မောင် က ကော်ဖီ သိပ်ကြိုက်တာ ၊ကျွန်မ မောင့်အတွက် ကော်ဖီ ဖျော်ပေးရမယ် ။ စာကြည့်ခန်းထဲမှာ ပါဝါမျက်မှန်လေးတစ်လတ် ကို အဖော်ပြုရင်း စာဖတ်နေတဲ့ မောင် က တည်ကြည်လိုက်တာ ။မောင့်ကို မြင်လာရတာ ဆယ်စုနှစ်ထဲရောက်လာပေမဲ့ မရိုးအီသွားတဲ့မြင်ကွင်း ကိုပြောပါဆို မောင် စာဖတ်နေတဲ့ မြင်ကွင်း လို့သာ ဆိုမိမည် ။ မောင့်နားကို ဖြေးညှင်းစွာ တိုးမိရင်း ..
"မောင် ကော်ဖီ သောက်မလား " လို့ ကျွန်မ လည်း မေးမိတယ် ။
"အင်း သောက်မယ်လေ မေ " တဲ့ ။ ကျွန်မက မောင့်ထက် အသက်ငယ် ပါတယ် ၊ ဒါပေမဲ့ တည်ကြည်လွန်းလှတဲ့ မောင့်ကို မောင် လို့သာ ခေါ်မိသလို ။ မောင်ဟာလည်း သူ့ထက် ငယ်တဲ့ ကျွန်မ ကို မေ လို့
ခေါ်တယ် ။ မောင်က ကော်ဖီတောင် espresso ပဲ သောက်တာ ၊ ဒါကြောင့် ကျွန်မ ကိုယ်တိုင် ကော်ဖီဖျော်စက်လေးနဲ့ ဖျော်ရမယ် ။ မောင် က သိပ်အရသာခံတတ်တာ ၊ ကော်ဖီ စက်ကလေးက ကျလာတဲ့ ကော်ဖီစက်တစက်ချင်းဆီကို ကြည့်ရင်း မောင့် အကြောင်း တွေးနေမိတယ် ။ မောင်က တည်ကြည်တယ် ၊ မောင်က လေးနက်တဲ့ အညိုရောင် မျက်ဝန်းလေးတွေရှိတယ် ။ အနုပညာသမားတွေရဲ့
အနုပညာဆန်တဲ့ လက်ချောင်းလေးတွေလည်း မောင့် မှာရှိတယ် ။ မောင်က အဖြူရောင်လေးတွေနဲ့သိပ် လိုက်တယ် ။ မောင့် အကြောင်း တွေးရင်းနဲ့ပဲ မောင် သောက်မဲ့ ကော်ဖီခွက်လေးထဲကို အညိုရောင် သကြား တစ်ထုပ် ထည့်လိုက်ရင်း မောင်သာ မရှိရင် ဖြစ်မည့် ကျွန်မနှလုံးသားလို ကြေမွသွားသည့် အထိ မွှေလိုက်တယ် ။ ဟော ကော်ဖီ ကတော့ ရပြီ မောင် ၊ မောင် သိပ်ကြိုက်တဲ့ Croissant လေးနှစ်ခု ပါ ယူလာလိုက်မယ် ။ မောင် က မနက်စာ ကို အထွေးအထူစားတတ်တဲ့ လူမဟုတ်ဘူး espresso ၊ croissant နဲ့ သူ့သောက်နေကြ စီးကရက် (IQOS Heet ) ရယ် ရှိရင် ဖြစ်ပြီး ။ မောင့် ကို စီးကရက် ဖြတ်ခိုင်းချင်မိပေမဲ့ သူ့အရှိန်နဲ့ သူထိန်းနိုင်တဲ့ မောင့်ကို မေ ယုံတယ် မောင် ဆိုတဲ့စကား နဲ့သာ ကျွန်မလည်း မောင့် စိတ်အာရုံကို ထိန်းထားမိတယ် ။"ကော်ဖီရပြီမောင်" လို့ ပြောရင်း မောင့် စာကြည့်စားပွဲပေါ်မှာ တင်ပေးလိုက်တယ် ။ မောင့် မျက်နှာ ကို နေရိပ်လေး ကျနေတာ မြင်တော့ ချက်ချင်းဆိုသလို
