။ဒီနေ့က သားတော်ကို ဆောလ်နတ်မင်းကြီးရုစ်ရဲ့ သမီးတော်လေးနဲ့ မိတ်ဆက်ပေးမှာတဲ့။အဲတာကြောင့် မယ်တော့်ကို သေချာမှာထားတာ။မယ်တော် အနေရခက်အောင် မလုပ်ပါနဲ့ သားတော်လေးရယ်။"
ထယ်ယောင်း မယ်တော့်စကားနားမထောင်ချင်။ဒီနေ့လဲ အရှင့်ကို စောင့်ကြည့်ဦးမှာ။အရှင့်ရဲ့ ပြုံးနေတဲ့ မျက်နှာလေးက ထယ်ယောင်းရင်ကို အစဉ်ထာဝရအေးချမ်းစေနိုင်သည်။