-Unicode
"ခါးပိုက်နှိုက် ခါးပိုက်နှိုက်ဖမ်းပေးကြပါ!!!"
အန်တီကြီးတစ်ယောက်၏ ခပ်ကျယ်ကျယ်အော်သံကြောင့် Gyeonggi-do အထိ တကူးတကလာပြီး အမဲစွတ်ပြုတ်သောက်နေသည့် ဆောင်းဟွန်းရင်ထဲခံချင်သွားသည်။
နိုင်ငံခြားသားအများစုနေထိုင်သည့် Gyeonggi-do သည်အေးချမ်းသည်မို့ ခဏတာအနားချင်သဖြင့် ကင်းလှည့်တာဝန်ကို ဒီ province တွင်ယူထားချင်းဖြစ်သည်။ ပထမဆုံးနေ့တွင်ပင် ခါးပိုက်နှိုက်နှင့်တိုးသည်ဆိုတော့ ဆောင်းဟွန်းကိုယ့်ကံကိုအောချလိုက်သည်။
တွေးနေဖို့ အချိန်များများစားစားမရှိ ဆိုင်ရှင်အဒေါ်ကြီးကိုအော်ပြောပြီး ဝမ်တစ်သောင်းတန်တစ်ရွက်ကို စားပွဲပေါ်တင်ကာ ဆိုင်ထဲမှာမှအမြန်ပြေးထွက်ကာ ခါးပိုက်နှိုက်နောက်အမြန်လိုက်ရသည်။
ဈေးခင်းထားသည်တွေ ရှိနေတာတောင် မျက်စိရှေ့ကနေ ဖျတ်ခနဲ ပြေးပြေးသွားသည့် ခါးပိုက်နှိုက်၏ ခြေလျှင်မှုဟာ ဆောင်းဟွန်းလို လေ့ကျင့်ထားသည့်ရဲတစ်ယောက်တောင် အံ့ဩရသည်။ သေးသေးလုံးလုံးလေးဖြစ်နေတဲ့ ထိုခါးပိုက်နှိုက်ကောင်လေး၏ နောက်ကျောပြင်ကို ကြည့်ရုံနှင့်တင် အတော်ငယ်သေးကြောင်းလည်း သိသာသည်။
ဈေးတန်းထဲကထွက်လာပြီး အိမ်တွေရှိသည့်လမ်းကြားငယ်တွေထဲ ရောက်သည်အထိ ထိုကောင်လေးဟာပြေးဆဲ။ ဟောဟောဟဲဟဲဖြစ်နေပြီဖြစ်သည့်တိုင် ဆောင်ဟွန်း မျက်ခြေမပြတ်အောင် လိုက်ရသေးသည်။
စိန်ပြေးတမ်းကစားသလို နာရီဝက်လောက် အမောတကောပြေးခဲ့ကြတော့ နှစ်ယောက်လုံးအတန်မောနေပြီဖြစ်သည်။ လျှင်သည့်ထိုကောင်လေးက လမ်းကြားတစ်ခုထဲဝင်၍မျက်ခြေဖြတ်ဖို့ ကြိုးစားသော်လည်း ကံကမကောင်းလေတော့ ဝင်လိုက်သည့်လမ်းကြားဟာ နောက်တွင်နံရံတစ်ခုပဲရှိတော့သောလမ်းကြား။
ချောင်ပိတ်သွားသောထိုကောင်လေးဟာ ဟူး ခနဲသက်ပြင်းချ၍ သူ့ဖက်လှည့်လာသည်။
ဖက်ဖက်မောနေသော ဆောင်ဟွန်းဟာတော့ ခန္ဓာကိုယ်ကိုကိုင်း၍ လက်နှစ်ဖက်ကိုလည်း ဒူးဆစ်ပေါ်တင်ကာအမောဖြေနေသည်။