ကျွန်မဟာ နေမင်းကြီးနဲ့ စစ်ခင်းချင်လာတယ် ၊ ဒါပေမဲ့ အခန်းတွင်း လိုက်ကာလေးကိုသာ ပိတ်ပေးလိုက်ရင်း အဲလ်ကွန်းလေ နည်းနည်းမြင့်ပေး
လိုက်ရင်း မောင့် ကို ပါရမီ ဖြည့်ပေးလိုက်တယ် ။
ဟော နေ လည်း အတော် ပူထားတာ ဖြစ်တဲ့အတွက် လျော်ထားတဲ့ မောင့် ရဲ့ ကုတ်အင်္ကျီ လေးတွေနဲ့ ရှပ်အင်္ကျီ လေးတွေ ခြောက်ရောပေါ့ ၊ အချိန်ရှိခိုက်
လူကြားထဲ ထွက်ရတဲ့မောင် ၊ လူအများရဲ့အကြည့်ကို များစွာ ခံယူရတဲ့ မောင်ဖို့ မောင့်အဝတ်တွေ မေ မီးပူထိုးနေမိတယ် ။ မီးပူထိုးနေရင်း မောင် သာ ဒီကုတ်လေးဝတ်ရင် ဘယ်လို ခန့်ညားလွန်းကြောင်း တွေးရင်း မေ ဟာ ပီတိဖြာလျှက်ပေါ့မောင် ။ နာရီပိုင်းလောက်ကြာတော့ မောင်နဲ့မေ ညနေစာ အတွက် ပြင်ဆင် ချက်ပြုတ်ဖို့အချိန်ရောက်လာတယ် ၊ မောင်နဲ့မေဟာ ကြီးပျင်းခဲ့တဲ့ ပတ်ဝန်းကျင်ဟာလည်း မတူတဲ့အတွက် အစားအသောက်အကြိုက်တွေဟာလည်း ကွာခြားလွန်းတယ် ။ မောင်က အီတဲ့အစားအစာ နဲ့ခေါက်ဆွဲတွေ ဆိုသိပ်ကြိုက်သလို ၊ ကျွန်မဟာလည်း ထမင်းနဲ့ဟင်းကိုသာ အားပါးတရ လွေး ချင်မိသူ ။ ဒါပေမဲ့ နှစ်ယောက်တစ်အိမ်ထောင်ထူထောင်ပြီးတဲ့အခါမှာ မေ ဟာ ခေါက်ဆွဲလည်းကြိုက်တတ်လာသလို မောင့်အကြိုက် ဟင်းလေးတွေလည်း မေ လက်နဲ့ ချက်မှ မေ ကိုယ်တိုင် ပြင်ဆင်ပေးရမှ အရသာရှိတယ်မြင်လာတဲ့မောင့် အတွက် အခုဆို မေ ဟာ ပိုင်ပိုင်နိုင်နိုင် မောင့် အတွက် ချက်ပြုတ်လာနိုင်ပြီ ။ နှစ်ယောက်သား အတူ ညနေစာ ချက်ပြုတ် ပြင်ဆင်ရတဲ့ အချိန်ဟာ မောင့်ရဲ့ အားလပ်ရက်တနေ့တာမှာ အကြိုက်ဆုံး လို့ပြောတိုင်း ကျွန်မ မောင့်ကို အချစ်ပိုမိတယ် ။ ညနေစာ စားရင်း မောင်ဟာ တစ်ပတ်တာလုံး သူရဲ့ ကိစ္စ အဝဝ ကို ကျွန်မကို ပြန်ပြောပြလေ့ရှိတယ် ၊ ကျွန်မ လည်း ရယ်စရာပါရင် မောင့်ကို ငေးလျှက် ရယ်မိသလို အူတိုစရာပါရင်လည်း ဟွန်း ဆိုပြီး မျက်စောင်းလေးထိုးလျှက် အူတိုနေစဲပေ့ါ ။ အရာရာမှာ မောင်က မေ့ထက် ဉာဏ်ပညာပိုများလွန်းသူမို့ အကြံဉာဏ် မပေးတတ်ပေမဲ့ မောင် ဟာ မေ့ လက်ကို ဆွဲရင်း မေ မသိတဲ့ မေ့ရဲ့ အစွမ်းအစတွေကို မြင်အောင် ကူညီပေးခဲ့တဲ့အတွက် အခုဆို မောင့် အလုပ်ကိစ္စတွေကိုပါ မေ အကူညီပေးနိုင်ပြီ ။ မောင်ဟာ မေ ရဲ့ မျကိစိ ၊မေရဲ့ နား နဲ့ မေ့ရဲ့ နှလုံးသား ပါ မောင် ။ ညနေစာ စားပြီးတိုင်း ပန်းကန်ကတော့ အလှည့်ကျ တာဝန်ခွဲယူထားတဲ့အတွက် ဒီနေ့အဖို့ မောင် ဆေးရပြီ ။ ထမင်း စားပွဲမှာ ထိုင်ရင်း ပန်းကန်ဆေးနေတဲ့မောင် ကိုကြည့်ရင်း တွေးမိတယ် ...."မောင့် လို အမျိုးသမီးမျိုး ၊ မောင့် လို လက်တွဲဖော် မျိုး ရတာ မေ သိပ်ကံကောင်းတာပဲ " လို့လေ ။
ည ရောက်ပြီ ၊ မောင်ဟာ ကုတင်ပေါ်မှာ ထိုင်လျှက် စာအုပ်ဖတ်နေတယ် ။ ကျွန်မကတော့ ဘေးထိုင်ခုံမှာထိုင်ရင်း မောင့် အလုပ်အိတ်ကို လိုတာတွေ ထည့်ပေးနေမိတယ် ။ မောင် စားဖို့ သကြားလုံး လေးတွေ နဲ့ မောင် မေ့လေ့မေ့ထရှိတဲ့ မျက်မှန်သုတ်ပုဝါ လေးတွေကို စီစီရင်ရင် ထည့်ပေးနေမိတယ် ။ ထို့နောက် ကျွန်မလည်း ကုတင်ပေါ်မှာ မောမော နဲ့ လှဲမိတော့ ကျွန်မ ဘေးမှာ စာအုပ်ဖတ်နေတဲ့ မောင့် ကို ကြည့်မိတယ် ။
မောင့် နှုတ်ခမ်း ပါးလေးတွေက ချစ်ဖို့ကောင်းလိုက်တာ မောင်ရယ် ၊ မောင် က ကျွန်မ ကို ပြုံးလျှက် ပြန် ကြည့်ရင်း ။"အကြည့်တွေ လျော့ပါဦးကွာ ၊ရှက်လာပြီ " တဲ့ ။ မောင် ရှက်ရင် မျက်နှာလေး နီလာသလို သူ့လက်မ
လေးကိုလည်း ရှက်ရှက်နဲ့ ကိုက်လေ့ရှိတယ် ။ တည်ကြည်လွန်းတဲ့ မောင့်ရဲ့ကလေးဆန်တဲ့အချက်ပေါ့လေ ။"ချစ်ဖို့ကောင်းလို့ " လို့ ကျွန်မ လည်းပြောမိတယ် ။
"မောင် "
"ပြောလေ မေ ......."
"မောင်ဟာ အခုထိ မေ့ရင်ထဲမှာ လိပ်ပြာလေးတွေ ပျံဝဲအောင် လုပ်နေတုန်း ၊ မောင့် အကြည့်တွေကို ရင်ခုန်နေမိတုန်း ။ မောင့် လက်လေးတွေကို ထိချင်နေမိတုန်း " လို့ ကျွန်မ လည်း ချစ်စကားဆိုမိတယ် ။
မောင်က သူ ဝတ်ထားတဲ့ မျက်မှန် ကို ပြုံးလျှက် ချွတ်လိုက်ရင်း ဘေးစားပွဲပေါ် တင်လိုက်တယ် ။ ပြီးတော့ စားပွဲပေါ်က မီးအိမ်လေးကို ပိတ်လိုက်တော့ ကျွန်မ တို့အခန်းထဲမှာ လိပ်ပြာလေးတွေ ပျံဝဲ လို့သွားတော့တယ် ။
SeongMartinez
4:00
YOU ARE READING
-မောင်-
Poetryမောင်ဟာ ကျွန်မရဲ့မျက်စိ ၊ကျွန်မရဲ့ နား နဲ့ ကျွန်မရဲ့နှလုံးသားပါ မောင်